အနတ္တဆိုတာဘာလဲ

အနတ္တ၏ အဓိပ္ပါယ်နှင့် နားလည်ရခက်သော အကြောင်းရင်း

ကျွန်တော် ဒီနေ့ သင်တို့အား အနတ္တဆိုတဲ့ တရားရတနာကြီးကို နားလည်လွယ်အောင် ရှင်းပြချင်ပါတယ်။ အမှန်တော့ အနတ္တဟာ ဗုဒ္ဓဘာသာတရား၏ နှလုံးသားပါပဲ။ ဒါပေမယ့် လူတိုင်းနီးပါး နားလည်ရခက်တဲ့ တရားလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ တစ်သက်လုံး အတ္တအမြင်နဲ့သာ အသက်ရှင်နေကြလို့ပါ။ အနတ္တကို မြင်ဖို့က ကျွန်တော်တို့ရဲ့ ကျောမှာကပ်နေတဲ့ အရာကို ရှာသလိုပါပဲ။ အဝေးကြီးမှာရှိရင်တောင် မျက်စိနဲ့လှမ်းမြင်နိုင်သေးတယ်၊ ဒါပေမယ့် ကျောမှာကပ်နေတဲ့အတွက် ဘယ်တော့မှ မတွေ့နိုင်ဘူး။ အနတ္တနဲ့ အတ္တက one hundred eighty degree လုံးဝကွာနေတဲ့ အမြင်နှစ်မျိုးပါ။ စာရွက်တစ်ရွက်မှာရှိတဲ့ နှစ်မျက်နှာက ဘယ်တော့မှ မျက်နှာချင်းမဆိုင်သလိုပါပဲ။

အတ္တအမြင်မှ အနတ္တအမြင်သို့

အတ္တဆိုတာက ပုဂ္ဂိုလ်အလိုအတိုင်း အကျိုးတရားအပေါ်မှာ အစိုးရနိုင်တယ်၊ မိမိအလိုအတိုင်း ဖြစ်စေနိုင်တယ်လို့ ထင်မြင်ယူဆတဲ့ အယူအဆပါ။ ကျွန်တော်တို့က “ ငါလုပ်တယ်” ၊ “ ငါ့ဥစ္စာ” ၊ “ ငါ့ကိုယ်” ဆိုပြီး အမြဲတမ်း တွေးနေကြတယ်။ ဒါက သမုတိနယ် ရဲ့ အကြောင်းအကျိုးပါ။ လက်ခုပ်တီးလိုက်ရင် အသံမြည်တယ်၊ မီးပူလို့ ရေပူတယ်ဆိုတဲ့ သဘောမျိုးပါ။ အကြောင်းက အကျိုးကို တိုက်ရိုက်မွေးဖွားလိုက်တယ်လို့ ယူဆကြတာပါ။

ဒါပေမယ့် အနတ္တဆိုတာက လုံးဝကွဲပြားတဲ့ အမြင်ပါ။ ပုဂ္ဂိုလ်အလိုမပါဘဲ အကျိုးတရားဟာ အကြောင်းအားလျော်စွာ သူ့သဘောသူဆောင်ပြီး ဖြစ်ပေါ်နေတယ်ဆိုတဲ့ သဘောပါ။ ကျွန်တော် ဥပမာပေးရရင် လက်ခုပ်တီးကြည့်ပါ။ လက်ခုပ်တီးတဲ့ အကြောင်းရှိနေပါလျက် “ အသံမမြည်ပါနဲ့” လို့ အမိန့်ပေး၍ အစိုးမရနိုင်ဘူး။ လက်ခုပ်မတီးဘဲ အသံမြည်အောင်လည်း လုပ်၍မရပါ။ ဒီတော့ မိမိအလိုဖြင့် အကျိုးတရားအပေါ်မှာ အစိုးမရဘဲ၊ အကြောင်းအားလျော်စွာပင် ဖြစ်ပေါ်နေတယ်။ ဒါကို အနတ္တသဘော လို့ခေါ်ပါတယ်။

အနတ္တသုံးမျိုး – နားလည်ရမည့် အခြေခံ

ကျွန်တော် သင်တို့အား အနတ္တကို သွားတဲ့လမ်း သုံးမျိုးရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါကို သေချာလေး မှတ်ထားပါ။

ပထမတစ်ခုက ရုပ်တုံးရုပ်ခဲ၊ နာမ်တုံးနာမ်ခဲတွေကို ဖြိုခွဲတဲ့နည်းပါ။ ကျွန်တော်တို့က ခန္ဓာကိုယ်ကြီးကို “ ငါ” လို့ထင်နေကြတယ်။ ဒါကို ပထဝီဓာတ်၊ တေဇောဓာတ်၊ အာပေါဓာတ်၊ ဝါယောဓာတ်ဆိုပြီး ဓာတ်ကြီးလေးပါးအဖြစ် ခွဲခြမ်းစိတ်ဖြာသိရတယ်။ ဒီဓာတ်တွေဟာ ဥတုကြောင့် အမြဲဖောက်ပြန်ပြောင်းလဲနေတဲ့ သဘာဝတရားများ ဖြစ်ကြပါတယ်။ မာခြင်း၊ ပျော့ခြင်းကို ကာယဒွါရမှတစ်ဆင့်သာ သိခွင့်ရတယ်။ မျက်စိနဲ့မြင်ပြီး “ မာတယ်” လို့ထင်တာက မှားယွင်းတဲ့ ထင်မြင်မှုပါ။ မာတာက ပထဝီဓာတ်ရဲ့ လက္ခဏာသာဖြစ်ပြီး၊ အမှန်တော့ ဉာဏ်နဲ့သာ သိရှိခွင့်ရနိုင်ပါတယ်။ ဒီလို ဖြိုခွဲသိမြင်လာတဲ့အခါ “ ငါ” ဆိုတာ ပြုတ်ကျသွားပါတယ်။

ဒုတိယတစ်ခုက ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ အကြောင်းအကျိုးပါ။ အကြောင်းတိုက်ဆိုင်ရင် ဖြစ်ပေါ်တယ်၊ အကြောင်းကင်းရင် ချုပ်ပျောက်တယ်။ အကြောင်းမတိုက်ဆိုင်ခင်ကလည်း ဘာမှမရှိဘူး။ အကြောင်းတိုက်ဆိုင်လို့ပေါ်တဲ့အခါကျလည်း သူက သဘောလေးပဲဆိုတော့ ဘာမှအခိုင်အမာလို့ စွဲယူလို့မရဘူး။ ဒီစွဲယူတဲ့ ဥပါဒါန်ကို ဖြုတ်ချင်တာပါ။ အမှောင်မရှိရင် အလင်း၊ အလင်းမရှိရင် အမှောင်တို့ဟာ ဘယ်ပယောဂမှမပါဘဲ သူ့သဘောသူဆောင်ပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန်အစားထိုးနေတာကို သိမြင်ခြင်းဟာ အနတ္တရဲ့ အခြေခံမှန်ကန်သော ယူဆချက်ပါ။

တတိယတစ်ခုက အခိုင်အမာ၊ အနှစ်အသား မရှိဘူး ဆိုတဲ့ အသာရကဋ္ဌေန အနတ္တ ပါ။ အာရုံတွေက မှန်ထဲက အရိပ်လိုပဲ။ ဘာမှအခိုင်အမာ၊ အနှစ်အသား မရှိဘူး၊ ဆုပ်လို့ကိုင်လို့ မရဘူး။ ဒါလည်း အနတ္တပဲ။ ကာယဝိညာဉ်ဖြင့် သိရတဲ့ ထိမှုတို့သည် အကြောင်းတိုက်ဆိုင်မှသာ ဖြစ်ပေါ်တဲ့ ဖောဋ္ဌဗ္ဗာရုံ အာရုံသာဖြစ်ပါတယ်။ အကြောင်းကင်းသည်နှင့် ထိုအာရုံကို သိသော ဝိညာဏ် ချုပ်ပျောက်သွားတယ်။

သတိဝီရိယသမာဓိ၏ အရေးပါမှု

ဒါပေမဲ့ ဒီလိုသဘောပေါက်ဖို့ ကိုယ့်ဉာဏ်ထဲမှာ ထင်ထင်ရှားရှားဖြစ်ဖို့က ပစ္စုပဋ္ဌာန် လို့ခေါ်တယ်။ ကိုယ့်ရဲ့ သတိဝီရိယသမာဓိ အစွမ်းတွေ အားကောင်းတဲ့အခါမှ ကိုယ့်ဉာဏ်ထဲမှာ ထင်ရှားလာတာ၊ ဒီသဘာဝတရားတွေရဲ့ လုပ်ငန်းဆောင်တာတွေ ကိုယ့်ဉာဏ်ထဲမှာ သဘောပေါက်လာတာပါ။ ကျွန်တော်တို့ စာလိုသိနေပေမယ့် သတိဝီရိယသမာဓိတွေ အားနည်းနေတဲ့အခါကျတော့ ကိုယ့်ဉာဏ်ထဲမှာ ထင်ရှားမလာဘူး။ အဲဒါဆိုရင် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲကြီးကို မဖြိုခွဲတဲ့အတွက်ကြောင့် “ ငါ” လည်းမပြုတ်ဘူး ဖြစ်နေတာပါ။

အစိုးမရခြင်းနှင့် သူ့သဘောသူဆောင်ခြင်း

ကျွန်တော်တို့က “ ကိုယ့်အလိုကို မလိုက်တာ၊ ကိုယ်မဖြစ်စေချင်တာ ဖြစ်နေတာ” လောက်ကိုသာ အနတ္တလို့ထင်ထားကြတယ်။ အဲဒီလို မဟုတ်ဘူး။ ဓာတ်ကြီးလေးပါးသည် ဥတုကြောင့် အမြဲဖောက်ပြန်ပြောင်းလဲနေသော သဘာဝတရားများ ဖြစ်ကြပါတယ်။ ၎င်းသဘာဝတို့သည် မိမိအလိုအတိုင်း မဖြစ်ပါ၊ အစိုးမရပါ၊ သူ့သဘောသူဆောင်နေခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် သဘာဝ၏ အနတ္တလက္ခဏာသည် အစိုးမရခြင်း၊ မိမိအလိုသို့မလိုက်ခြင်း၊ သူ့သဘောသူဆောင်ခြင်းတို့ကို နားလည်လက်ခံရမှာပါ။

လမ်းစဉ်နှင့် ပန်းတိုင်

ကျွန်တော် အရင်ဆုံး အနတ္တကို ပြောပြရတာ အာရုံ ကို နားလည်အောင်ပါ။ သို့မဟုတ်ရင် ကျွန်တော်တို့က အာရုံကို အခိုင်အမာကြီး အတ္တနဲ့သွားယူနေလို့ကတော့  တစ်သက်လုံး လမ်းမှန်မရာက်‌တော့ဘူး။ အကြောင်းတိုက်ဆိုင်ရင် ဖြစ်ပေါ်တယ်၊ အကြောင်းကင်းရင် ချုပ်ပျောက်တယ်။ ဒါကို အရင်ဆုံး ထည့်နေရတာ၊ ကျွန်တော့်မှာ ဒီအခြေခံက။ ဒီဟာလေးကို နားလည်ရမယ်။ အကြောင်းကင်းရင်လည်း ဘာမှမကျန်တော့ဘူး။ အကြောင်းမတိုက်ဆိုင်ခင်ကလည်း ဘာမှမရှိဘူး။ ဒါကို အနတ္တ လို့ပြောတာပဲ။ ဒါကိုပဲ ပဋိစ္စသမုပ္ပါဒ် လို့ပြောတာပဲ။ အတူတူပဲ။

ကျွန်တော်တို့က စကားလုံးတွေနဲ့ သောင်တင်မနေပဲ ဒီသဘာဝတရားလေးကို မှန်မှန်ကန်ကန် မြင်တတ်ဖို့ အရေးကြီးပါတယ်။ အရေးကြီးတာက ခန္ဓာ့ဖြစ်စဉ်ကို သိရမယ်။ ပထမ ဟောစဉ် ကို သိရမယ်၊ ဖြစ်စဉ် ကို သိရမယ်၊ ကျင့်စဉ် ကို သိရမယ်၊ ပယ်စဉ် ကို သိရမယ်၊ ချုပ်စဉ် ကို သိရမယ်။ ဖြစ်စဉ်သိမှ ကျင့်စဉ်လာပါလိမ့်မယ်။ ကျင့်စဉ်လာပါမှ ပယ်နိုင်ပါမယ်။ ပယ်နိုင်ရင် နောက်ဆုံး နိရောဓဆိုက် ချုပ်ပါလိမ့်မယ်။

မိမိကိုယ်ကို အားကိုးခြင်း

တရားအားထုတ်တာ ဘာအကျိုးကျေးဇူးရလဲလို့ တချို့က မေးတယ်။ ပြောရရင် စက်ဘီးစီးတတ်တာ၊ ကားမောင်းတတ်တာ၊ ဆိုင်ကယ်စီးတတ်တာ အကျိုးကျေးဇူးရှိတာပဲ။ မစီးတတ်ရင် သူများအားကိုးနေရတယ်။ ကိုယ့်ဟာကိုယ် စီးတတ်ရင် သူများအားကိုးစရာလိုလား။ လောကမှာတောင်မှ သူများအားကိုးစရာမလိုရင် ဘယ်လောက်ကောင်းလဲ။ ဒီ ရုပ်နာမ်အကြောင်းအကျိုး၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သဘာဝတရားကြီးကို ထိုးထွင်းမြင်သွားလို့ရှိရင်လေ၊ သံသရာတစ်လျှောက်လုံး ဘယ်သူမှအားကိုးစရာမလိုဘူး၊ အလွန်ကောင်းတယ်။

နိဂုံး

အနတ္တဆိုတာ အတ္တအမြင်ကနေ အနတ္တအမြင်ကို ပြောင်းသွားတာပါပဲ။ နိဗ္ဗာန်မြင်တယ် ဆိုတာ အနတ္တကို မြင်သွားတာပါပဲ။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ပြီးတဲ့နောက် “ စိတ်ကို ဖြူအောင်ထား” ဆိုတာက အဲဒီကုသိုလ်တွေကို “ ငါ၊ ငါ့ဥစ္စာ” အနေနဲ့ မစွဲထားနဲ့၊ အနတ္တကို ပြောင်းလိုက်လို့ ဆိုလိုတာပါ။ တဖြည်းဖြည်း ဉာဏ်တွေ ရင့်ကျက်လာမှာပါ။ ဒီလိုကြားပါများလာရင် ကိုယ့်ဉာဏ်ထဲမှာ သဘောပေါက်လာလိမ့်မယ်။ ဝိပဿနာပညာရပ်ရတာတောင်မှ မကြောက်တာ။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်များ မျက်မှောက်ပြုလိုက်လို့ရှိရင် ပိုတောင် လွတ်မြောက်သွားသေးတယ်။ မိမိကိုယ်သာ အားကိုးရာဆိုတဲ့ အထောက်အရာ၊ အတည်အရာတွေ အကုန်ရသွားတယ်။ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုတော့ဘူး။ ဒီလို လွတ်မြောက်မှု ရတယ်။

Dr. Soe Lwin (Mandalay)

မှတ်ချက်ရေးပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်