ပဋိစ္စသမုပ္ပါဒ်

ပဋိစ္စသမုပ္ပါဒ် – အကြောင်းအကျိုးဆက်နွယ်မှု၏ နက်နဲသောတရား

ပဋိစ္စသမုပ္ပါဒ်သည် ဝိပဿနာအလုပ်တွင် မသိမဖြစ် အလွန်အရေးကြီးသော ဒေသနာတော်ပင် ဖြစ်ပါသည်။ ဤတရားသည် ဘဝသံသရာ အကြောင်းအကျိုးပင် ဖြစ်ကာ သမုတိနယ်မှ ပရမတ်နယ်သို့ကူးရာတွင်၄င်း၊ သစ္စာနယ်သို့ ဝင်ရာတွင်၄င်း မဖြစ်မနေ နားလည်ရမည့် တရားမြတ်ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ်ကို နားလည်လျှင် သံသရာလည်ပုံကို၄င်း၊ သံသရာပြတ်ပုံကို၄င်း သိမြင်နိုင်ပါမည်။

ပဋိစ္စသမုပ္ပါဒ်၏ နက်နဲခြင်းလေးရပ်

ပဋိစ္စသမုပ္ပါဒ်သည် အကျိုး (အနက်) အားဖြင့်လည်းကောင်း၊ အကြောင်း (ဓမ္မ) အားဖြင့်လည်းကောင်း၊ ဟောစဉ် (ဒေသနာ) အားဖြင့်လည်းကောင်း၊ ထိုးထွင်းသိမြင်အပ်သော (ပဋိဝေဓ) အားဖြင့်လည်းကောင်း နက်နဲလှပေသည်။ ဇရာမရဏသည် ဇာတိကြောင့် မဖြစ်သည်မဟုတ်၊ ဇာတိနှင့် ကင်း၍ တပါးသော အကြောင်းကြောင့် ဖြစ်သည်လည်း မဟုတ်၊ စင်စစ်အားဖြင့် ဇာတိကြောင့်သာလျှင် ဖြစ်၏။ ဇရာမရဏ၏ ဇာတိကြောင့် တမျိုးတည်း ဖြစ်ပေါ်လာခြင်း သဘောကို သိနိုင်ခဲ၏။ ထို့ကြောင့် ဇရာမရဏ၏ ဇာတိကြောင့် တမျိုးတည်း ဖြစ်ပေါ်လာခြင်း သဘောသည် အတ္ထဂမ္ဘီရတာဂုဏ်ဖြင့် နက်နဲလှပေသည်။

အဝိဇ္ဇာအကြောင်းတရားက ထိုထိုသင်္ခါရအကျိုးတရား တို့အား ကျေးဇူးပြုရာ၌ ကျေးဇူးပြုပုံ အခြင်းအရာနှင့် ကျေးဇူးပြုရာ အခိုက်အတန့်ကို သိနိုင်ခဲ၏။ ထို့ကြောင့် အဝိဇ္ဇာ၏သင်္ခါရတရား တို့အား ကျေးဇူးပြုတတ်သော သဘောသည် ဓမ္မဂမ္ဘီရတာဂုဏ်နှင့် ပြည့်စုံပေသည်။ ဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ်ကို ဝေနေယျ သတ္တဝါတို့၏ အသိဉာဏ်အား လျော်စွာ အကြောင်းအမျိုးမျိုး၊ အခြင်းအရာအဖုံဖုံ နည်းမျိုးစုံအောင် ဟောကြားတော်မူခဲ့သောကြောင့် ဒေသနာဂမ္ဘီရတာဂုဏ်ဖြင့် နက်နဲပေသည်။

ပဋိစ္စသမုပ္ပါဒ် အင်္ဂါဆယ့်နှစ်ပါး

အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ – မသိမှုနှင့် အားထုတ်သောကြောင့် ကုသိုလ်ကံ၊ အကုသိုလ်ကံဖြစ်၏။ သင်္ခါရ ပစ္စယာ ဝိညာဏံ – ကုသိုလ်၊ အကုသိုလ်ကံကြောင့် သိမှု ဝိညာဏ် ဖြစ်၏။ ဝိညာဏ ပစ္စယာ နာမရူပံ – ဝိညာဏ်ကြောင့် နာမ်ရုပ် (ဝေဒနာ၊ သညာ၊ သင်္ခါရနှင့် ဝတ္ထုရုပ်)တို့ဖြစ်၏။ နာမရူပ ပစ္စယာ သဠာယတနံ – နာမ်ရုပ်ကြောင့် အာယတန (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော) ဖြစ်၏။ သဠာယတန ပစ္စယာ ဖဿာ – အာယတနကြောင့် တွေ့ထိမှု ဖဿဖြစ်၏။ ဖဿ ပစ္စယာ ဝေဒနာ – ဖဿကြောင့် ခံစားမှု ဝေဒနာဖြစ်၏။ ဝေဒနာ ပစ္စယာ တဏှာ – ဝေဒနာကြောင့် တွယ်တာမှု တဏှာဖြစ်၏။ တဏှာ ပစ္စယာ ဥပါဒါနံ – တဏှာကြောင့် စွဲလမ်းမှု ဥပါဒါန်ဖြစ်၏။ ဥပါဒါန ပစ္စယာ ဘဝေါ – ဥပါဒါန်ကြောင့် (ကုသိုလ်၊ အကုသိုလ်) ကမ္မဘဝ ဖြစ်၏။ ဘဝ ပစ္စယာ ဇာတိ – ကံကြောင့် နောက်ဘဝ၊ နောက်ခန္ဓာ ဖြစ်၏။ ဇာတိ ပစ္စယာ ဇရာ မရဏ – ဇာတိကြောင့် ဇရာ (အိုခြင်း)၊ မရဏ (သေခြင်း)ဖြစ်၏။

အကြောင်းအကျိုး သုံးဘဝ ခွဲခြမ်းစိတ်ဖြာခြင်း

ပဋိစ္စသမုပ္ပါဒ်တွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ သုံးပိုင်းခွဲထား၏။ အတိတ်က ကံကြောင့် ပစ္စုပ္ပန်တွင် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေးဆိုသော ခန္ဓာငါးပါးတို့ ဖြစ်ပေါ်နေရသည်။ ပစ္စုပ္ပန်ဖြစ်သော ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာသည် သုတ္တန်နည်းဖြင့် ခန္ဓာငါးပါး ဖြစ်သည်။ မြင်ရာတွင် ဖြစ်သော ခန္ဓာငါးပါးအပေါ်မှာ နှစ်သက်မှု တဏှာ၊ စွဲလမ်းမှု ဥပါဒါန်တို့ ဖြစ်လျှင်ကုသိုလ်၊ အကုသိုလ်ကံများ ဖြစ်ပေါ်ရသည်။ ကံဖြစ်သောအခါ အနာဂတ်ဘဝအတွက် အကြောင်းတရားတို့ ဖြစ်ပေါ်၏။

ပဋိစ္စသမုပ္ပါဒ်ကို အကြောင်းအကျိုးအားဖြင့် ပိုင်းခြားလျှင် အဝိဇ္ဇာ၊ သင်္ခါရသည် အတိတ်အကြောင်း (သမုဒယသစ္စာ)ဖြစ်၍ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာသည် ပစ္စုပ္ပန်အကျိုး (ဒုက္ခသစ္စာ)ဖြစ်သည်။ တစ်ဖန် တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝသည် ပစ္စုပ္ပန်အကြောင်း (သမုဒယသစ္စာ)ဖြစ်ပြန်၍ ဇာတိ၊ ဇရာ၊ မရဏသည် အနာဂတ်အကျိုး (ဒုက္ခသစ္စာ) ဖြစ်ပြန်သည်။ ဤသို့အကြောင်းတစ်လှည့်၊ အကျိုးတစ်လှည့် ဖြစ်ပေါ်နေခြင်းဖြင့် အကြောင်းအကျိုး သံသရာသည် မဆုံးနိုင်တော့ချေ။

ပဋိစ္စသမုပ္ပါဒ်နှင့် အနတ္တသဘာဝ

ပဋိစ္စသမုပ္ပါဒ်သည် ပရမတ် အကြောင်းအကျိုး ဆိုသည့် အနတ္တသဘာဝ ဖြစ်သည်။ သမုတိ အကြောင်းအကျိုးနှင့် လုံးဝမတူပါ။ အတွင်းရုပ်နှင့် အပြင်ရုပ် နှစ်ပါးတို့ ထိခိုက်မှုကို အစွဲပြု၍ စိတ်ဖြစ်ပေါ်မှုကို ပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဆို၏။ မထိခိုက်မီ (ရှေးအခါ၌)လည်း စိတ်သည် ရှိနေသည်မဟုတ်၊ (ထိခိုက်ဆဲ ခဏမှာမှ ဖြစ်ပေါ်လာမှု) သက်သက် သာတည်းဟု သိသောဉာဏ်ကို ပဋိစ္စသမုပ္ပါဒ်ဉာဏ်ဟုခေါ်၏။

ဥပမာ – မီးခြစ်နှင့်ကျောက် ထိခိုက်မီသောအခါ မီးပွင့်ဖြစ်ရာ၌ ထိုမီးပွင့်သည် မီးခြစ်ထဲမှာလည်း ရှိနေသည်မဟုတ်၊ ကျောက်ခဲထဲမှာ လည်းရှိနေသည်မဟုတ်၊ ထိခိုက်ဆဲခဏမှာသာ ဖြစ်ပေါ်လာသော အာဂန္တုကဓမ္မသက်သက်သာ ဖြစ်၏။ ဝတ္ထုအချင်းချင်းထိခိုက်မှုဖြင့် အသံဓာတ် ဖြစ်ပေါ်ရာ၌လည်း အသံဓာတ်သည် အာဂန္တုကဓမ္မ သက်သက်သာဖြစ်၏။ ဖဿ ဓာတ်၏ထိခိုက်မှုကြောင့် ခံစားမှု ဝေဒနာသည်လည်း အာဂန္တုကဓမ္မသက်သက်မျှသာ ဖြစ်ပေါ်နေသော ပဋိစ္စသမုပ္ပါဒ်ဖြစ်၏။ ထိုသို့ ပဋိစ္စသမုပ္ပါဒ် အချက်ကို ပိုင်ပိုင်မြင်နိုင်မှ အနိစ္စ၊ အနတ္တလက္ခဏာကို ထင်မြင်နိုင်၏။

ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နှလုံးသွင်းခြင်း

ဥပါဒါနပစ္စယာ ဘဝေါ ကို အဓိပ္ပာယ်ဖွင့်လျှင် ဥပါဒါန်ကြောင့် ကမ္မဘဝ ဖြစ်၏။ စွဲလမ်းမှုကြောင့် ကိုယ့်အလိုအတိုင်း ပြီးမြောက်အောင် ကာယ၊ ဝစီ၊ မနောတို့ဖြင့် အားထုတ်ကြ၏။ ထိုသို့ အားထုတ်မှုကြောင့် ကုသိုလ်၊ အကုသိုလ်ကံများ ဖြစ်ပေါ်ရလေသည်။ စွဲလမ်းမှု ဥပါဒါန်ကြောင့် ကုသိုလ်၊ အကုသိုလ်ကံများ ဖြစ်ပေါ်နေသည်ကို မိမိကိုယ်တိုင် သိမြင်အောင် နှလုံးသွင်းနိုင်ရပေမည်။ ထိုကံများသည် အကြောင်းညီညွတ် ပြည့်စုံပါက နောက်ဘဝ နောက်ခန္ဓာတို့ကို ဖြစ်ပေါ်စေသည်။

ထို့ကြောင့် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေးတို့အပေါ်တွင် ဥပါဒါန် ကပ်မကပ်ကို သတိထား နှလုံးသွင်းရပေမည်။ ဥပါဒါန်ကပ်ပါက ကုသိုလ်၊ အကုသိုလ်ကံများ ဖြစ်ပေါ်လာကြ၍ ဥပါဒါန် မကပ်ပါက မနောကံတောင် မဖြစ်ပေါ်နိုင်ကြောင်းကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်နိုင်ပေမည်။ ထမင်းနဲ့ ဟင်း စားကြည့်ပါ။ ထမင်းပေါ်မှာ ဥပါဒါန်မကပ်ရင် မနောထဲမှာ ဘာမှမဖြစ်ပါဘူး။ ဟင်းကျ ကောင်းလိုက်တာ မကောင်းဘူးတွေ။ ဟင်းပေါ်မှာ ဥပါဒါန်ကပ်တယ်။ ပါးစပ်ထဲမှာ ဟင်းနဲ့ ထမင်း တစ်ချိန် တစ်ပြိုင်တည်း ဝါးနေတာတောင်မှ ဥပါဒါန်မကပ်တဲ့ ထမင်းပေါ်မှာ မနောကံတောင် မဖြစ်ဘူး။ ဥပါဒါန်ကပ်တဲ့ ဟင်းပေါ်မှာပဲ မနောကံဖြစ်တာ။ ဒါကြောင့် ဥပါဒါန်ရှိမှ မနောကံ ဖြစ်တယ်ဆိုတာ ဒီလိုတွေ သေချာ သိလာမှာပါ။

နာမရူပပရိစ္ဆေဒနှင့် ပစ္စယပရိဂ္ဂဟဉာဏ်

ဤသို့ ဥပါဒါနပစ္စယာ ကမ္မဘဝကို ခန္ဓာဉာဏ်ရောက်အနေဖြင့် မိမိ၏ မြင်ကြား နံစား ထိတွေး ခန္ဓာမှာ ကိုယ်တိုင်သိမြင်အောင် နှလုံးသွင်းနိုင်မှသာ အကြောင်းကို သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိနိုင်ပေမည်။ ထိုအခါ ကုသိုလ်၊ အကုသိုလ်ကံတို့ကို ငါလုပ်တယ်ဟု မယူတော့ဘဲ ဥပါဒါန်ကြောင့် ဖြစ်ပေါ်နေသည်ကို ဓမ္မသဘောအတိုင်း သိမြင်သွားလေသည်။

ရုပ်နာမ်တို့ကို ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးအားဖြင့် ဝေဖန်သုံးသပ်သောအခါ အကြောင်းကင်းသော ရုပ်နာမ်ဟူ၍မရှိ။ အကြောင်းရုပ်နာမ်ကြောင့် အကျိုးရုပ်နာမ်တို့သာ ဖြစ်ပေါ်နေကြခြင်း ဖြစ်၍ ထိုထိုရုပ်နာမ်တို့ကို စီမံဖန်တီးတတ်သော အတ္တကောင်ဟူ၍ မရှိဟု ဆုံးဖြတ် သိမြင်နိုင်ကုန်၏။ လက္ခဏာနည်း – သင်္ခတ ပရမတ်တရားတို့၏ အပျက်ကိုသိမြင် ခြင်းဖြစ်၏။ အပျက်ကိုမြင်သဖြင့် အနိစ္စကိုလည်းသိ၏၊ ဒုက္ခကိုလည်း သိ၏၊ အနတ္တကိုလည်းသိ၏။

ပဋိစ္စသမုပ္ပါဒ်နှင့် မဂ္ဂင်ရှစ်ပါး

ဝိပဿနာအရာတွင် အကျိုးတရားသည် ဒုက္ခသစ္စာထိုက်သည့် နာမ်ရုပ်ဖြစ်၍ နာမရူပပရိစ္ဆေဒ အပိုင်း ဖြစ်သည်။ အကြောင်းတရားသည် သမုဒယသစ္စာထိုက်သည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် ဖြစ်၍ ပစ္စယပရိဂ္ဂဟ အပိုင်း ဖြစ်ပါသည်။ သမ္မာဒိဋ္ဌိသည် ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးဟူသော ဒုက္ခသစ္စာကို ထိုးထွင်း သိမြင်သော၊ အကြောင်းအကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား ဟူသော သမုဒယသစ္စာကို ထိုးထွင်း သိမြင်သော၊ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာတို့ ချုပ်ငြိမ်းရာ နိရောဓသစ္စာကို ထိုးထွင်းသိမြင်သော၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကို ထိုးထွင်းသိမြင်သော ဉာဏ်သည် သမ္မာဒိဋ္ဌိတည်း။

သမ္မာသင်္ကပ္ပသည် ရုပ်နာမ်ဟူသော ဒုက္ခသစ္စာတရား၊ ပဋိစ္စသမုပ္ပါဒ်ဟူသော သမုဒယသစ္စာတရားတို့ကို သင်္ခါရတရားဟု ခေါ်ဆို၏။ ဤသမ္မာဒိဋ္ဌိဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ရုပ်နာမ်-အကြောင်းအကျိုး-သင်္ခါရ အာရုံ ပေါ်သို့ စိတ်ကို ရှေ့ရှု တင်ပေးခြင်းသဘောကား သမ္မာသင်္ကပ္ပတည်း။ သမ္မာဝါယာမသည် သမ္မာဒိဋ္ဌိဉာဏ်နှင့်ယှဉ်လျက် ရုပ်နာမ်-အကြောင်းအကျိုး ပဋိစ္စသမုပ္ပါဒ် ဆက်နွယ်မှုသဘောကို သိအောင် ကြိုးစားအားထုတ်မှုကား သမ္မာဝါယာမ တည်း။ သမ္မာသတိသည် ရုပ်နာမ်-အကြောင်းအကျိုး ပဋိစ္စသမုပ္ပါဒ်တရားတို့ကို အထပ်ထပ် အဖန်ဖန် သိမ်းဆည်း ရှုပွား အောက်မေ့နေမှုကား သမ္မာသတိတည်း။ သမ္မာသမာဓိသည် ရုပ်နာမ်-အကြောင်းအကျိုး ပဋိစ္စသမုပ္ပါဒ်အာရုံပေါ်၌ စိတ် တည်ကြည်နေမှုကား သမ္မာသမာဓိတည်း။

ပဋိစ္စသမုပ္ပါဒ် လည်ခြင်းနှင့် ရပ်ခြင်း

အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ သည် အဝိဇ္ဇာအကြောင်း ဖြစ်၍ သင်္ခါရအကျိုး ဖြစ်သောကြောင့် သံသရာလည်ခြင်း ဖြစ်သည်။ အဝိဇ္ဇာ နိရောဓါ သင်္ခါရ နိရောဓော သည် လည်း အဝိဇ္ဇာ အကြောင်းချုပ်၍ သင်္ခါရ အကျိုးချုပ်သောကြောင့် သံသရာရပ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ် လည်ခြင်းကို သိမှသာ သမုဒယသစ္စာကို လည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ် ရပ်ခြင်းကို သိမှသာ နိရောဓသစ္စာကို လည်းကောင်း သိမြင်နိုင်ပေမည်။

ဝိပဿနာ၏ အခြေခံသဘော တရားဖြစ်သော မြင်ရာတွင် နှစ်သက်မှု တဏှာ၊ စွဲလမ်းမှု ဥပါဒါန် မရှိလျှင် ကံ မဖြစ်ချေ။ ကံအကြောင်း တရား မရှိပါက အနာဂတ် ဇာတိ၊ ဇရာ မရဏ ချုပ်ငြိမ်း၏။ ထိုအခါ မြင်ရာတွင် လောဘ၊ ဒေါသ၊ မောဟငြိမ်း၏။ ထို့အတူ ကြားရာ၊ နံရာ၊ စားရာ၊ ထိရာ၊ တွေးရာတို့မှာလည်း ကိလေသာ ငြိမ်းလေတော့သည်။ ထိုအခါ ပဋိစ္စသမုပ္ပါဒ် မလည်တော့ဘဲ ရပ်၏။ ထို့ပြင် မြင်ရာ၊ ကြားရာ၊ နံရာ၊ စားရာ၊ ထိရာ၊ တွေးရာတို့မှာလည်း အကြောင်းတိုက် ဆိုင်၍ ဖြစ်ပေါ်လာသော ခန္ဓာငါးပါးတို့အပေါ်တွင် တဏှာ၊ ဥပါဒါန်ဖြင့် မစွဲလမ်းပါက လောဘ၊ ဒေါသ၊ မောဟ ဆိုသော ကိလေသာတရား ဆိုးများ ချုပ်ငြိမ်းကာ ပဋိစ္စသမုပ္ပါဒ်ရပ်ပြီး သံသရာပြတ်လေတော့သည်။

နိဂုံး

ပဋိစ္စသမုပ္ပါဒ်ကို ကောင်းစွာ နားလည်သိမြင်ခြင်းသည် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကို ကိုယ်ပိုင်သိခွင့်ရစေပါသည်။ ဤဉာဏ်နှစ်ပါးသည် ဝိပဿနာအလုပ်တွင် အခြေခံဉာဏ်နှစ်ပါး ဖြစ်ပါသည်။ မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေးတို့တွင် ရုပ်နာမ်၊ ကြောင်းကျိုးတို့ကို သိမ်းဆည်းခြင်းအားဖြင့် ဤဉာဏ်နှစ်ပါးကို ရရှိနိုင်ပေမည်။ ထိုအခါ ဒုက္ခသစ္စာ ဖြစ်သော အကျိုးခန္ဓာနှင့် သမုဒယသစ္စာ ဖြစ်သော အကြောင်းခန္ဓာ တို့ကို မဂ္ဂသစ္စာဖြင့် ဝေဖန်ပိုင်းခြား သိမြင်အောင် ဦးစွာ စတင်၍ နှလုံးသွင်း အားထုတ်ရပေမည်။ ယင်းကဲ့သို့ ဝေဖန်ပိုင်းခြားခြင်း သည်ပင် ဗုဒ္ဓဘုရားရှင်၏ ဝိဘဇ္ဇဝါဒ ဖြစ်ပါသည်။

ဤသို့ ပဋိစ္စသမုပ္ပါဒ်ကို သေချာစွာ နားလည်သိမြင်၍ လက်တွေ့ ကိုယ့်ခန္ဓာတွင် နှလုံးသွင်းနိုင်မှသာလျှင် နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်မည့် လမ်းစဉ်ကို ရှင်းလင်းစွာ သိမြင်နိုင်ပါမည်။ ပဋိစ္စသမုပ္ပါဒ်သည် မြတ်စွာဘုရားရှင်တို့မှတစ်ပါး မဟောကြားနိုင်ကြကုန်သော နက်နဲလှသည့် တရားမြတ်ပင် ဖြစ်ပါသည်။

Dr. Soe Lwin (Mandalay)

မှတ်ချက်ရေးပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်