အစားထိုးတတ်တဲ့ ဖြစ်ပျက်

အစားထိုးတတ်တဲ့ ဖြစ်ပျက်

ကျွန်တော် ဒီနေ့ မိတ်ဆွေတို့ကို ရှင်းပြချင်တာက အစားထိုးတတ်တဲ့ ဖြစ်ပျက် ဆိုတဲ့ သဘောတရားပါ။ ဒါဟာ ဝိပဿနာရဲ့ အခြေခံမှာ အလွန်အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ အများစုက ဖြစ်ပျက်ဆိုတဲ့ စကားလုံးကို ကြားရင် ဒြပ်ဝတ္ထုတွေ ပျက်စီးသွားတာလို၊ အပျက်ကို မျက်စိနဲ့ တွေ့ချင်မြင်ချင်နေကြပါတယ်။ ဒါပေမယ့် ပရမတ်သဘာဝရဲ့ ဖြစ်ပျက် ဆိုတာ အဲဒီလို မဟုတ်ပါဘူး။

ဟုတွာအဘာဝတော – ဖြစ်ပြီးလျှင် မရှိတော့ခြင်း

ပါဠိမှာ “ ဟုတွာအဘာဝတော” လို့ ဆိုပါတယ်။ ဒါရဲ့ အဓိပ္ပာယ်က ဖြစ်ပြီးလျှင် မရှိတော့ခြင်း ဖြစ်ပါတယ်။ သတိထားစရာက “ ပျက်တယ်” လို့ မဟုတ်ဘဲ “ မရှိတော့ဘူး” လို့ ပြောတာပါ။ ဒီနေရာမှာ ကျွန်တော်တို့ အများအားဖြင့် နားမလည်ကြ၊ သဘောမပေါက်ကြပါဘူး။ ဖြစ်ပျက်လို့ ဆိုလိုက်တော့ အပျက်ကို တွေ့ချင်ကြတယ်။ ဒြပ်၊ ဝတ္ထု၊ ပစ္စည်းများလို ပျက်စီးသွားသောအခါ အပျက်ကို တွေ့ရမှ ဘဝင်ကျ၊ ကျေနပ်ကြတာပါ။ အပျက်လို့ ပြောပြီး အပျက်ကို မတွေ့ရသောအခါ ဘဝင်မကျ၊ သဘောမပေါက်တော့ပါဘူး။

ကျွန်တော် ဥပမာတစ်ခု ပေးချင်ပါတယ်။ မိတ်ဆွေတို့ ကားစီးတယ်၊ ဆိုင်ကယ်စီးတယ် ဆိုပါစို့။ လမ်းဘေးမှာ သစ်ပင်တွေ၊ အိမ်တွေ၊ လူတွေ ကျော်သွားတယ်။ အဲဒီ ကျော်သွားသမျှတဲ့ အာရုံတွေက မိတ်ဆွေတို့ရဲ့ ဓမ္မာရုံ ထဲမှာ ကျန်ခဲ့လား။ ပြန်ကြည့်လိုက်ပါ။ ဘာမှမကျန်ဘူး။ အဲဒါ အနိစ္စ မြင်တာ ပါပဲ။ ဒါပေမယ့် “ ဒါလေး လှလိုက်တာ” ဆိုပြီး ဆွဲလမ်းလိုက်ရင် ကိုယ့်ထဲမှာ ကျန်ခဲ့ပြီ။ အဲဒါဆိုရင်တော့ အနိစ္စ မဟုတ်တော့ဘူး၊ နိစ္စ ဖြစ်သွားပြီ

ပစ္စယတော ဥဒယဗ္ဗယ – အကြောင်းအားဖြင့် ဖြစ်ပျက်ရှုနည်း

ကျွန်တော်တို့ ခဏတော ဥဒယဗ္ဗယ (ခဏအားဖြင့် ဖြစ်ပျက်ရှုနည်း) ကို မြင်ဖို့ ခက်ပါတယ်။ သတိ၊ သမာဓိ၊ ပညာ အတော်လိုပါတယ်။ ဒါပေမယ့် ပစ္စယတော ဥဒယဗ္ဗယ (အကြောင်းအားဖြင့် ဖြစ်ပျက်ရှုနည်း) ကိုတော့ ပိုပြီး နားလည်လွယ်ပါတယ်။ အကြောင်းတိုက်ဆိုင်လျှင် ဖြစ်ပေါ်၏။ အကြောင်းကင်းသည်နှင့် မရှိတော့ချေ။ ဒီအတိုင်းစ၍ နှလုံးသွင်းလျှင် နားလည်နိုင်ပါတယ်။

ကျွန်တော် ထပ်ရှင်းပြပါမယ်။ မျက်စိနဲ့ မြင်တယ်ဆိုပါစို့။ စက္ခုဝိညာဏ် ဖြစ်တယ်။ အဲဒီ မြင်တဲ့ ဝိညာဏ်က အဆင်းရုပ် ကို မြင်ရုံမျှပါပဲ။ မြင်စိတ်က အဆင်းရုပ်ရဲ့ ဖြစ်ပျက်ကို မသိနိုင်ပါဘူး။ ဒါပေမယ့် “ မြင်တယ်” လို့ သတိနဲ့ ရှုမှတ်တဲ့ ဉာဏ် ကတော့ မြင်စိတ်ရဲ့ ဖြစ်ပျက် ကို သိနိုင်ပါတယ်။ မြင်စိတ်ရဲ့ ဖြစ်ပျက်ကို သိရင် အဲဒီစိတ်က ယူတဲ့ အာရုံရဲ့ ဖြစ်ပုံပျက်ပုံ ကိုလည်း သုတ္တန်ဒေသနာနည်းအရ သိတယ်လို့ ဆိုရပါတယ်။

အစားထိုးနေတဲ့ သဘာဝ

အရေးကြီးတာက လောကဆိုတာ ရုပ်တွေ နာမ်တွေ တစ်ခုပြီးတစ်ခု အစားထိုးနေတာ ပါပဲ။ အကြောင်းတိုက်ဆိုင်လို့ ဖြစ်ပေါ်သည်နှင့်တပြိုင်နက် ဖြစ်တဲ့နေရာမှာ ချုပ်ပျောက်ပါတယ်။ အကြောင်းမကင်းသ၍ အသစ်အသစ် ဖြစ်ပေါ်မှုတွေနှင့် အစားထိုးနေသောကြောင့် ဆက်တိုက်ပျက်နေတာကို မျက်မြင်အနေဖြင့် မမြင်တွေ့နိုင်ခြင်း ဖြစ်ပါတယ်။ အစားထိုးနေတာက မြန်လွန်းလို့ ပျက်နေတယ်လို့ မထင်ရတာပါ။

ရုပ်နာမ်ချုပ်ရင်လည်း နိဗ္ဗာန်အစားထိုးတယ်။ ပြတ်တယ်၊ စဲတယ်လည်း မရှိဘူး။ ခိုင်တယ်၊ မြဲတယ်လည်း မရှိဘူး။ အစားထိုးနေကြတာ ပါ။ ဒီတော့ အတ္တဒိဋ္ဌိ လည်း ပြုတ်ပြီပေါ့။ ဒီလို သိသွားရင် ဝိပဿနာဉာဏ် နဲ့ တဒင်္ဂပြုတ် တယ်။ ဉာဏ်ရင့်လာရင် မဂ်ဉာဏ် နဲ့ အပြီးပြုတ် ပါတယ်။

ရှေ့စိတ် နောက်စိတ် နဲ့ အစားထိုးမှု

ကျွန်တော် အလွန်အရေးကြီးတဲ့ အချက်တစ်ခု ရှင်းပြချင်ပါတယ်။ ရှေ့စိတ်မှာ ဖြစ်တဲ့ ကံကုသိုလ် စေတနာကို နောက်စိတ်က သတိပြုမိရင် ဉာဏ်ကုသိုလ် ဖြစ်ပါတယ်။ ဉာဏ်ကုသိုလ်ဖြစ်ရင် ကံကုသိုလ်ကို စွန့်ပါတယ်။ ဒီတစ်လုံးဟာ အရေးကြီးပါတယ်။ ကံကို ဉာဏ်က စွန့်တယ်

ဘာဖြစ်လို့လဲဆိုတော့ ရှေ့စိတ် ကံကုသိုလ် ချုပ်သွားပြီး နောက်စိတ် ဉာဏ်ကုသိုလ် လည်း ဖြစ်လိုက်ရော ကံကို သိမ်းပိုက်တဲ့ တဏှာ စွန့်လိုက် တယ်။ ကံကို သိမ်းပိုက်တဲ့ တဏှာ စွန့်မှတော့ ကံရဲ့ အကျိုးဖြစ်တဲ့ နာမ်ရုပ်တွေလည်း မဖြစ်တော့ ဘူး။ နာမ်ရုပ်မရှိရင် ဘာမှမရှိတာ မဟုတ်ဘူး။ နိဗ္ဗာန် အစားထိုး တယ်။

ဥပါဒါန်ပြုတ်ရန် အတွက်

ဖြစ်ပျက်နဲ့ နှလုံးသွင်းသည်ဖြစ်စေ၊ လက္ခဏာ နဲ့ နှလုံးသွင်းသည်ဖြစ်စေ၊ သုညတ နဲ့ နှလုံးသွင်းသည်ဖြစ်စေ၊ ၄င်းတို့သည် ဥပါဒါန်ပြုတ်ရန် အတွက်သာ ဖြစ်ပါတယ်။ ဥပါဒါန်ဆိုသော သမုဒယကို ပယ်နေခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် နှလုံးသွင်းမှုသည် မဂ္ဂင်တရား ဖြစ်နေ၏။ သစ္စာနှင့် ယှဉ်၍ နှလုံးသွင်းနေ၏။

ကျွန်တော် ပြောချင်တာက ကိုယ့်ထဲမှာ ပြီးသမျှတွေက ဘာမှမကျန်ဘူး ဆိုတာကို မြင်အောင် ကြည့်ရတာပါ။ ဝိပဿနာဆိုတာ ကိုယ့်ထဲမှာ ကြည့်ရတာ။ ကိုယ့်အတွင်း အာရုံကို ကြည့်ရတာ။ အဇ္ဈတ္တကို ရှုရတာ။ ကိုယ့်ထဲမှာ ဘာမှမကျန်ခဲ့ဘူး။ အဲဒါ အနိစ္စ။ အဲဒီ အနိစ္စ မြင်မှ စွဲလမ်းမှု မရှိမှ၊ ဥပါဒါန် ပြုတ်မှ ဟိုဘက်က ကံမဖြစ် မှာ။ ကံမဖြစ်ရင် ဘာဖြစ်လဲ။ နောက်ဘဝ နောက်ခန္ဓာ မဖြစ်ဘူးပေါ့။ အဲဒါ နိရောဓ ပဲ။ ဝိပဿနာ ဒါပဲ

ပီတိ နဲ့ ဥပက္ကိလေသာ

တချို့ ယောဂီတွေက အိပ်ရာဝင်ချိန် ဝင်လေထွက်လေမှ ထိသော ကာယဝိညာဉ် ထိသိကို ရှေ့စိတ် နောက်စိတ်ဖြင့် သတိထူထောင်နေရင်း စိတ်တွင် ၁၅ မိနစ်၊ ၂၀ မိနစ်ကျော်တွင် ထိမှုအစဉ်ကို သိသော သတိသာ ရှိသည်ဟု သတိဖြင့် သိနေချိန်တွင် ကိုယ်ခန္ဓာ အထည်သဘော ပျောက်၍ အကြောင်းအကျိုးသာ ရှိသည်ဟု အနတ္တသဘောကို ဉာဏ်ဖြင့် ဆင်ခြင်မိချိန် တွင် ပီတိစိတ်များ တစ်ဖွားဖွား ဖြစ်ပေါ်လာတယ်လို့ မေးလာကြပါတယ်။

ကျွန်တော် ရှင်းပြချင်တာက ဒါလေးတွေက သီအိုရီအရဆိုရင် ဥပက္ကိလေသာ ပါ။ ဥဒယဗ္ဗယ ဝင်ရင် ဥပက္ကိလေသာ လာတာ ပဲ။ ဒီ ပီတိတွေက ဥပက္ကိလေသာ တွေပဲ။ ပီတိကတော့ တားတာမဟုတ်ဘူး။ ပီတိကလည်း ဖြစ်ပြီးပျက်တာ ပဲ။ ဒါပေမယ့် အဲဒီ ပီတိလေးကို နိကန္တိ ပြန်တွယ်တာ။ ပြန်တွယ်တော့ ဥပက္ကိလေသာ ဖြစ်နေပြီဥပါဒါန်က သိပ်ဆိုးတာ။ တွယ်လို့ရတဲ့နေရာ ကောက်တွယ်တာပဲ။

Beyond Time and Place – အချိန်နဲ့ နေရာကို လွန်မြောက်ခြင်း

ကျွန်တော် နောက်ဆုံး အလွန်အရေးကြီးတဲ့ အချက်တစ်ခု ပြောချင်ပါတယ်။ ရုပ်တွေ နာမ်တွေက ဖြစ်တိုင်း ပျက်နေတော့၊ ဒီရုပ်တွေ နာမ်တွေ ဖြစ်တိုင်း ပျက်တဲ့ ရုပ်နဲ့ နာမ်ကို နေရာသွားပေးလို့ ကြည့်လို့ ရသေးလား။ ဒီနေရာလို့ ပြောလိုက်တဲ့ အချိန်မှာ အဲဒီရုပ်က မရှိတော့ ဘူး။ ဖြစ်ပျက် ပေါ့နော်။ ဖြစ်ပျက် မြင်သွားရင်လည်း ဘာဖြစ်သွားလဲ၊ Time and Place ကျော်သွားတာပဲ

ဖြစ်ပြီး ပျက်တာ၊ အဲဒါကို အချိန်မှ မရှိတော့ဘဲ၊ ဖြစ်ပြီး ပျက်တဲ့ အတွက် သူ့ကို ဘယ်လောက်ကြာတယ်လို့လည်း ပြောလို့ ပြလို့လည်း မရတော့ဘူး၊ ဖြစ်တိုင်း ပျက်နေတာ။ အဲတော့ ဖြစ်တိုင်း ပျက်နေတော့ ပြလို့ မရတော့ နေရာတွေ အချိန်တွေကို လွန်သွားပြန်ရော။ နီးတာ ဝေးတာ မရှိရင်၊ နီးတာ ဝေးတာ ဆိုတာ Place။ နီးတာ ဝေးတာ မရှိရင် ကြာတာတွေ၊ မကြာတာတွေလည်း မရှိတော့ဘူး၊ မြန်တာတွေလည်း မရှိတော့ဘူး။ အဲဒါဆို Place မရှိရင် Time မရှိဘူး။ အဲဒါဆို Beyond Place and Time ပြီးသွားတာပဲ။ လောကကို လွန်မြောက်တဲ့ အမြင်တစ်ခု ရသွားတာပဲ။

ဒါကတော့ လောကုတ္တရာပါပဲ။ ကျွန်တော် အလွန်နှစ်သက်တာက Beyond Time and Place ပါ။ ဒါဟာ လောကကို လွန်မြောက်တဲ့ အမြင်ပါပဲ။

အခြေခံကနေ စတင်ရခြင်း

ကျွန်တော်တို့ အများဖြင့် သေရင် ဘယ်လို သေရမှာလဲ ဆိုတာ တွေးပူကြတယ်။ အခု နေရင် ဘယ်လို နေရမှာလဲ ထိ လက်တွေ့ကျကျ စဉ်းစားဖို့ အားနည်းကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဒီ ဘဝရဲ့ ထွက်မြောက်ရာ ရှုထောင့် Dimension ကပဲ ကြည့်ကြလို့။ မြတ်စွာဘုရား ဟောကြားတာတွေက အမြင့်ဆုံး ရှုထောင့်၊ သဗ္ဗညုတဉာဏ်ကြီးနဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရှုထောင့်ကနေ စဉ်းစားတဲ့အတွက် ကျွန်တော်တို့အတွက် တော်တော် အလှမ်းဝေးပါတယ်။

ဒါကြောင့် နေနည်း သိအောင် ကြိုးစားရမယ်။ နေနည်း သိသွားလို့ ရှိရင် သေနည်းက ပူစရာ မလိုဘူး၊ သေတတ်မယ်။ ဘဝနေနည်း။ ကျွန်တော်တို့ နေရတာက ဘဝထဲမှာ နေရတုန်းဘဝနေနည်းလောက်ကို ရရင် ကျွန်တော်တို့ တော်တော် အဆင်ပြေတာ။ ဘုရားကို တအား ကျေးဇူးတင်တာ

နိဂုံး

ကျွန်တော် အဓိက ပြောချင်တာက အစားထိုးတတ်တဲ့ ဖြစ်ပျက် ဆိုတာ ရုပ်နာမ်တွေ တစ်ခုပြီးတစ်ခု အစားထိုးနေတာ ကို နားလည်ဖို့ပါ။ ပါရမီအလိုက် ဉာဏ်တွင် ပရမတ်တရားတို့သည် ထင်ရှားစွာ ဖြစ်ပေါ်လာ ပေမည်။ ထို့နောက် ဉာဏ်ရင့်သန်လာသောအခါ ပရမတ်တရားတို့၏ သဘာဝလက္ခဏာများ၊ သာမညလက္ခဏာများ ထင်ရှားလာပြီး ဝိပဿနာဉာဏ်များ ရင့်သန်ပြီး အကြောင်းတရားတို့နှင့် ပြည့်စုံညီညွတ်သောအခါ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခွင့်ရပေမည်။

ကိုယ့်အလိုကင်းပြီး သူ့အလိုအတိုင်း သူ့သဘောသူဆောင်တာကို မြင်နိုင်လေသည်။ ဒါကတော့ ဥပေက္ခာဖြစ်ရန် ဥပါဒါန်ပြုတ်ရပေမည်။ ဥပါဒါန်ပြုတ်မှသာ ဥပေက္ခာဖြစ်၏။ ဥပေက္ခာဖြစ်မှ ကိုယ့်အလိုကင်းပြီး သူ့အလိုအတိုင်း သူ့သဘောသူဆောင်တာကို မြင်နိုင်လေသည်။

ကျွန်တော် မိတ်ဆွေတို့ကို တိုက်တွန်းချင်တာက ထိပြီးရင် မရှိတာကို ကြည့်။ အဲဒါ ဖြစ်ပျက်ပဲ။ ဒီလို နားလည်မှ အစားထိုးတတ်တဲ့ ဖြစ်ပျက် ရဲ့ သဘောတရားကို တကယ် သိမြင်နိုင်မှာ ဖြစ်ပါတယ်။

Dr. Soe Lwin (Mandalay)

မှတ်ချက်ရေးပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်