သူ့သဘောသူဆောင်အသစ်ဖြစ်တဲ့အနတ္တ

သူ့သဘောသူဆောင် အသစ်ဖြစ်တဲ့ အနတ္တ

ကျွန်တော် ဒီနေ့ ရှင်းပြချင်တာက အနတ္တဆိုတဲ့ တရားတော်ကြီးပါ။ ဒီတရားတော်က မြတ်စွာဘုရားရှင်ရဲ့ ဝါဒကြီးတစ်ခုလုံးကို ခြုံငုံထားတဲ့ အနတ္တဝါဒ လို့ ခေါ်နိုင်လောက်အောင် အရေးကြီးပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေကို လေ့လာရင် ဒီအနတ္တရှုထောင့်က မလေ့လာဘဲနဲ့ အတ္တရှုထောင့်ကနေ လေ့လာနေသမျှ မြတ်စွာဘုရား ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို နားလည်မှာ မဟုတ်ဘူး၊ သဘောပေါက်မှာ မဟုတ်ဘူးပါ။

အနတ္တ၏ အခြေခံအဓိပ္ပာယ်

အနတ္တဆိုတာ န အတ္တာ အနတ္တာ ဖြစ်ပါတယ်။ အတ္တမဟုတ်သောကြောင့် အနတ္တဖြစ်တာပါ။ ကျွန်တော် သင်ပေးချင်တာက အနတ္တမှာ အနက်လေးချက် ရှိတယ်ဆိုတာပါ။ ပထမတစ်ခုက အနှစ်မရှိသောကြောင့် အနတ္တ၊ ဒုတိယက အလိုမလိုက်သောကြောင့် အနတ္တ၊ တတိယက အစိုးမရသောကြောင့် အနတ္တ၊ စတုတ္ထက ငါ့ကိုယ်၊ သူ့ကိုယ် မဟုတ်သောကြောင့် အနတ္တ ဖြစ်ပါတယ်။ ဒီအနက်လေးချက်က သီးခြားလို့ ထင်ရပေမဲ့ အမှန်တကယ်တော့ အကြောင်းအကျိုးအပေါ်မှာသာ အခြေခံနေတာကို နားလည်ဖို့ လိုပါတယ်။

အကြောင်းအကျိုးနှင့် အနတ္တ၏ ဆက်နွယ်မှု

ကျွန်တော် Level 1 မှာ သင်ခဲ့တဲ့ အနတ္တ (အကြောင်းအကျိုး) ဆိုတာက အလွန် အခြေခံကျတဲ့ သဘောတရားပါ။ ပထမဆုံး အခြေခံက ဖြစ်သမျှတရားတိုင်းမှာ အကြောင်းအရင်းခံ ရှိတယ် ဆိုတဲ့ အချက်ပါ။ ဒါက သိပ်အရေးကြီးတယ်။ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး သောတာပန်ဖြစ်ခဲ့တဲ့ အကြောင်းကို ကြည့်ရင် သိနိုင်ပါတယ်။ ပဉ္စဝဂ္ဂီငါးဦးထဲမှာ အငယ်ဆုံး အရှင်အဿဇိဆိုတဲ့ ရဟန္တာကိုယ်တော်မြတ်ကြီးက ရှင်သာရိပုတ္တရာအလောင်းကို ပထမဆုံးတရားဟောတဲ့ တရားက ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ ဆိုတဲ့ အနတ္တပါပဲ။ ဒီတရားလေးကြောင့် သောတာပန်ဖြစ်သွားတာပါ။

ဖြစ်သမျှတရားတိုင်းမှာ အကြောင်းအရင်းခံ ရှိတယ် ဆိုတဲ့ ဒီသဘောတရားက လောကကြီးရဲ့ အမှန်တရားပါ။ သိပ္ပံပညာမှာတောင် cause and effect လို့ သိကြပါတယ်။ အကြောင်းကောင်းရင် အကျိုးကောင်းမယ်၊ အကြောင်းမကောင်းရင် အကျိုးမကောင်းဘူး ဆိုတာက သဘာဝတရားပါ။ ဒါပေမဲ့ ဒီသဘောတရားကို အသိပညာအဖြစ် နားမလည်ခဲ့ကြဘူး။ ကျွန်တော် သင်တန်းတွေမှာ အထူးအလေးပေး ရှင်းပြတာက ဒီအကြောင်းအကျိုးကို နားလည်ရုံတင်မကဘဲ လက်တွေ့ဘဝမှာ ပြောင်းလဲမှု ဖြစ်စေချင်လို့ပါ။

ခန္ဓာ၏ အမှုငါးခုနှင့် အနတ္တသဘော

ကျွန်တော် ရှင်းပြချင်တာက ခန္ဓာတွင် ရုပ်တရား နာမ်တရားတို့၏ အမှုငါးခုရှိတယ်ဆိုတာပါ။ ဖြစ်ပေါ်မှု၊ တည်မှု၊ တိုးပွားမှု၊ ဆုတ်ယုတ်မှု၊ ပျောက်ကွယ်မှု ဆိုတဲ့ ဒီအမှုငါးခုသည် ပုဂ္ဂိုလ်အလိုနှင့် ဆိုင်သော အမှုမဟုတ်ပဲ အကြောင်းတရားတို့နှင့်သာ သက်ဆိုင်သော ကိစ္စဖြစ်ပါတယ်။ ဉပမာ ကျွန်တော် ပေးချင်တာက မိမိကိုယ်ကို အေးစေလိုသော် မိမိအလိုအရ အေးလို့မရပါဘူး။ လေအေးကိုပေးမှသာ အေးရုပ် အေးနာမ်တို့ ဖြစ်ပေါ်ရတာပါ။ တည်မှုကိစ္စမှာလည်း အေးရုပ်အေးနာမ်ကို တည်စေလိုသော် လေအေးကို ဆက်တိုက်ပေးနေမှ အေးမှုသည် တည်နေပါတယ်။ တိုးပွားမှုကိစ္စမှာ အေးရုပ်အေးနာမ်ကို တိုးပွားစေလိုသော် လေအေးပေးမှုကို တိုးမြှင့်ပေးရပါတယ်။ ဆုတ်ယုတ်မှုကိစ္စမှာ အေးရုပ်အေးနာမ်ကို ဆုတ်ယုတ်စေလိုသော် လေအေးပေးမှုကို လျှော့၍ပေးရပါတယ်။ ပျောက်ကွယ်မှုကိစ္စမှာ အေးရုပ်အေးနာမ်ကို ပျောက်ကွယ်စေလိုသော် လေအေးပေးမှုကို ရပ်တန့်ပေးရပါတယ်။

ဒီလိုဆိုရင် ရုပ်နာမ်ဓမ္မတို့၏အမှုကိစ္စ အားလုံးတို့သည် ပုဂ္ဂိုလ်အလိုနှင့်မဆိုင်ပဲ အကြောင်းအားလျှော်စွာပင် သူ့သဘောသူဆောင်၍ အသစ် ဖြစ်ပေါ်နေသော အကျိုးတရားတို့သာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုကဲ့သို့ အကြောင်းအကျိုးဆိုသော အနတ္တသဘာဝကို မမြင်နိုင်သောကြောင့် အကျိုးတရားအပေါ်တွင် ပုဂ္ဂိုလ်၊ သတ္တဝါအလိုအားဖြင့် အစိုးရတယ်လို့ ထင်မြင်နေခြင်းဖြစ်ပါတယ်။

ပဋိစ္စသမုပ္ပါဒ်နှင့် အနတ္တ

ကျွန်တော် ပဋိစ္စသမုပ္ပါဒ်ကို အနတ္တနဲ့ ဘယ်လို ဆက်စပ်နေတယ်ဆိုတာ ရှင်းပြချင်ပါတယ်။ ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမသ္မိံ အသတိ ဣဒံ န ဟောတိ ဆိုတဲ့ ဤအကြောင်းရှိလျှင် ဤအကျိုးဖြစ်၏၊ ဤအကြောင်းမရှိလျှင် ဤအကျိုးမဖြစ် ဆိုတာက ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၏ အခြေခံဖြစ်ပါတယ်။ အကြောင်းတရားတို့ ပြည့်စုံညီညွတ်ပါမူ အကျိုးတရားတို့သည် သူ့သဘောသူဆောင်ကာ မရှိရာမှ အသစ်အသစ် ဖြစ်ပေါ်တာပါ။

အဝိဇ္ဇာနဲ့ သင်္ခါရက အတိတ်က အကြောင်း သမုဒယသစ္စာ ဖြစ်ပါတယ်။ ဝိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ က ပစ္စုပ္ပန်အကျိုး ဒုက္ခသစ္စာ ဖြစ်ပါတယ်။ အပေါ်က အကြောင်းဆိုတော့ ဒီဘက်က အကျိုးလာတာပါ။ ပစ္စုပ္ပန်မှာပဲ ကျွန်တော်တို့က တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ ဆိုတဲ့ အကြောင်းဆိုတဲ့ သမုဒယသစ္စာတွေ လုပ်တဲ့အခါကျတော့ ဇာတိ၊ ဇရာ၊ မရဏ ဆိုတဲ့ အနာဂတ် အကျိုး ဒုက္ခသစ္စာတွေ ရပြန်ရပါတယ်။

ဒီလိုမြင်သွားရင် အတိတ်က အကြောင်းက သမုဒယသစ္စာ၊ အခု ပစ္စုပ္ပန်အကျိုးက ဒုက္ခသစ္စာ၊ ပစ္စုပ္ပန်မှာပဲ ကျွန်တော်တို့က အကြောင်းတရားတွေ ပြန်လုပ်တယ် သမုဒယသစ္စာ၊ အကြောင်းတရားပြန်လုပ်တော့ အနာဂတ်အကျိုးအနေနဲ့ ဒုက္ခသစ္စာ ဆိုတော့ အကြောင်းအကျိုး၊ အကြောင်းအကျိုး ဆိုတော့ အနတ္တပါလား ဆိုတာကို မြင်သွားစေချင်တာပါ။ ပဋိစ္စသမုပ္ပါဒ်ဆိုတာ အနတ္တပဲအကြောင်းအကျိုးပါ။ ပဋိစ္စသမုပ္ပါဒ်ကို အနတ္တနဲ့ မြင်ရမယ်။ အခု ကျွန်တော်တို့က ပဋိစ္စသမုပ္ပါဒ်ကို အတ္တလို့ ပြန်ပြန်ကြည့်နေတာပါ။

အာရုံနှင့် အကြောင်းအကျိုး၏ သဘောသဘာဝ

ကျွန်တော် အထူးအလေးပေး ပြောချင်တာက အာရုံနဲ့ ပတ်သက်ပြီး အကြောင်းအကျိုးတွေ အသစ်အသစ် ပေါ်တာကို သဘောပေါက်ရမယ်ဆိုတာပါ။ အကြောင်းမတိုက်ဆိုင်ရင်လည်း မရှိသေးဘူး။ အကြောင်းတိုက်ဆိုင်တုန်းက ပေါ်တယ်။ အကြောင်းကင်းသွားရင် လုံးဝ ချုပ်ပျောက်သွားတယ်အာရုံနှင့်ဒွါရထိခိုက်မှုကြောင့် အသစ်ဖြစ်ပေါ်လာသော ဝိညာဏ်သည် အာဂန္တုကဓာတ်သက်သက်ဖြစ်၍ ပုဂ္ဂိုလ်၊ သတ္တဝါ၊ အရာဝတ္ထုပြု၍ အခိုင်အမာ-အနှစ်သာရအားဖြင့် စွဲယူရနိုင်လောက်သော အမာခံသဘောမျိုး လုံးဝမရှိပါဘူး။

လက်ခုပ်တီး အသံမြည်တာကို ဉပမာ ယူကြည့်ရအောင်။ လက်ခုပ်မတီးရင် အသံမမြည်ဘူး။ ဒါက သမုသိ အကြောင်းအကျိုးပါ။ ဒါ ဘာမှမဆန်းဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက်က တအားကြီး ဆန်းသွားတယ်။ ဒီအနတ္တရဲ့ အမြင်က one eighty degree လည်ထွက်သွားတယ်။ ကိုယ် တစ်ခါမှ မကြုံဖူး မတွေ့ဖူးတဲ့ဟာကြီးကို တွေ့ရတာ။ ကျွန်တော့်ဘဝတော့ အများကြီး ပြောင်းသွားတယ်။ အမြင်တွေ တအားပြောင်းသွားတယ်။

အတ္တနှင့် အနတ္တ၏ ခြားနားချက်

စာရွက်တစ်ရွက် နှစ်မျက်နှာရှိတယ်ဆို လူတွေက မသိဘူး။ အဲဒီနှစ်မျက်နှာလည်း ဘယ်တော့မှ မျက်နှာချင်း ဘယ်တော့မှ မဆိုင်ဘူး။ အတ္တနဲ့ အနတ္တရဲ့ သဘောက ပါးပါးလေးရယ် သူက။ နားမလည်ရင် ဒီလိုပဲ နားထောင်သွားတာပဲ။ ဘာမှလည်း ဟုတ်တယ်လို့ တန်ဖိုးမသိဘူး။ ဒါပေမဲ့ အမြင်က one eighty degree ကွာတယ်။ ကျောခြင်းကပ်နေလို့။ မမြင်နိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီအနတ္တသဘောက အလွန်လေးနက်တာ။ သူများကို နားလည်အောင် ပြောဖို့ အလွန်ခက်တာ။ အနတ္တက။

အသာရကဋ္ဌေန အနတ္တာ – အခိုင်အမာ အနှစ်သာရမရှိခြင်း

မင်းကွန်းဆရာတော်ဘုရားကြီးက အသာရကဋ္ဌေန အနတ္တာ လို့ ဆိုပါတယ်။ အခိုင်အမာ အနှစ်သာရမရှိဘူးလို့ သိတဲ့ အနတ္တကမှ ရဲရဲတောက်သိတာပါ။ အနတ္တကို အခိုင်အမာ အနှစ်သာရမရှိဘူးဆိုတာ အစိုးမရတာဆိုတာ အနိစ္စ ဒုက္ခပေါ်မှာ မူတည်ပြီးတော့ အစိုးမရဘူး၊ သူ့သဘောသူဆောင်တယ် ဆိုပြီး ဒီဟာ သိရတာပါ။ ဒီထက်ပို အဆင့်မြင့်လာရင် အနတ္တလက္ခဏာလို့ ရဲရဲတောက် ဆုံးဖြတ်နိုင်တာပါ။

အခိုင်အမာ အနှစ်သာရမရှိဘူး ဆိုတဲ့ ကိုယ့်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု မချနိုင်မချင်း ဒိဋ္ဌိဆိုတဲ့ အခိုင်အမာ အနှစ်သာရ သဘောမျိုးက ကိုယ့်အရှုခံအာရုံမှာပဲ ဖြစ်ဖြစ်၊ အရှုဉာဏ်မှာပဲ ဖြစ်ဖြစ် ရှိနေသေးတယ်ပါ။ ပန်းကန်ကွဲသလို ဖြစ်နေတာ။ ပန်းကန်ကွဲတော့ ပန်းကန်ကွဲတာက သမုတိနယ်က သူသိ၊ ငါသိ အနိစ္စ။ အဲဒီ ကွဲတာတွေကလည်း အခိုင်အမာတွေ ဖြစ်နေသေးတာပဲ။ ကိုယ့်ခန္ဓာကိုယ်ကို သမာဓိတရားနဲ့ ကြည့်တော့ ကြွကြွရွရွ မွမွတွေ၊ အမှုန်တွေ အမွှားတွေက အဲဒါကိုကလည်း အခိုင်အမာ အနှစ်သာရ၊ ကိုယ်က အဲဒါတွေကို အရှိတရားကြီး ယူနေတာပါ။

စိတ်နှင့် ရုပ်၏ ဆက်နွယ်မှု

ကျွန်တော် အထူး သတိပေးချင်တာက စိတ်ကြောင့် ဖြစ်တဲ့ psychosomatic ပိုင်းပါ။ စိတ် ကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာတွေက စိတ်အေးလိုက်တာ နဲ့ ရုပ်ပိုင်းဆိုင်ရာ တွေက အကုန်လုံး ကောင်းသွားတယ်။ စိတ်က ပူပင်လာတဲ့အတွက် ရောဂါတွေက ပို ဆိုးလာတယ်။ စိတ်တွေ အေးချမ်းသွားလို့ ရှိရင် ရုပ်တွေကလည်း ပျော့ပျောင်းသွားတယ်။ စိတ်လေး ပျော့သွားရင် ရုပ်တွေလည်း ပျော့သွားတယ်။ စိတ်က တင်းကြပ်လာရင် ရုပ်တွေကလည်း ပို ကြပ်လာတယ်။ ဒါကြောင့်မို့လို့ ဒီအကြောင်းအကျိုးလေးတွေကို ဆင်ခြင်လိုက်တာနဲ့ စိတ်ထဲမှာ လောဘ၊ ဒေါသ၊ မောဟတွေ ဆိုတာ ငြိမ်းအေးသွားပါတယ်

နိဂုံး – အနတ္တအမြင်ဖြင့် စွဲလမ်းမှုကင်းရှင်းခြင်း

အနတ္တကို နားလည်ဖို့အတွက် ကျွန်တော် သုံးနည်း ပြောချင်ပါတယ်။ ပထမက ရုပ်တုံး ရုပ်ခဲ၊ နာမ်တုံး နာမ်ခဲ၊ အတုံးအခဲတွေ ဃနတွေကို ကိုယ်က ဖြိုရမယ်။ analyze လုပ် ဖြစ်ရမယ်။ ခွဲခြမ်းစိတ်ဖြာရမယ်ဓမ္မာရုံပေါ်မှာ စုဖွဲ့နေတဲ့ ဟာတွေကို ဓမ္မာရုံပေါ်မှာပဲ ခွဲခြမ်းစိတ်ဖြာ ကြည့်ရတာပါ။ ဒုတိယက ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးကို သိရမယ်အနတ္တကို။ တတိယက အသရကဋ္ဌေန အနတ္တ အခိုင်အမာ အနှစ်သာရ ဘာမှမရှိ၊ အချီးနှီး ဖြစ်တာ၊ တုစ္ဆ ဘာမှ မဟုတ်ဘူး ဆိုတဲ့ အနတ္တ လက္ခဏာကို ဝင်ရတာပါ။

မစွဲလမ်းဖို့ဟာ ဆိုတာ အနတ္တကို မြင်ရမယ်အသရကဋ္ဌေန အနတ္တ ဒီလက္ခဏာကို မြင်လိုက်တဲ့အခါကျမှ ကိုယ့်ရဲ့ စွဲလမ်းမှုတွေက ပြုတ်သွားတာပါ။ အတ္တနဲ့ စွဲလမ်းနေတာတွေ ကင်းရှင်းသွားတာပါ။ ကိုယ်နဲ့ မဆိုင်ဘူး ဆိုတဲ့ အနတ္တ လက္ခဏာ ကိုယ်နဲ့ မဆိုင်ဘူး ငါ၊ ငါ့ဥစ္စာ မဟုတ်ဘူး အနတ္တ လက္ခဏာ ဝင်ရမယ်။ ဒါကြောင့် ထိမှသိတယ် ဆိုတာ သမာဓိအားကောင်းလာတဲ့ အချိန်မှာ သူက သဘောပေါက်သွားတာ သိတာ အမြဲမရှိဘူးဆိုတဲ့ အဲဒီလို သိတာ အနိစ္စမြင်သွားတာပဲပါ။

သူ့သဘောသူဆောင် အသစ်ဖြစ်တဲ့ အနတ္တ ဆိုတာ ဒီလိုပါပဲ။ အကြောင်းတိုက်ဆိုင်တိုင်း အကျိုးတရားတို့ အသစ်ဖြစ်ပေါ်လာပုံကို သိမြင်ခြင်းသည် အကြောင်းအကျိုးဆက်နွယ်မှုကို ပဋိစ္စသမုပ္ပါဒ်သဘောအားဖြင့် သိမြင်ခြင်းဖြစ်ပါတယ်။ ဒီအမြင်ကို ကိုယ့်ဘဝမှာ အသုံးချတတ်ဖို့ လိုနေပြီပါ။ သင်ထားသလောက် အသုံးမချနိုင်သေးရင် ဘာမှ တိုးတက်မှာ မဟုတ်ပါဘူး။ ကိုယ်တိုင်ထပြီးတော့ ဒါတွေကို အသုံးချတတ်ဖို့ လိုနေပါပြီ။

သာဓု သာဓု သာဓုပါ။

Dr. Soe Lwin (Mandalay)

မှတ်ချက်ရေးပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်