သတိနှင့် နယ်သုံးနယ်
ကျွန်တော် ဒီနေ့ သင်တို့အား သတိနှင့် နယ်သုံးနယ်၏ ဆက်နွယ်မှုကို အသေးစိတ် ရှင်းပြပေးလိုပါသည်။ ဝိပဿနာအလုပ် အားထုတ်ရာတွင် ဤအချက်နှစ်ခုသည် အလွန်အရေးကြီးသော အခြေခံအုတ်မြစ်များ ဖြစ်ပါသည်။
နယ်သုံးနယ်၏ အခြေခံသဘောတရား
ကျွန်တော် နယ်သုံးနယ်ကို ခွဲခြားတင်ပြရခြင်းမှာ စာပေနှင့် အလှမ်းဝေးနေသော သူများအတွက် ဖြစ်ပါသည်။ စာပေတွင် သမုတိသစ္စာနှင့် ပရမတ္ထသစ္စာ နှစ်ပါးသာ ရှိပါသည်။ ပရမတ္ထသစ္စာတွင် ရုပ်၊ စိတ်၊ စေတသိက် ဆိုသော သဘာဝသစ္စာနှင့် နိဗ္ဗာန်ဆိုသော အရိယသစ္စာ ဟူ၍ ခွဲခြားနိုင်ပါသည်။ သို့သော် ဝိပဿနာအလုပ် အားထုတ်ရာတွင် ပညတ်၊ ပရမတ်ကို ပိုင်းခြားသိအောင် သင်ကြားရသဖြင့် ပရမတ်ဆိုလျှင် ရုပ်၊ စိတ်၊ စေတသိက်ကိုသာ တန်းမြင်ကြပါသည်။ ထို့ကြောင့် သစ္စာလေးပါးကို နားလည်သဘောပေါက်ရန်အတွက် သစ္စာနယ် အနေဖြင့် ခွဲခြားတင်ပြပေးရခြင်း ဖြစ်ပါသည်။
သမုတိနယ် (သီလနယ်) တွင် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်သတ္တဝါ ရှိ၏။ အကောင်းအဆိုး ရှိ၏။ အကြောင်းအကျိုး ရှိ၏။ နိစ္စ၊ သုခ၊ သုဘ၊ အတ္တ အယူမှား ရှိကြ၏။ ဤအဆင့်သည် ကျွန်တော်တို့ လောကီဘဝတွင် နေထိုင်သော အဆင့်ဖြစ်ပါသည်။ စာဖတ်သည့်၊ တရားနာသည့် သုတအသိများအပြင် စဉ်းစားဆင်ခြင် သိသူများသည် မိမိကိုယ်ကို တော်တော်လေး သိထားပြီဟု ထင်တတ်ကြပါသည်။ မှန်ပါသည်၊ သမုတိနယ်၏ အနေဖြင့် ရုပ်နာမ် အကြောင်းအကျိုး ဆက်နွယ်မှုတို့ကို သိထားခြင်း ဖြစ်ပါသည်။
ပရမတ်နယ် (သမာဓိနယ်) တွင် ရုပ်နာမ် နှစ်ပါး၊ ခန္ဓာငါးပါး ရှိ၏။ ပုဂ္ဂိုလ်သတ္တဝါ မရှိ။ ရုပ်နာမ် အကြောင်းအကျိုးသာ ရှိ၏။ အနိစ္စ၊ ဒုက္ခ၊ အသုဘ၊ အနတ္တ အယူမှန် ရှိ၏။ သို့သော် ပရမတ်နယ်၏ အနေဖြင့် ရုပ်နာမ် အကြောင်းအကျိုး ဆက်နွယ်မှုတို့ကို ဟုတ်တိုင်းမှန်စွာ မသိမြင်နိုင်ကြသေးပါ။ ထို့ကြောင့် ပရမတ်နယ်၏ အဆင့်တွင် ဝလုံးတန်း အဆင့်သာ ဖြစ်ကြပါသည်။
သစ္စာနယ် (ပညာနယ်) တွင် လောကီသစ္စာနှစ်ပါး ဖြစ်သော ဒုက္ခသစ္စာနှင့် သမုဒယသစ္စာ၊ လောကုတ္တရာသစ္စာနှစ်ပါး ဖြစ်သော နိရောဓသစ္စာနှင့် မဂ္ဂသစ္စာ ဆိုသော သစ္စာလေးပါး ရှိ၏။ ဝိပဿနာသည် သစ္စာလေးပါးကို သိမြင်ရန်၊ မျက်မှောက်ပြုရန်အတွက် အားထုတ်ရခြင်း ဖြစ်သည်။
နယ်သုံးနယ်ကို ဖြတ်ကျော်ရခြင်း
ကျွန်တော် ရှင်းပြချင်သည်မှာ ဝိပဿနာအားထုတ်သူသည် သမုတိနယ်မှ ပရမတ်နယ်သို့ ကူးရသည်။ ပရမတ်နယ်ရောက်မှ သစ္စာနယ်ဝင်ကာ ဒုက္ခကို ပိုင်းခြားသိခြင်း၊ သမုဒယပယ်ခြင်း၊ နိရောဓဆိုက်ခြင်းတို့ကို မဂ္ဂင်ရှစ်ပါးပွားခြင်းဖြင့် ဆောင်ရွက်ရခြင်း ဖြစ်သည်။
မြတ်စွာဘုရား၏ ဓမ္မစကြာတရားတော်ကို ကြည့်ပါ။ ပဉ္စဝဂ္ဂီငါးဦးအား မြတ်စွာဘုရား ဟောကြားတော်မူစဉ် ပထမဦးစွာ သမုတိနယ်အနေဖြင့် ချစ်ခင်နှစ်သက်သော သူနဲ့ ကွေကွင်းရတာလည်း ဆင်းရဲတယ်၊ မချစ်မနှစ်သက်သော သူနဲ့ ပေါင်းနေရတာလည်း ဆင်းရဲတယ်၊ လိုတာ မရတာလည်း ဆင်းရဲတယ် ဟု မိန့်တော်မူ၏။ ဤအချက်များကို ပဉ္စဝဂ္ဂီငါးဦးက သမုတိနယ်အနေဖြင့် အကုန်နားလည်ကြပါသည်။
ထို့နောက် မြတ်စွာဘုရား “ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” (အကျဉ်းအားဖြင့် စွဲလမ်းနိုင်ရာ ငါးခန္ဓာသည် ဆင်းရဲခြင်းပင်ဖြစ်၏) ဟု ပရမတ်နယ်သို့ ခေါ်ယူတော်မူ၏။ ပဉ္စဝဂ္ဂီငါးဦးက ဤစကားတော်ကို ငါးရက် ရှင်းရတယ်။ သူတို့ ပရမတ်နယ် ရောက်သွားတာ။ ထို့နောက် သစ္စာနယ် ဝင်လိုက်ရော သူတို့ သောတာပန်တွေ ဖြစ်သွားကြတယ်။ ကျွန်တော် မြတ်စွာဘုရားရဲ့ တရားတွေကို လေ့လာကြည့်တဲ့အခါမှာ မြတ်စွာဘုရားရဲ့ တရားဟောနည်း၊ သင်ကြားပုံ သင်ကြားနည်း စနစ်ကို နားလည်သွားတယ်။ အဲ့ဒီကျမှ ကျွန်တော် နယ်သုံးနယ် ခွဲပြလိုက်တာ။
သတိ၏ အခန်းကဏ္ဍ
ယခု သတိ၏ အရေးပါမှုကို ရှင်းပြပါမည်။ သတိသည် အောက်မေ့ခြင်းဖြစ်ပါသည်။ သိခြင်းသည် စိတ်ဖြစ်ပါသည်။ စိတ်သည် ရေနှင့်တူပါသည်။ သတိသည် စေတသိက်ဖြစ်ပါသည်။ လောဘ၊ ဒေါသ၊ မောဟတို့သည် မကောင်းသော စေတသိက်များဖြစ်ပါသည်။ သတိကတော့ ကောင်းသည့် ကုသိုလ်စေတသိက် ဖြစ်ပါသည်။
ကျွန်တော်တို့ ဝင်လေထွက်လေလေးကို ရှုတဲ့အခါမှာ ဒီဝင်လေထွက်လေ အာရုံလေးကို သိနေတာက သတိပါလား၊ အောက်မေ့နေတာက သတိပါလား။ ကျွန်တော်တို့က အဲ့လိုမသိဘူး။ စိတ်ကြီးတစ်ခုက ဒီဟာကြီးကို သိနေတယ် သွားထင်နေတာ။ သူက အောက်မေ့တာက သတိကို ကျွန်တော်တို့က အဲ့ဒီသတိနေရာကို သတိမှန်းမသိတော့ အဲ့ဒီနေရာကို စိတ်ကြီး သွားဝင်နေတာ။ သတိနဲ့ စိတ်က မတူဘူး။ အောက်မေ့တာက သတိ၊ သိတာက စိတ်။
နယ်သုံးနယ်တွင် သတိ၏ အလုပ်
သမုတိနယ်တွင် သညာသိဖြစ်၍၊ ပရမတ်နယ်သည် ဝိညာဏ်သိဖြစ်ကာ၊ သစ္စာနယ်သည် ပညာသိ ဖြစ်ပါသည်။ ထို့ကြောင့် သညာသိမှ ဝိညာဉ်သိဖြစ်အောင် သတိ၊ ဝီရိယ၊ သမာဓိတို့ကို ထူထောင်ရခြင်း ဖြစ်ပါသည်။
ကျွန်တော် အလေးအနက် ပြောချင်သည်မှာ ရှေ့စိတ်ပြီးနောက်စိတ်မှာ သတိလိုက်ဖို့သာ လိုရင်း ဖြစ်ပါသည်။ မြင်စိတ်မှာ ကိလေသာမပါဘူး။ ကြားစိတ်မှာ ကိလေသာမရှိဘူး။ နံစိတ်၊ စားစိတ်၊ ထိစိတ်၊ ဒီပထမဆုံးဖြစ်တဲ့ စိတ်တွေမှာ ဝိပါက်စိတ်တွေ ဖြစ်တယ်။ ဝိပါက်ဆိုတာ အကျိုးတရားတွေဖြစ်တဲ့အတွက် အတိတ်ကအကြောင်းကြောင့် အခုအကျိုးတရားတွေဖြစ်တဲ့အတွက် ဘာကိလေသာမှမရှိဘူး။ လောဘစိတ်တွေ၊ ဒေါသစိတ်တွေ၊ မောဟစိတ်တွေ၊ ကိလေသာတွေမရှိဘူး။ ကိလေသာဘယ်မှဖြစ်တာတုန်းဆိုတော့ နောက်မနောမှာဖြစ်တာ။ ဒါကြောင့်မို့လို့ နောက်မနောမှာ သတိရှိလိုက်တာနဲ့ အဲဒီကိလေသာတွေ ဖြစ်သေးလား။ မဖြစ်ပါဘူး။
သတိနှင့် ဥပါဒါန်
ရှေ့မနောတွင် သညာပေါ်သော်လည်း နောက်မနောတွင် သတိရှိပါက သညာကို ဓမ္မာရုံအဖြစ် သိမြင်နိုင်ပါသည်။ သတိမရှိပါက ဥပါဒါန်ဖြင့် စွဲယူပါသည်။ သညာကို ပုဂ္ဂိုလ်သတ္တဝါ၊ ‘ငါ’ အဖြစ် အယူမှား၊ အထင်မှားခြင်း ဖြစ်လေသည်။ ရှေ့မနောတွင် သညာပေါ်သော်လည်း သတိမရှိသောအခါ ခန္ဓာကို ဉာဏ်မရောက်နိုင်သောကြောင့် အစွဲဥပါဒါန်အဖြစ်သာ ပုဂ္ဂိုလ်သတ္တဝါအနေဖြင့် နှလုံးသွင်းပြီး အယူမှား၊ အထင်မှားခြင်း ဖြစ်ရလေသည်။
သတိနှင့် ဥပါဒါန်သည်လည်း တစ်ချိန်၌ နှစ်ခုပြိုင်၍ မဖြစ်ပါ။ ဥပါဒါန်ရှိပါကလည်း သတိမရှိနိုင်ပါ။ သတိရှိပါကလည်း ဥပါဒါန်မရှိပါ။ ထို့ကြောင့် ပခုက္ကူဆရာတော်ကြီးသည် ‘ပုဂ္ဂိုလ်မယူ၊ နာမ်ရုပ်ယူ။ ထိုသူ ဥပါဒါန်ကင်းသတည်း’ ဟု ဟောကြားပါ၏။
နိဂုံး
ဝိပဿနာတရားအားထုတ်တယ်ဆိုတာ ရှေ့စိတ်ပြီးရင် နောက်စိတ်မှာ သတိရှိဖို့သာ လိုရင်းပဲ။ မိုးကုတ်ဆရာတော်ဘုရားကြီးက “ သင်သည် မုချ သေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်” ဟု မိန့်တော်မူခဲ့ပါသည်။ ကျွန်တော်က ဆရာတော်ကြီးကို ကျေးဇူးဆပ်တဲ့အနေနဲ့ “ သေမှာမကြောက်နဲ့၊ သတိမရှိမှာသာ ကြောက်” ဟု ရေးခဲ့ပါသည်။ ကျွန်တော်တို့အတွက် သတိကလိုရင်းလေ။
ပခုက္ကူအနိစ္စဆရာတော်ဘုရားကြီးက “ သတ္တဝါမရှိသော အသိသာလိုရင်း” ဟု မိန့်တော်မူခဲ့ပါသည်။ အမှန်တော့ သတ္တဝါမရှိဘူးဆိုတာ ရှေ့စိတ်ပြီးနောက်စိတ်မှာ သတိရှိလိုက်တာနဲ့ သတ္တဝါဆိုတာ မရှိတော့ဘူး။ ရုပ်နာမ်တွေချည်းပဲ ရှိတာကိုး။ အဆင်းတွေပဲရှိတယ်၊ အသံတွေပဲရှိတယ်။ သတ္တဝါမရှိတော့ဘူး။
ထို့ကြောင့် သင်တို့ နယ်သုံးနယ်ကို ပိုင်းပိုင်းခြားခြား သိရမယ်။ သမုတိနယ်က သညာသိ၊ ပရမတ်နယ်က ဝိညာဏ်သိ၊ သစ္စာနယ်က ပညာသိ ဖြစ်ကြောင်း နားလည်ရမည်။ ဝိပဿနာသည် သစ္စာလေးပါးကို တွေ့မြင်ရန်၊ မျက်မှောက်ပြုရန်အတွက် အားထုတ်ရခြင်း ဖြစ်သည်။ ထို့ကြောင့် သမုတိနယ်မှ ပရမတ်နယ်သို့ ကူးရသည်။ ပရမတ်နယ်ရောက်မှ သစ္စာနယ်ဝင်ကာ ဒုက္ခကို ပိုင်းခြားသိခြင်း၊ သမုဒယပယ်ခြင်း၊ နိရောဓဆိုက်ခြင်းတို့ကို မဂ္ဂင်ရှစ်ပါး ပွားခြင်းဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ သတိသည် ဤခရီးလမ်းတစ်လျှောက် အဓိကသော့ချက် ဖြစ်ကြောင်း သင်တို့ သိမှတ်ကြပါစေ။
Dr. Soe Lwin (Mandalay)
