ဖဿ (Phassa) – အာရုံကို ထိတွေ့နှလုံးသွင်းခြင်း၏ သဘောသဘာဝ
ယနေ့ ကျွန်တော် ရှင်းပြချင်တဲ့ အကြောင်းအရာက ဖဿ (Phassa) ဆိုတဲ့ နာမ်ခန္ဓာတစ်ပါးပဲ ဖြစ်ပါတယ်။ ဒီ ဖဿရဲ့ သဘောသဘာဝက တော်တော်လေး နက်နဲပြီးတော့ သိပ်မွေ့တဲ့ တရားတစ်ပါး ဖြစ်ပါတယ်။ ကျွန်တော်တို့ သာမန်လူတွေအနေနဲ့ ဖဿကို နားလည်ဖို့က တော်တော်ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖဿဆိုတာ မျက်စိနဲ့အဆင်း တိုက်တာ၊ နားနဲ့အသံ တိုက်တာလို့ ရိုးရိုးသက်သက် Contact လို့ပဲ ကျွန်တော်တို့ အထင်မှားတတ်ကြလို့ပါ။ အမှန်တော့ ဖဿဆိုတာ ဒီလို မဟုတ်ပါဘူး။
ဖဿ၏ အစစ်အမှန်သဘောသဘာဝ
ဖဿ (Phassa) ဆိုတာ ဝိညာဏ်ပေါ်လာတဲ့အခါ ပေါ်လာတဲ့ နာမ်တရားတစ်ပါး ဖြစ်ပါတယ်။ မျက်စိနဲ့အဆင်းနဲ့ တိုက်တဲ့အခါ မြင်သိစိတ် (စက္ခုဝိညာဏ်) ပေါ်ပါတယ်။ နားနဲ့အသံ တိုက်တဲ့အခါ ကြားသိစိတ် (သောတဝိညာဏ်) ပေါ်ပါတယ်။ ဒါပေမယ့် ဒီ ဝိညာဏ်တွေက အာရုံကို သိကာမျှ အမှုအရာပဲ ဖြစ်ပါတယ်။ အပြင်ကအာရုံတွေကို အတွင်းကို ယူပေးလိုက်တာပဲ ဖြစ်ပါတယ်။ အာရုံအဖြစ် ပြောင်းလဲပေးလိုက်တာပါ။ မိုက်ခရိုဖုန်း (Mike) က အသံကို လျှပ်စစ်ဓာတ်အဖြစ် ပြောင်းပေးသလို၊ ဝိညာဏ်က အပြင်က ရုပ်သံ နံ့ရသာ ထိအာရုံတွေကို စိတ်ထဲမှာ အာရုံအဖြစ် ပြောင်းပေးလိုက်တာပါ။
အဲဒီ အာရုံဖြစ်ရောက်သွားတဲ့အခါ မနောစိတ်မှာ ထိုအာရုံကို ထိတွေ့နှလုံးသွင်းတဲ့ သဘောက ဖဿ ဖြစ်ပါတယ်။ ဝိသုဒ္ဓိမဂ်မှာ ရှင်းပြထားတဲ့အတိုင်း မျက်စိ၊ အဆင်၊ မြင်သိစိတ် ဟူသော တရားသုံးပါးတို့ ပေါင်းဆုံတွေ့ထိခြင်းသဘောသည် ဖဿတည်း။ ဒါပေမယ့် ဒီ တွေ့ထိမှုက အပေါ်ယံ မြင်ရုံမျှမဟုတ်ပါဘူး။ အာရုံ၏အရသာကို ထိထိဝင်ဝင် တွေ့ထိမှု ဖြစ်ပါတယ်။
လယ်တီဆရာတော်ဘုရားကြီး၏ ဥပမာ
လယ်တီဆရာတော်ဘုရားကြီးက ဒီ ဖဿရဲ့ သဘောသဘာဝကို အရမ်းကောင်းတဲ့ ဥပမာတစ်ခုနဲ့ ရှင်းပြထားပါတယ်။ ကြံချောင်းကို ကြိတ်စက်နဲ့ ကြိတ်ချေတဲ့အခါ ကြံရည်ထွက်လာသလို၊ အာရုံ၏အရသာကို ဖဿက ဖိနှိပ်ကြိတ်ဝါးပြီး ဆွဲထုတ်လိုက်တာ (Extract) ဖြစ်ပါတယ်။ ကြံရည်မထွက်မချင်း ကျွန်တော်တို့ လျှာနဲ့ ကြံကို သွားလျှက်ကြည့်လိုက်ရင် ဘာအရသာမှ မရှိပါဘူး။ ကြံရည်ထွက်မှ အရသာရှိလာတာပါ။ အဲဒီလိုပဲ ဖဿက အာရုံထဲက ရသဓာတ်ကို ညှစ်ထုတ်လိုက်တာ၊ ဆွဲထုတ်လိုက်တာပါ။ အဲဒီ ရသဓာတ်ထွက်မှ ဝေဒနာက ခံစားလို့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖဿပစ္စယာ ဝေဒနာ လို့ ဒေသနာတော်မှာ ဆိုထားတာပါ။
ဖဿ၏ အရေးပါမှုနှင့် ပညာ၏ အခန်းကဏ္ဍ
ဒီ ဖဿနေရာမှာ ပညာဝင်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လောကမှာ သညာက လွှမ်းမိုးနေတဲ့အတွက် ပညာမရှိတဲ့လူတွေက သညာပေးတဲ့အတိုင်းပဲ နှလုံးသွင်းမိကြပါတယ်။ ဥပမာ ဘီလူးမသည် နတ်သမီးယောင်ဆောင်ပြီး လူသားကို စားဖို့ ကြိုးစားတယ်လို့ ဆိုပါစို့။ မျက်စိနဲ့မြင်ရင်တော့ နတ်သမီးပဲ မြင်မှာပါ။ သညာကလည်း နတ်သမီးအဖြစ်ပဲ မှတ်ပေးမှာပါ။ ပညာမရှိတဲ့လူက သညာလွှမ်းမိုးနေတော့ မနောမှာ ဖဿက နတ်သမီးအနေနဲ့ သွားတွေ့တာပါ။ နတ်သမီးအနေနဲ့ တွေ့တော့ ဝေဒနာက လှလေခြင်းဆိုပြီး ဝမ်းသာတာပါ။ အဲဒီတော့ စေတနာက လောဘကို စေ့ဆော်တော့ လောဘက အလွန်ချစ်ကြိုက်ပြီးတော့ ဘီလူးမစာ ဖြစ်သွားရတာပါ။
ပညာရှိတဲ့လူကျတော့ မျက်စိက နတ်သမီးပဲ မြင်ပေမယ့် ပညာက လုပ်ပြီးသွားပါပြီ။ အရိပ်မထွက်တာကို သတိထားမိလို့ “ ဟာ… ဒါ ဘီလူးမပဲ” လို့ သိသွားပါတယ်။ ပညာနဲ့ နှလုံးသွင်းလိုက်တဲ့အခါ မနောမှာ ဖဿက ဘီလူးမအနေနဲ့ သွားတွေ့တာပါ။ ဘီလူးမအနေနဲ့ တွေ့တော့ ဝေဒနာက မကောင်းတော့ဘူး၊ မသာမယာဖြစ်လာတယ်။ အဲဒီတော့ စေတနာက “ ပြေး ပြေး ပြေး” ဆိုပြီး တိုက်တွန်းတော့ ဉာဏ်က စေ့ဆော်၊ ဝီရိယနဲ့ အားထုတ်တော့ လွတ်သွားတာပါ။
လောကအမြင်နှင့် ဓမ္မအမြင်
လောကအမြင်နောက်ကွယ်က ဓမ္မအမြင်လိုက်ရင် ဘဝထဲမှာ အေးအေးချမ်းချမ်း ပျော်ပျော်ပါးပါး နေလို့ရပါတယ်။ လောကအမြင်နောက်ကွယ်က ဓမ္မအမြင် မလိုက်နိုင်ရင် ဘဝထဲမှာ ပြဿနာတွေနဲ့ ကြုံတွေ့နေကြရဦးမှာပါ။ မျက်စိနဲ့ မြင်တာက လောကအမြင်ပါ။ နားနဲ့ ကြားတာက လောကအမြင်ပါ။ ကျွန်တော်တို့ သား၊ သမီး၊ ဇနီး၊ မယား၊ ခင်ပွန်း ကြားမှာနေရပါတယ်။ ဒါပေမယ့် ဒီ ဖဿနေရာမှာ ပညာနဲ့ ဓမ္မအမြင်နဲ့ ကျွန်တော်တို့ တွေ့ဖို့ လိုပါတယ်။ အဲဒီကျမှ ဒီ ဘဝထဲမှာ စေတနာနဲ့ ကျင့်သုံးနိုင်မှာပါ။
ဖဿ၏ ချယ်လှယ်မှုသဘော
ဖဿက ချယ်လှယ်နေတဲ့ သဘောရှိပါတယ်။ ဥပမာ ငရုတ်သီးဆိုပါစို့။ လျှာပေါ်မှာတော့ စပ်တာကြီးပဲ ခံစားရမှာပါ။ ဒါပေမယ့် ကြိုက်တဲ့လူက ဖဿက ကောင်းတဲ့ Dimension နဲ့ တွေ့တာ၊ မကြိုက်တဲ့လူက မကောင်းတဲ့ Dimension နဲ့ ဖဿက သွားကွာတာပါ။ ငါးပိရည်လို့ ဆိုပါစို့။ ကျွန်တော်တို့က ငါးပိရည်ကို မွှေးနေကြတာပါ။ အနောက်နိုင်ငံက လူကတော့ ပုပ်စော်ကြီး နံတာပဲ ထင်ပါတယ်။ အနံ့ကတော့ နှာခေါင်းက အတူတူပဲ ရနေတာပါ။ လျှာလည်း ချိုချဉ်ငံစပ်ဖန်ခါးပဲ ခံစားရတာပါ။ ဒါပေမယ့် ဖဿက မနောမှာ သွားမတူတာပါ။ ကျွန်တော်တို့ ချယ်လှယ်နေတာ ဒီ ဖဿက ဖြစ်တာပါ။
ဖဿ၊ ဝေဒနာ၊ ဝိညာဏ် ခွဲခြားသိမြင်ပုံ
ဒွါရခေါ် အကြည်ရုပ်သည် အဆင်းအာရုံစသည်တို့ကို လက်ခံရုံမျှသာ စွမ်းနိုင်ပါတယ်။ ထို ဒွါရ (၆)ပါး၌ ထိခိုက်သော အာရုံ (၆)ပါးကို သိကာမျှ အမှုအရာသည် စိတ်တည်း၊ ဝိညာဏ်တည်း။ သိကာမျှထက် မပိုပါဘူး။ သိမှုဟူသော ဝိညာဏ်ဖြစ်ပေါ်သည်ရှိသော် အာရုံ၏အရသာကို ဖိနှိပ်ကြိတ်ဝါးမှုဟူသော ဖဿဓာတ်သည် သိမှုနှင့်အတူ ဖြစ်ပါတယ်။ ဖဿ၏အစွမ်းကြောင့် အာရုံ၏အရသာကို ခံစားမှု ဝေဒနာသည် ဖြစ်ပေါ်ပါတယ်။
ဥပမာ ကြံချောင်းသည် အာရုံနှင့်တူ၍ ကြံရည်သည် ဝိညာဏ်နှင့်တူပါတယ်။ ကြံချောင်းကို အရည်ထွက်အောင် ကြိတ်ချေသော ကြိတ်စက်သည် ဖဿနှင့်တူပါတယ်။ ကြံရည်သည် အာရုံ၏အရသာနှင့်တူ၍ သုံးဆောင်ခံစားမှုသည် ဝေဒနာနှင့်တူပါတယ်။ ဒီလို ပိုင်းခြားသိအောင် ဆင်ခြင်ရပါမယ်။
ဖဿနှင့် ပဋိစ္စသမုပ္ပါဒ်
မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေးတို့တွင် ဖြစ်ပေါ်လာသော ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးတို့သည် ဝိပါကဝဋ် ဖြစ်ပါတယ်။ ၎င်းတို့ကို ပုဂ္ဂိုလ်၊ သတ္တဝါလို့ အသိမှားမှုသည် အဝိဇ္ဇာ၊ နှစ်သက်မှုသည် တဏှာ၊ စွဲလမ်းမှုသည် ဥပါဒါန် ဖြစ်ပါတယ်။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့သည် ကိလေသဝဋ် ဖြစ်ကြပါတယ်။ ဥပါဒါန်ကြောင့် ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် အားထုတ်မှု သင်္ခါရများ ဖြစ်ပေါ်ကာ ကုသိုလ်၊ အကုသိုလ်ကံများ ဖြစ်ပေါ်ကြခြင်းသည် ကမ္မဝဋ် ဖြစ်ပါတယ်။
မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေး ဆိုသော ဝိပါကဝဋ် အပေါ်တွင် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ကိလေသာဝင်သောကြောင့် ကမ္မဝဋ်ဖြစ်ပေါ်ကာ သံသရာလည်ရခြင်း ဖြစ်ပါတယ်။ ကိလေသဝဋ်ချုပ်လျှင် ကမ္မဝဋ်ချုပ်၍ သံသရာရပ်ပါတယ်။ ဖဿနေရာမှာ ပညာဝင်မှ ဒီ ကိလေသဝဋ်ကို ချုပ်နိုင်မှာ ဖြစ်ပါတယ်။
ဖဿနှင့် ဝိပဿနာအလုပ်
ကျွန်တော်တို့ ဖဿနေရာမှာ ပညာနဲ့ ယှဉ်တွဲတဲ့ ဖဿ ဖြစ်ရမယ်။ အဲဒါ ဒီအဖြေက ထွက်တာပါ။ အဲလို တွေ့လိုက်မှ ဘဝထဲမှာ ကျွန်တော်တို့ ကျင့်သုံးတတ်သွားတာပါ။ လောကအမြင်၊ ဓမ္မအမြင်၊ ဘဝအမြင် ဆိုတာ မျက်စိနဲ့ မြင်တာက လောကအမြင်ပါ။ နားနဲ့ ကြားတာက လောကအမြင်ပါ။ ဒါပေမယ့် ဒီ ဖဿနေရာမှာ ပညာနဲ့ ဓမ္မအမြင်နဲ့ ကျွန်တော်တို့ တွေ့ဖို့ လိုပါတယ်။ အဲဒီကျမှ ဒီ ဘဝထဲမှာ စေတနာနဲ့ ကျင့်သုံးနိုင်မှာပါ။
နိဂုံး
ဖဿဆိုတာ အာရုံရဲ့ အရသာကို ဆွဲထုတ်ပြီး ဝေဒနာ ခံစားနိုင်အောင် ပြင်ဆင်ပေးတဲ့ နာမ်တရားတစ်ပါး ဖြစ်ပါတယ်။ ဖဿနေရာမှာ ပညာဝင်မှ ကိလေသာမဖြစ်ပေါ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ လောကအမြင်နောက်ကွယ်က ဓမ္မအမြင်လိုက်နိုင်မှ ဘဝထဲမှာ အေးအေးချမ်းချမ်း ပျော်ပျော်ပါးပါး နေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖဿကို နားလည်ဖို့၊ ဖဿနေရာမှာ သတိနဲ့ ပညာ ထူထောင်ဖို့ အရေးကြီးပါတယ်။ ဒီ ဖဿရဲ့ သဘောသဘာဝကို တဖြည်းဖြည်း နှလုံးသွင်းမှန်ကြပါစို့။
သာဓု သာဓု သာဓု။
Dr. Soe Lwin (Mandalay)
