အတ္တ နဲ့ အနတ္တ

အတ္တနှင့် အနတ္တ၏ အဓိပ္ပာယ်နှင့် လက်တွေ့အသုံးချမှု

ကျွန်တော့်ကို ဒီမေးခွန်းကို မေးတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ အတ္တနှင့် အနတ္တ ဆိုတဲ့ ဒီအကြောင်းအရာဟာ ကျွန်တော်တို့ ဝိပဿနာအားထုတ်သူတွေအတွက် အလွန်အရေးကြီးပါတယ်။ ဒီအတ္တအနတ္တကို မသိဘဲနဲ့ တရားတွေ အားထုတ်နေလို့ရှိရင် ဉာဏ်မပါဘဲနဲ့ ဝိဇ္ဇာမပါဘဲနဲ့ ကျင့်နေတဲ့အတွက် ဉာဏ်တွေ မတိုးတက်ပါဘူး။ ဒါကြောင့်မို့လို့ ဒီအတ္တအနတ္တလေးဟာ အလွန်အရေးကြီးပါတယ်။

သမုတိနယ်မှ ပရမတ်နယ်သို့

လူတိုင်းတော့ အတိုင်းအတာတစ်ခုအထိ အတ္တအနတ္တကို ကြားဖူးကြတယ်။ ဒါပေမဲ့ ဒါ သမုတိနယ်အနေနဲ့ သိတာပါ။ အတ္တဆိုတာ ငါပဲ၊ ငါ့အတွက်ပဲ၊ “ ဒီကောင် အတ္တကြီးတယ်၊ သူ့အတွက်ပဲ သူလုပ်တယ်” ဆိုတာမျိုး ကျွန်တော်တို့က ပုဂ္ဂိုလ် သတ္တဝါ အနေနဲ့ပဲ သိကြတာပါ။ အနတ္တဆိုတာလည်း “ ဆရာရဲ့ အစိုးမရဘူးပေါ့” ဆိုပြီး သမုတိနယ်မှာ နားလည်ထားကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ဘယ်နယ်နဲ့ သိရမှာလဲ။ ပရမတ်နယ်နဲ့ သိရမယ်။ ပရမတ်နယ်ဆိုတာကတော့ ပုဂ္ဂိုလ် သတ္တဝါ မပါတဲ့နယ် ဖြစ်ပါတယ်။

အကြောင်းအကျိုးဆက်နွယ်မှုမှ အတ္တအနတ္တကို သိခြင်း

ကျွန်တော် ဒီအတ္တအနတ္တကို ရှင်းပြတဲ့အခါမှာ အကြောင်းအကျိုးကနေ စတင်ပါတယ်။ အတ္တ ဆိုတာ ဘာလဲ။ အကျိုးတရားပေါ်မှာ အစိုးရတယ် လို့ ယူရင် အတ္တ။ အနတ္တ ဆိုတာ ဘာလဲ။ အကျိုးတရားပေါ်မှာ ငါ အစိုးမရဘူး။ အဲ့ဒီ အကျိုးတရားက အကြောင်းအားလျော်စွာ ပဲ ဖြစ်ပေါ်တယ်။ အဲ့လို သိမှ အနတ္တ။ ဒါ ပထမ အခြေခံ။

ဒါပေမဲ့ “ ဆရာရဲ့၊ ကျွန်တော်တို့ အဲ့လောက်တော့ သိပါတယ်။ ဟာ ဆရာ အကြောင်းကောင်းမှ အကျိုးကောင်းတာပေါ့။ အကြောင်းမကောင်းရင် အကျိုးမကောင်းဘူး ဆိုတာ ဒီ အကျိုး က အကြောင်းအားလျော်စွာ ဖြစ်နေတာ မဟုတ်ဘူးလား။” ဟုတ်တယ်။ ဒါပေမဲ့ အဲ့ဒါလည်း သမုတိနယ်ပဲ။ ပရမတ်နယ် မဟုတ်သေးဘူး

လက်ခုပ်သံ ဥပမာ – အနတ္တကို မြင်ခြင်း

ပရမတ်နယ် အမြင်က ဘယ်လို သိရမှာလဲ။ ဒီ အကြောင်းအကျိုးမှာ ကျွန်တော် လက်ခုပ်လေး တီးပြတယ်။ လက်ခုပ်တီးတာက အကြောင်း၊ လက်ခုပ်သံထွက်တာက အကျိုး။ အကြောင်းတရား ရှိရင် လက်ခုပ်သံ မထွက်နဲ့လို့ တားလဲ သူက မြည်တာပဲ။ လက်ခုပ်သံ မထွက်နဲ့လို့ လုပ်လို့ ရလား။ မရဘူး။ ကိုယ် အစိုးရလား။ မရဘူး။ လက်ခုပ်မတီးဘဲနဲ့ လက်ခုပ်သံ ထွက်ထွက် လို့ လုပ်လို့ ရလား။ အကျိုးတရားပေါ် ကိုယ် အစိုးကို မရဘူး။ ဒီ အကျိုးတရားက အကြောင်းအားလျော်စွာပဲ ဖြစ်တယ်။ ဒါ ပထမဆုံး အတ္တ အနတ္တ မှာ စပြီးတော့ လက်တွေ့ ကျကျ သိရမယ်။

ကျွန်တော် ဒီအနတ္တသဘောကို သိလာတဲ့အခါ One eighty degree မြင်တတ်သွားတယ်။ ကိုယ် တစ်ခါမှ မကြုံဖူး မတွေ့ဖူးတဲ့ဟာကြီးကို တွေ့ရတာ။ ကျွန်တော့်ဘဝတော့ အများကြီး ပြောင်းသွားတယ်။ အမြင်တွေ တအားပြောင်းသွားတယ်။

မီးနှင့်ရေ ဥပမာ – ဘဝအကြောင်းအကျိုး

ဒီအကြောင်းအကျိုးကို နောက်တစ်ဆင့် တက်လာပြီဆိုရင် ဒီ အကျိုးတရားက အကြောင်းတရားနဲ့တော့ ဆက်စပ်နေတယ်။ ဒါပေမဲ့ အကြောင်းတရားနဲ့ ဆက်သွယ်ထားတာ မဟုတ်ဘူး။ ဒီနေရာမှာ ကျွန်တော် မီးနဲ့ရေ ဥပမာ ပေးချင်ပါတယ်။ မီးနဲ့ ရေကို အပူပေးရင် ရေပူတယ်။ မီးထဲက အပူက ရေထဲကို  ပြောင်းကူးလိုက်တာ မဟုတ်ဘူး။ ရေထဲက အပူတွေက သူ့ဟာသူ အသစ် ဖြစ်တာ။ ဒါပေမဲ့ အောက်က မီးဆိုတဲ့ အကြောင်းတော့ ကင်းလို့ မရဘူး။ Condition ပဲ။ Connection မရှိဘူး

ဒီဥပမာက ဘဝကူးပုံရဲ့ အကြောင်းအကျိုးကို ရှင်းပြတာပါ။ ပြီးခဲ့တဲ့ ဘဝက ချုပ်တာလည်း ရုပ်နာမ်တွေ ချုပ်တယ်။ နောက်ဘဝတစ်ခုက ရုပ်နာမ်အသစ်တစ်ခု ဖြစ်သွားတာ။ ဒါပေမဲ့ ဟိုအရင်ဘဝက အကြောင်းတေ့ ကင်းလို့ မရဘူး။ ဒီနေရာမှာ ကံနဲ့ ကံ၏အကျိုး ကို နားလည်ရပါမယ်။ ကံဆိုတဲ့ အကြောင်းတရား ပြည့်စုံရင် ကံ၏အကျိုးက သူ့သဘောသူဆောင် ပေါ်လာတာပဲ။ ဘယ်လိုမှ တားလို့ဆီးလို့ မရဘူး။

အတ္တဒိဋ္ဌိ၏ သမိုင်း

ဘုရားမပွင့်ခင်က အနတ္တဆိုတာ ထင်ရှားမရှိခဲ့ဘူး။ ဘုရားပွင့်မှပဲ ဒီအနတ္တဆိုတဲ့ စကားလုံးတွေက ထင်ရှားလာတာ။ အစဥ်အဆက်က ဒီရုပ်နာမ်ကြီးကို အတ္တအနေနဲ့ပဲ စဉ်းစားခဲ့တာ။ ဈာန်တွေ ရလာတော့ သူတို့က ဘဝတွေကိုလည်း သိလို့ရတယ်။ ဒါပေမယ့် ဟိုဘဝတုန်းကလည်း ငါပဲ၊ ဒီလိုပဲ သိတာ။ နောက်ဘဝ ရောက်တော့လည်း ငါပဲ ဆိုတော့ ဒီ ငါလေးတစ်ခုက သူက ဘဝတွေသာ ပြောင်းတာ၊ ဒီဟာလေးက မပြောင်းဘူး ဖြစ်နေတယ်။ ငါဆိုတဲ့ အတ္တသဘောက ငါလို့ ယူတာ။ သူက ဒီအတ္တ မပြောင်းမပျက်တဲ့ သဘောလေးတစ်ခုကို ယူသွားတာ။

ဒီလို ဝိညာဉ်ကောင်၊ အတ္တကောင်၊ လိပ်ပြာကောင်၊ အသက်ကောင် က အမြဲရှိတယ်။ ဒီဘဝ သေရင် နောက်ဘဝမှာ ဒီဝိညာဉ်ကောင်လေးက ဆက်ဖြစ်တယ်။ အရင် ရုပ်နဲ့နာမ်ကတော့ သေကြေပျက်စီးတယ်။ ခန္ဓာတွေသာ ဘဝတွေသာ ပြောင်းနေပေမယ့် ဒီအတ္တကောင်က နောက်ဘဝထဲဆက်ဖြစ်တယ် လို့ စတင်ပြီးတော့ ဒီအယူအဆတွေ ဖြစ်လာတာ။ ဘာကို နားမလည်တာလဲ ဆိုတော့ ကံနဲ့ ကံ၏အကျိုး ကို နားမလည်ဘူး။ ဒီ ကံနဲ့ကံအကျိုးကြောင့်  ကံကမ္မနိမိတ်၊ ကတိနိမိတ် တစ်ခုကို ရပြီးတော့ နောက်ဘဝ နောက်ခန္ဓာတစ်ခု အသစ်ဖြစ်သွားတယ် လို့ အနတ္တကို မမြင်သေးဘူး။

မြတ်စွာဘုရား၏ အနတ္တဆုံးဖြတ်ချက်

မြတ်စွာဘုရားက ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါးပဲရှိတော့ ဒီ ဝိညာဉ်ကောင်၊ လိပ်ပြာကောင်၊ အသက်ကောင်မဟုတ်ဘူးဆိုတဲ့ အတ္တသဘောကို ငြင်းလိုက်တယ်။ ‘န’ ဆိုတာ ငြင်းတာ။ အတ္တမရှိဘူး။ အဲ့လို ဝိညာဉ်ကောင်၊ လိပ်ပြာကောင်၊ အသက်ကောင်မရှိဘူးဆိုတာ ဒါကို အနတ္တလို့ခေါ်တယ်

မြတ်စွာဘုရားပွင့်မှ မဇ္ဈိမပဋိပဒါ ဆိုတဲ့ ဒီအနတ္တရှုထောင့်ကနေပြီးတော့ ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းတဲ့ဆီကို ရောက်ခဲ့တာ။ အတ္တနဲ့သွားပြီးတော့ ကာမသုခလ္လိကာနုယောဂအကျင့်နဲ့ အတ္တကိလမထာနုယောဂအကျင့် ဆိုတဲ့ ကာမဂုဏ်ခံစားတဲ့အစွန်းနဲ့ ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲတဲ့အစွန်းတွေနဲ့ အမှန်တော့ ကိလေသာက လွတ်မြောက်ဖို့ကြိုးပမ်းကြတာပဲ။ ဒါပေမဲ့ အတ္တနဲ့သွားပြီးတော့ ကြိုးစားနေတဲ့အတွက် အစွန်းနှစ်ပါးတွေထဲ ရောက်ကုန်တယ်

ပဋိစ္စသမုပ္ပါဒ်နှင့် အနတ္တ

ကျွန်တော်တို့ ပဋိစ္စသမုပ္ပါဒ်လေးကိုပဲ အကြောင်းအကျိုးနဲ့ မြင်သာ သိသာ ထင်ရှားအောင် ကြည့်ရပါမယ်။ အဝိဇ္ဇာနဲ့ သင်္ခါရက အတိတ်က အကြောင်း သမုဒယသစ္စာ။ ဝိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ က ပစ္စုပ္ပန်အကျိုး။ အပေါ်က အကြောင်းဆိုတော့ ဒီဘက်က အကျိုးလာတာပေါ့နော်။ ဒုက္ခသစ္စာ။ အဲ့ဒီ ပစ္စုပ္ပန်မှာပဲ ကျွန်တော်တို့က ဘာတွေ ထပ်လုပ်ပြန်မလဲဆိုတော့ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ ဆိုတဲ့ အကြောင်းဆိုတဲ့ သမုဒယသစ္စာတွေ လုပ်တဲ့အခါကျတော့ ဇာတိ၊ ဇရာ၊ မရဏ ဆိုတဲ့ အနာဂတ် အကျိုး ဒုက္ခသစ္စာတွေ ရပြန်ရော။

ဒီဟာလေးကို မြင်သွားရင် အတိတ်က အကြောင်းက သမုဒယသစ္စာ၊ အခု ပစ္စုပ္ပန်အကျိုးက ဒုက္ခသစ္စာ။ အခု ပစ္စုပ္ပန်မှာပဲ ကျွန်တော်တို့က အကြောင်းတရားတွေ ပြန်လုပ်တယ်။ သမုဒယသစ္စာ။ အကြောင်းတရားပြန်လုပ်တော့ အနာဂတ်အကျိုးအနေနဲ့ ဒုက္ခသစ္စာ ဆိုတော့ အကြောင်းအကျိုး၊ အကြောင်းအကျိုး ဆိုတော့ အနတ္တပါလား ဆိုတာလေးကို မြင်သွားစေချင်တယ်။ ကျွန်တော်တို့က ဒီ ပဋိစ္စသမုပ္ပါဒ်ဆိုတာ အနတ္တပဲ။ အကြောင်းအကျိုး။ ပဋိစ္စသမုပ္ပါဒ်ကို အနတ္တနဲ့ မြင်ရမယ်။ အခု ပဋိစ္စသမုပ္ပါဒ်ကို ကျွန်တော်တို့က အတ္တလို့ ပြန်ပြန်ကြည့်နေတယ်။

အတ္တနဲ့ အနတ္တ – စာရွက်နှစ်မျက်နှာ

စာရွက်တစ်ရွက် နှစ်မျက်နှာရှိတာမှာ အဲဒီနှစ်မျက်နှာ ဘယ်တော့မှ မျက်နှာချင်း မဆိုင်သလိုပဲ။ အတ္တနဲ့ အနတ္တရဲ့ သဘောက ပါးပါးလေးရယ်။ နားမလည်ရင် ဒီလိုပဲ နားထောင်သွားတာပဲ။ ဘာမှလည်း ဟုတ်တယ်လို့ တန်ဖိုးမသိဘူး။ အတ္တနဲ့အနတ္တအမြင်က One eighty degree ကွာတယ်။ ကျောခြင်းကပ်နေလို့။ မမြင်နိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီအနတ္တသဘောက အလွန်လေးနက်တာ။ သူများကို နားလည်အောင် ပြောဖို့ အလွန်ခက်တာ

အနတ္တ၏ အစွမ်းထက်မှု

ခန္ဓာရနေသမျှ ကိလေသာနဲ့ ခန္ဓာနဲ့ တွဲနေတာပဲ။ အဲ့တော့ ကိလေသာငြိမ်းမှပဲ ခန္ဓာလည်းငြိမ်းတာပဲ။ အဲ့တော့ ဒီကိလေသာက ဘယ်ကိုအမှီပြုတာတုန်းဆိုတော့ ခန္ဓာကိုပဲ အမှီပြုနေတာ။ ခန္ဓာမရှိရင် ကိလေသာမရှိဘူး။

သဘာဝတရားကြီးရဲ့ Nature က Replacing လုပ်နေတာ။ တစ်ခု ရှိလိုက်တာနဲ့ တစ်ခုက အစားထိုးတယ်။ မကောင်းတာ ဖယ်လိုက်တာနဲ့ ကောင်းတာ အစားထိုးတယ်။ သူက ကောင်းတာ မရှိလိုက်တာနဲ့ မကောင်းတာ အစားထိုးတယ်။ အဲ့တော့ လောဘမရှိရင် သူက အလောဘက အစားထိုးတယ်။ အလောဘမရှိရင် လောဘက အစားထိုးတယ်။ သူက ဒီလို Replacing ဖြစ်နေတာ။

အဲ့တော့ အတ္တကို ပယ်နိုင်လောက်တဲ့ အနတ္တ ကို သိရမယ်။ ဟို မရောက် ဒီမရောက်တော့ မဖြစ်စေနဲ့။ A little knowledge is dangerous. တဲ့။ ကျွန်တော်တို့ အသိလေးက ပြဿနာတစ်ခုကို မရှင်းနိုင်ရင် System တစ်ခုက ပျက်သွားတတ်တယ်။ အဲ့တော့ Replacing phenomenon ကို ကျွန်တော်တို့က ပိုင်နိုင်ရမယ်။ ပိုင်နိုင်သွားရင် Replace လုပ်တဲ့ အတ္တကိုပယ်တဲ့ အနတ္တက အစွမ်း တအားထက်တယ်။ ထက်တဲ့အတွက် အတ္တနဲ့ လုပ်တာထက် အနတ္တနဲ့ လုပ်တာ ပိုတောင် အောင်မြင်ဦးမယ်

လူငယ်များအတွက် အနတ္တ၏ အရေးပါမှု

လူငယ်တွေ ဒီအတ္တကို အနတ္တလို့ သိသွားရင် ဘဝမှာ အောင်မြင်မှုတွေ ရလာနိုင်ပါ့ဦးမလားလို့ စိုးရိမ်စိတ်နဲ့ မေးတတ်ကြတယ်။ ဒီ Law of Nature သဘော၊ မြတ်စွာဘုရား တရားက လက်တွေ့လုပ်ကြည့်မှ ကျွန်တော်က သိလာတယ်။ အရင်တုန်းက လောဘမရှိရင် မဖြစ်ဘူးလို့ ယူဆခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် လက်တွေ့ကျကျ သိလာတဲ့အခါ အနတ္တနဲ့ လုပ်တာက ပိုအောင်မြင်တယ် ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

အနတ္တ၏ လက်တွေ့အသုံးချမှု

အတ္တနဲ့ အနတ္တ မသိဘဲနဲ့ ဘယ်လိုလုပ် တရားတွေ လုပ်နေတာတုန်း။ တရားတွေကို သူ ဘာကြီးနဲ့ လုပ်နေတာတုန်း။ အတ္တကြီးနဲ့ လုပ်နေတာ။ ငါ အားထုတ်မယ်နဲ့ လုပ်နေတာလေ ဘယ်တော့မှ မရဘူး။ သမထတော့ ဖြစ်မယ်။ ငြိမ်းမယ်။ ဝိပဿနာတော့ မဖြစ်ဘူး။ ဒါကို နားလည်ရမယ်။ အဲ့တော့ ကျွန်တော်တို့က ဝိပဿနာဖြစ်ဖို့အတွက် ဘာလုပ်ရလဲ ဆိုတော့ သမ္မာသင်္ကပ္ပ သင်ပေးရမယ်။ သမ္မာသင်္ကပ္ပ ဖြစ်ဖို့အတွက် အတ္တ အနတ္တကနေ စသင်ရတယ်။

နိဂုံး

အဲ့တော့ ကျွန်တော် အကျဉ်းချုပ်ပြောရရင် အတ္တဆိုတာ အကျိုးတရားအပေါ်မှာ ကိုယ့်အလိုအတိုင်း အစိုးရတယ်လို့ ထင်မြင်ယူဆခြင်း။ အနတ္တဆိုတာ အကျိုးတရားဟာ အကြောင်းအားလျော်စွာ သူ့သဘောသူဆောင် ဖြစ်ပေါ်တယ်လို့ သိမြင်ခြင်း။ ဒီအနတ္တသဘောကို မြင်မှပဲ ပဋိစ္စသမုပ္ပါဒ်ကို မှန်မှန်ကန်ကန် သိနိုင်မယ်။ ကံနဲ့ ကံ၏အကျိုးကို နားလည်နိုင်မယ်။ ဝိပဿနာအားထုတ်ရာမှာ သမ္မာဒိဋ္ဌိ ဖြစ်လာနိုင်မယ်။ ဒါကြောင့်မို့လို့ ဒီအတ္တအနတ္တလေးဟာ ဝိပဿနာအားထုတ်သူတိုင်းအတွက် အခြေခံအုတ်မြစ် အလွန်အရေးကြီးတဲ့ ပညာရပ် ဖြစ်ပါတယ်။

Dr. Soe Lwin (Mandalay)

မှတ်ချက်ရေးပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်