အဝိဇ္ဇာပစ္စယာ သင်္ခါရာ ကို နားလည်အောင် ရှင်းလင်းခြင်း
ကျွန်တော် ဒီနေ့ ရှင်းပြချင်တာက အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးရဲ့ အဖွင့်စာတစ်ကြောင်းပါ။ မြတ်စွာဘုရားက ဒီစကားတစ်ကြောင်းတည်းနဲ့ပဲ အချုပ်ကို ဟောလိုက်တာပါ။ အဝိဇ္ဇာရှိနေသမျှ သင်္ခါရဆိုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေ ဖြစ်နေရတယ် ဆိုတာပါပဲ။ ဒီတော့ သင်္ခါရဆိုတာ စေတနာ ပါပဲ။ မြတ်စွာဘုရားက “ စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ” လို့ ဟောခဲ့ပါတယ်။ စေတနာဆိုတာ ကံလို့ ဆိုပါတယ်။
အဝိဇ္ဇာဆိုတာ ဘာလဲ
အဝိဇ္ဇာ ဆိုတာ သစ္စာလေးပါးကို မသိခြင်း ပါပဲ။ ဝိသုဒ္ဓိမဂ်မှာ ရှင်းပြထားတာက ဒုက္ခသစ္စာကို မသိခြင်း၊ သမုဒယသစ္စာကို မသိခြင်း၊ နိရောဓသစ္စာကို မသိခြင်း၊ မဂ္ဂသစ္စာကို မသိခြင်း ဆိုပြီး လေးပါးရှိပါတယ်။ သစ္စာလေးပါးဆိုတာ အမှန်တရားတွေပါ။ လောကမှာ ရွှေ၊ ပတ္တမြားတွေ ရှိနေပေမဲ့ မြေကြီးက ဖုံးထားသလိုပဲ အဝိဇ္ဇာက သစ္စာလေးပါးကို ဖုံးထားတယ်။ ဒုက္ခသစ္စာပေါ်မှာ ဖုံးထားတဲ့အဝိဇ္ဇာရှိတယ်၊ သမုဒယသစ္စာပေါ်မှာ ဖုံးထားတဲ့အဝိဇ္ဇာရှိတယ်၊ နိရောဓသစ္စာပေါ်မှာ ဖုံးထားတဲ့အဝိဇ္ဇာရှိတယ်၊ မဂ္ဂသစ္စာပေါ်မှာ ဖုံးထားတဲ့အဝိဇ္ဇာရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဝိဇ္ဇာတွေ ရှိတယ်ဆိုတာကို မသိနိုင်ဘူး။ ဖုံးထားတဲ့အဖုံးကို မတွေ့နိုင်ဘူး။
အဝိဇ္ဇာကြောင့် သင်္ခါရတွေ ဖြစ်ပုံ
အဝိဇ္ဇာကို မပယ်သေးသောသူ သည် ဒုက္ခသစ္စာ သံသရာဆင်းရဲကို မသိခြင်းကြောင့် “ ချမ်းသာ” ဟု ထင်မှတ်သော သုခသညာ ဖြင့် ထိုဆင်းရဲကိုပင် သင်္ခါရ တို့ဖြင့် အားထုတ်ပါတယ်။ သမုဒယသစ္စာ၌ မသိခြင်းကြောင့် ဒုက္ခ၏အကြောင်းဖြစ်သော တဏှာအငွေ့အသက် ရှိသော သင်္ခါရတို့ကို “ သုခရကြောင်း” ဟု ထင်မှတ်လျက် အားထုတ်မှုပြုကုန်ပါတယ်။ ထို့ပြင် နိရောဓသစ္စာ ကို၎င်း၊ မဂ္ဂသစ္စာ ကို၎င်း မသိခြင်းကြောင့် ဒုက္ခချုပ်ရာ မဟုတ်သော်လည်း ဗြဟ္မပြည်စသော ဂတိထူး၌ ဒုက္ခချုပ်ရာဟု အမှတ်ရှိသည်ဖြစ်၍၎င်း၊ ဒုက္ခချုပ်ရာရောက်ကြောင်း အကျင့်လမ်းမှန် မဟုတ်သော်လည်း ယဇ်ပူဇော်ခြင်းစသည်တို့၌ ဒုက္ခချုပ်ရာရောက်ကြောင်း အကျင့်လမ်းဟု အမှတ်ရှိသည်ဖြစ်၍၎င်း ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနဉ္ဇာဘိသင်္ခါရ တို့ကို အားထုတ်မှုပြုကြကုန်ပါတယ်။
သင်္ခါရသုံးမျိုး
ပုညာဘိသင်္ခါရ ဆိုတာ ကာမာဝစရဖြစ်သော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်စေတနာ တွေနဲ့ ရူပါဝစရ ကုသိုလ်စေတနာ တွေပါ။ အပုညာဘိသင်္ခါရ ဆိုတာ ကာမာဝစရ အကုသိုလ်စေတနာ ပါ။ အာနေဉ္ဇာဘိသင်္ခါရ ဆိုတာ အရူပါဝစရ ကုသိုလ်စေတနာ ပါ။ ဒါတွေအားလုံးက အဝိဇ္ဇာပါနေတဲ့ကံ တွေပါပဲ။
နောက်တစ်မျိုး ခွဲရင် ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ မနောသင်္ခါရ လို့ ခွဲပါတယ်။ ကာယကံ၊ ဝစီကံ၊ မနောကံ နဲ့ စေတနာ တွေချည်းပဲ ကံတွေချည်းပဲဆိုတာ နားလည်ဖို့ အရေးကြီးပါတယ်။
အဝိဇ္ဇာနဲ့ တဏှာ – မူလနှစ်ပါး
အဝိဇ္ဇာနဲ့ တဏှာက မူလနှစ်ပါး ပါ။ တဏှာက နောက်ကနေ ချော့မြှူသွေးဆောင်၊ အဝိဇ္ဇာက အာရုံကို ဖုံးလွှမ်း တယ်။ မျက်စိကို မဖွင့်နဲ့၊ ဖွင့်ရင် ဝိညာဏ်၊ နာမ်ရုပ် ပဲ မြင်မှာပေါ့၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ မကူးနဲ့ဆိုတာ အဝိဇ္ဇာမရောက်ရင် တဏှာ ဘယ့်နှယ်ကူးမတုန်း။ အဝိဇ္ဇာနဲ့တဏှာ မူလနှစ်ပါးကြီး ရှိနေတော့ မလုပ်ဘဲ နေပါ့မလား။ မူလနှစ်ပါးက ရေသောက်မြစ်ကြီး ကိုယ့်ထဲမှာရှိနေတယ်။
ဘဝဆိုတာ ကံပါပဲ
စာရေးဆရာတွေက ဘဝဆိုတဲ့အဓိပ္ပါယ်ကို စိတ်ကူးယဉ်ပြီး ရေးကြတယ်ပေါ့။ ဖွဲ့နွဲ့ကြတာ မပြီးနိုင်တော့ဘူး။ ဘဝဆိုတာ ကုသိုလ် အကုသိုလ်ကံပါပဲ။ အဝိဇ္ဇာပစ္စယာ သင်္ခါရာကို ဘဝ လို့ မသိခဲ့ဘူး။ ဘဝမှာ ကျွန်တော်တို့အားလုံး ကောင်းတာတွေ လုပ်နေကြသလို မကောင်းတာတွေလည်း လုပ်နေကြတယ်။ အဲဒါ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ပဲ။ ပုဂ္ဂိုလ်အနေနဲ့ကြည့်မယ်ဆိုရင် လူတွေက ကောင်းတာတွေလည်း လုပ်ကြတယ်။ မကောင်းတာတွေလည်း လုပ်ကြတယ်။ ဘဝထဲမှာ ကောင်းတာ မကောင်းတာတွေ ဒွန်တွဲနေတယ်လို့ ပြောကြတယ်။
တကယ်တမ်းအားဖြင့် ဘဝမှာ လုပ်သမျှတွေ အဝိဇ္ဇာပစ္စယာ သင်္ခါရာ တွေပဲ ဖြစ်နေတာပါ။ ကုသိုလ်ကံ၊ အကုသိုလ်ကံ သာ ကွာပါတယ်။ နာမ်ရုပ်တွေရကြတာတော့ အတူတူပါ။ နာမ်ရုပ်တွေရရင် ဇာတိ တွေ ရဦးမှာပါ။ ဇာတိရှိရင် ဇရာမရဏ တွေ ကြုံဦးမှာပါ။ ဇာတိရသမျှတော့ မလွဲမသွေ သေကြရဦးမှာပါ။ မွေးတိုင်းသေရတဲ့ ဘေးဆိုးက မလွတ်နိုင်ပါ။
ကံကုသိုလ်နဲ့ ဉာဏ်ကုသိုလ် ခွဲခြားခြင်း
ဒါကြောင့် ဘုရားကို ရွှေချတဲ့နေရာမှာ မြင်လိုက်တာနဲ့ “ ရွှေ” လို့သိနေတာ အဝိဇ္ဇာ ပဲ။ မျက်စိနဲ့မြင်တာက အရောင်ပဲမြင်ရတာ။ သတိ မရှိတော့ နောက်စိတ်မနောမှာ “ ရွှေ” ဖြစ်နေပြီ။ မြင်ရတဲ့အရောင်က ရှေ့စိတ်၊ ရွှေလို့သိတာက နောက်စိတ်။ ရွှေလို့သိတဲ့အပြင် ရွှေပေါ်မှာ တန်ဖိုးရှိနေတယ်၊ အနှစ်သာရဖြစ်နေတယ်၊ လောကအနေနဲ့ကောင်းပါတယ်။ ကံကုသိုလ်ရပေမဲ့ မြင်ရင် မြင်တဲ့အတိုင်း အရောင်လို့သိတဲ့ သတိ မရှိတော့ အဝိဇ္ဇာ အဖုံးက လက်ဦးသွားပြီး အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဖြစ်နေပြန်ရော၊ သံသရာလည်မဲ့ အဝိဇ္ဇာနယ်ကကို လွတ်အောင် မရုန်းနိုင်ဘူး ဖြစ်နေတယ်။
မြတ်စွာဘုရားကို ရွှေမချရဘူးလားလို့ မေးနိုင်ပါတယ်။ အမှန်က အဝိဇ္ဇာလွတ်အောင် မြတ်စွာဘုရားက ဟောကြားသွန်သင်ဆုံးမခဲ့တာပါ။ ဒါကို ကျေးဇူးတင်လို့ ဘုရားကို ရွှေသင်္ကန်းကပ်ပြီး ပူဇော်ရမှာပါ။ ရွှေချတဲ့အပေါ်မှာ အဝိဇ္ဇာလွတ်တဲ့ဉာဏ် ပါရမယ်။ အဝိဇ္ဇာနဲ့ဘုရားကို ရွှေချပြီး ဆုတောင်းကန်တော့နေရင် ပဋိစ္စသမုပ္ပါဒ်လည်နေတာ ပါပဲ။
ဝိပဿနာနဲ့ အဝိဇ္ဇာပယ်ခြင်း
ဝိပဿနာတရားအားထုတ်တယ်ဆိုတာ အဝိဇ္ဇာပယ်ဖို့ ပါ။ လယ်တီဆရာတော်ဘုရားကြီးက ပဋိစ္စသမုပ္ပါဒ်ဒီပနီမှာ မြတ်စွာဘုရားသာသနာနဲ့ကြုံရတာ အဝိဇ္ဇာပယ်ဖို့ ပဲလို့ ဆိုပါတယ်။ အဝိဇ္ဇာချုပ်တာ နိဗ္ဗာန် လို့တောင် ရေးသွားတယ်။ ဆရာတော်ကြီးက အဝိဇ္ဇာချုပ်ရင် နိဗ္ဗာန်ရောက်တာပဲ တဲ့။
ရှေ့စိတ်ပြီးနောက်စိတ်မှာ သတိတစ်လုံး လုပ်လိုက်တာနဲ့ ကိလေသာ လာသေးလား။ တဒင်္ဂကိလေသာချုပ်ရင် တဒင်္ဂနိဗ္ဗာန် ပဲလေ။ တဒင်္ဂအဝိဇ္ဇာလည်း မချုပ်ဘူးလား။ ရှေ့စိတ်ကို ရုပ်နာမ်လို့သိတဲ့အတွက် အဝိဇ္ဇာ ရှိသေးလား။ နောက်စိတ်မှာ သတိရှိတော့ တဏှာလာသေးလား။ အဲဒီတော့ သတိရှိလိုက်တာနဲ့ အဝိဇ္ဇာလည်း ချုပ်ပြီးသား၊ တဏှာလည်း ပယ်ပြီးသား ဆိုတော့ အဝိဇ္ဇာနဲ့တဏှာချုပ်မှတော့ ပဋိစ္စသမုပ္ပါဒ်လည်း ရပ်နေပြီ ပေါ့။
ဝိပဿနာက ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးကို လည်ခိုင်းပြီးတော့မှ ဖြတ်ခိုင်းတာမဟုတ်ဘူး။ ရှေ့စိတ်ပြီးနောက်စိတ် သတိနေလိုက်တာနဲ့ အဝိဇ္ဇာလည်းချုပ်၊ တဏှာလည်းပယ်တယ်။ အဲဒီနားကို ကျွန်တော်တို့က မသိဘူးဖြစ်နေတာ။ နောက်သတိတော့လိုက်တယ်။ အဝိဇ္ဇာချုပ်တာ ဘယ်လိုချုပ်မှန်းလည်း မသိဘူး။ တဏှာဘယ်လိုပယ်မှန်းလည်း မသိဘဲနဲ့ ဘယ်ကတရားကရမှာလဲ။ ကျွန်တော်တို့က ဉာဏ်မှမဖြစ်တာ။ နောက်က သတိရှိဦး။ ဉာဏ်မဖြစ်သေးဘူး။ ဉာဏ်ဖြစ်မှ ကိလေသာတွေကို ပယ်နိုင်တာ။ သစ္စာလေးပါးကို သိတာ။ အဝိဇ္ဇာပယ်လိုက်မှလည်း ရုပ်နာမ်ဒုက္ခသစ္စာ ကို ပိုင်းခြားသိတယ်။ တဏှာချုပ်တာ ပယ်လိုက်တာကို သိမှပဲ သမုဒယသစ္စာ ကို ပယ်တာလည်းသိတယ်။ ဒီသတိတစ်လုံးရှိလိုက်တာနဲ့ တဏှာချုပ်ရာ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာ ကိုလည်း သိတယ်။ အဲဒီ ပွားများတဲ့ဟာလည်း ဘာပဲဆိုတော့ သတိကိုပဲ ပွားများရမှာပဲဆိုတော့ မဂ္ဂသစ္စာ လည်း မသိဘူးလား။ အဲဒါ ဉာဏ်ဖြစ်မှ သစ္စာလေးပါးကို သိတာ လေ။ ပြီးပြီလေ။ ဉာဏ်ဖြစ်ရင် သစ္စာလေးပါးကိုသိရင် နိဗ္ဗာန်ရောက်တာပဲ လေ။
နိဂုံး
ဘယ်နားမှာတုန်းဆိုတော့ ရှေ့စိတ်နောက်စိတ်မှာပဲ ရှိတာ။ ဘယ်နားမှမရှိဘူး။ အဲဒီထက် ကျော်သွားရင် အဲဒါတွေ ဘာမှမရှိတော့ဘူး။ ဒါကြောင့် သတိ၊ ဝီရိယ၊ သမာဓိ ဘာဝနာအစွမ်း ပြည့်စုံမှ အနိစ္စသညာ၊ အနတ္တသညာ၊ ဒုက္ခသညာ တွေ ဖြစ်လာမှာပါ။ ဘာဝနာအစွမ်းမရှိရင် ပုဂ္ဂိုလ်သတ္တဝါအယူ ယူထားတော့ နိစ္စ၊ သုခ၊ အတ္တ ပဲဖြစ်နေမှာပေါ့။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဆိုတာ သဘာဝတရားကြီး ပဲ။ မွေးလာကတည်းက အဝိဇ္ဇာနဲ့ ပြောကြ ဆိုကြ လုပ်ကြ ကိုင်ကြတာကိုက သဘာဝပဲ။ ကျွန်တော်တို့ စမှားတာက အဝိဇ္ဇာဆိုတဲ့အသိမှားက စမှားတာ။ မှားမှန်းကို မသိဘူး။ အခု ဘုရားပွင့်မှ သိရတာ။ ဒီတော့ စေတနာလေးကို သတိနဲ့ကောက်တတ်ဖို့ အရေးကြီးပါတယ်။ အမှန်က ပဋိစ္စသမုပ္ပါဒ်ကြီးရဲ့ အစဖြစ်တဲ့ အဝိဇ္ဇာပါးအောင် သင်တာပါပဲ။ ဘုရား၊ ရဟန္တာတို့ တရားရသွားတာ ဒီအဝိဇ္ဇာတစ်လုံးချုပ်လိုက်တာနဲ့ သင်္ခါရလည်းချုပ်တယ်။ အဝိဇ္ဇာချုပ်လိုက်တာနဲ့ ပဋိစ္စသမုပ္ပါဒ်က အကုန်ချုပ်ရောလေ။ ပြီးနေပြီ။
