လောဘ

လောဘအကြောင်း နားလည်သဘောပေါက်ရန်

လောဘဆိုတာက ကျွန်တော်တို့ လူသားတိုင်းရဲ့ စိတ်ထဲမှာ အမြဲတမ်း ပုန်းအောင်းနေတတ်သော အစွဲအလန်းသိမ်းပိုက်လိုသော စိတ်ကြိုက်စွဲမှု ဖြစ်ပါတယ်။ ဒီလောဘဆိုတာက သိပ်ပြီးတော့ သိမ်မွေ့လွန်းလို့ မြင်တောင်မမြင်နိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ လောဘရဲ့ အဓိကသဘောက ဘာလဲဆိုတော့ “ ငါ” ဆိုတဲ့ အစွဲနဲ့အတူ အမြဲပါလာပြီး၊ မြင်တာ၊ ကြားတာ၊ ခံစားတာတိုင်းကို “ ငါ့ရဲ့” လို့ သွားသိမ်းပိုက်လိုက်တဲ့ စိတ်ပါပဲ။

လောဘ၏ သဘောသဘာဝ

ကျွန်တော် ရှင်းပြချင်တာက လောဘဆိုတာ သဘာဝတရားရဲ့ နိယာမ ပါပဲ။ လယ်တီဆရာတော်ဘုရားကြီးက ဘယ်လိုရေးခဲ့လဲဆိုတော့ “ မြစ်ရေက မြင့်ရာမှ နိမ့်ရာဆင်းတာ ပကတိသဘော” လို့ ပြောခဲ့ပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ စိတ်တွေကလည်း ဒီတိုင်းလွှတ်ထားရင် အကုသိုလ်ဘက်က ဝေါခနဲပဲ ဖြစ်သွားတာ ဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ ဆိုတာ သဘာဝအတိုင်း ဖြစ်နေတာပါ။ ကုသိုလ်ဖြစ်ဖို့ကျတော့ ပြုပြင်ရတယ်၊ အားထုတ်ရတယ်

မျက်စိနဲ့ အဆင်းနဲ့ တိုက်ရင် မြင်စိတ် ပေါ်တယ်။ နားနဲ့ အသံနဲ့ တိုက်ရင် ကြားစိတ် ပေါ်တယ်။ အဲဒီ မြင်စိတ်၊ ကြားစိတ်တွေက ဘယ်သူမှ မပိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က “ ငါမြင်တယ်” ဆိုပြီး ငါနဲ့ သွားသိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီ “ ငါ” ရဲ့နောက်မှာ လက်မဲကြီး ရှိတယ်။ အဲဒါ လောဘ ပါပဲ။

လောဘ၏ သိမ်မွေ့မှု

လောဘဆိုတာက ဘုရားမပွင့်ခင်တုန်းက မြင်တောင်မမြင်နိုင်ဘူး။ ဒီလောဘက သိမ်မွေ့လွန်းလို့ ဘုရားပွင့်မှ သိတာ ဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့က အကျိုးမျှော်ပြီးတော့ လှူနေတာ။ အဲဒီ အကျိုးမျှော်တာကိုက လောဘ ပါပဲ။ စေတနာမေတ္တာ ဆိုပြီး ကျွန်တော်တို့ ထင်နေကြတာတွေရဲ့ နောက်မှာ လောဘက သိမ်းပိုက်နေတာ ကို မသိနိုင်ဘူး။ အဲဒါကိုက မောဟ ပါပဲ။

ကျွန်တော် ဥပမာတစ်ခု ပေးချင်ပါတယ်။ တစ်ယောက်က ကူညီပေးထားတဲ့ အကြောင်းကို “ ငါ ဘယ်တုန်းက ကူညီခဲ့တယ်” ဆိုပြီး သိမ်းသိမ်းထားတတ်ပါတယ်။ အဲဒါ လောဘ ပါပဲ။ ကူညီတဲ့အခါ စေတနာ ပေါ်တယ်။ ဒါပေမယ့် နောက်မှာ group ထဲမှာ တင်လာတော့ စေတနာက ပြန်ပေါ်လာပြီး ဝမ်းသာစိတ်ကဖြစ်ပြန်ရော။ အဲဒီ ဝမ်းသာစိတ်ရဲ့ နောက်မှာ “ ငါလုပ်ပေးခဲ့တယ်” ဆိုတဲ့ လောဘက ပါနေတာ ကို သတိထားမိရင် သိလာမှာ ဖြစ်ပါတယ်။

လောဘနဲ့ ဒေါသ၊ မောဟ၏ ဆက်နွယ်မှု

ကျွန်တော် ရှင်းပြချင်တာက မောဟကြောင့် လောဘဖြစ်တာ။ လောဘကြောင့် ကိုယ့်အလိုမကိုက်လို့ ဒေါသဖြစ်လာတာ။ ဒီ basic principle ကို နိုင်နေရမှာ ဖြစ်ပါတယ်။ စိတ်က သတိမရှိလိုက်သည်နှင့် ဘာကြောင့် မောဟစိတ် ဖြစ်သွားရပါသလဲဆိုတော့ ဒါက သဘာဝတရားရဲ့ နိယာမ ပဲ ဖြစ်ပါတယ်။

တစ်ယောက်က ဒေါသဖြစ်တာကို သတိထားမိတယ်ဆိုပါစို့။ အရင်က ဒေါသဖြစ်ရင် ကာယကံ ဒါမှမဟုတ် ဝစီကံ နဲ့ ပေါက်ကွဲလိုက်တယ်။ အခုတစ်ခါကျတော့ ဒေါသထွက်နေရင်းက “ ဘာလို့ ဒေါသထွက်နေတာလဲ” မေးလိုက်တော့မှ သတိဝင်သွားပြီး “ ဪ ကိုယ်သိချင်တဲ့အဖြေကို တိတိကျကျ မသိရတဲ့ လောဘကြောင့်ပါလား” ဆိုတာ သိပြီး ချက်ချင်းအေးချမ်းသွားတယ်။ ဒီလို သဘောပေါက်လာတာ အရမ်းကောင်းပါတယ်။

လောဘကို စွန့်ခြင်း

ကျွန်တော်တို့ ကုသိုလ်ငါးမျိုး လုပ်တဲ့အခါ အားလုံးက လောဘစွန့်တယ် ဆိုတာ နားလည်ရပါမယ်။ ဒါနကုသိုလ် က လောဘစွန့်တယ်။ သီလကုသိုလ် က လောဘစွန့်တယ်။ ညစာ ထမင်းမစားရတာ မဟုတ်ဘူး၊ ညစာ ထမင်းစားချင်တဲ့ လောဘ စွန့်တာသမာဓိကုသိုလ် က စိတ်ထဲမှာ ဟိုဟာလိုချင်၊ ဒီဟာလိုချင်တဲ့ လောဘလေးတွေ မဖြစ်အောင် ဂုဏ်တော်ပွားတာ၊ သမာဓိလုပ်တာ။ ဝိပဿနာကုသိုလ် က ရုပ်နာမ် ဖြစ်ပျက်တွေကို “ ငါ့ရုပ်၊ ငါ့နာမ်” လို့ သိမ်းပိုက်တဲ့ လောဘ စွန့်တာမဂ်ကုသိုလ် ကတော့ အပြီးစွန့် ပေါ့။

အကုသိုလ်ကိလေသာတွေက ရောဂါ၊ သတိက ဆေး ပါ။ အကုသိုလ်ပယ်မှ ကုသိုလ်ဖြစ်တာ။ ဒီအချက်က သိပ်အရေးကြီးတယ်။ လောဘစွန့်မှ ကုသိုလ်၊ ဒေါသစွန့်မှ ကုသိုလ်၊ မောဟစွန့်မှ ကုသိုလ်လောဘကို စေတနာနဲ့စွန့်တယ်၊ ဒေါသကို မေတ္တာနဲ့စွန့်တယ်၊ မောဟကို သတိနဲ့စွန့်တယ်။ ဒီ principle လေးကို နိုင်နေရမှာပါ။

လောဘနဲ့ ဘဝ၏ ဆင်းရဲ

ကျွန်တော် ပြောချင်တာက ကိုယ့်လောဘလေး နည်းနည်း နည်းသွားရင်ကို တော်တော်မဆိုးဘူး၊ နေရထိုင်ရတာ တော်တော် အဆင်ပြေနေတာ ပါပဲ။ လောဘနည်းဖို့ဆိုတာလည်း ဘာလုပ်ရမလဲဆိုတော့ မှန်ကန်တဲ့ အမြင် တစ်ခုပေါ့နော်။ လောကမှာ ဆန့်ကျင်ဘက်တရားတွေက တွဲလျက်ရှိတယ်။ အလင်းလည်း တွေ့မှာ ဖြစ်သလို အမှောင်လည်း တွေ့ရမှာပါ။ ချီးမွမ်းမှုလည်း ရှိသလို နှိမ့်ချမှုကိုလည်း ကြုံရမှာပါ။ လောကဓံရဲ့ သဘာဝ ပါ။

လောကဓံကို ဖြတ်ကျော်နိုင်ဖို့ မဇ္ဈိမပဋိပဒါ အစွန်းလွတ်တဲ့ လမ်းစဉ် ကို မြတ်စွာဘုရားက ညွှန်ပြခဲ့ပါတယ်။ ကောင်းတဲ့ လောကဓံရဲ့ သာယာဖွယ် ကိုလည်း သိရမယ်။ ဆိုးတဲ့ လောကဓံရဲ့ အပြစ် ကိုလည်း သိရမယ်။ အကောင်းအဆိုး လောကဓံကနေ လွတ်တဲ့ ထွက်မြောက်ရာ ကိုလည်း သိရမယ်။ သာယာဖွယ် ဆိုလျှင် လောဘနှင့် ကပ်ငြိတတ် ပြီး၊ အပြစ် ဆိုလျှင် ဒေါသနှင့် ကပ်ငြိတတ် ပါတယ်။ လောဘနှင့် ဒေါသတို့က အမှန်မသိတတ်တဲ့ မောဟကြောင့် ပါ။ အမှန်သိရင် မောဟကို ပယ်နိုင် ပါတယ်။

လောဘနဲ့ သတိ၏ အရေးပါမှု

ကျွန်တော် နောက်ဆုံး ပြောချင်တာက သတိရှိရင် လောဘ၊ ဒေါသ၊ မောဟ ကင်းတယ်။ ထုတ်ထုတ်လို့ ကြားတာ ဘာလဲ။ အသံပဲ ကြားပါလား လို့ နောက်စိတ်က သတိပြုမိရင် မောဟရှိသေးလား။ မရှိတော့ဘူး။ ကြားကြားတိုင်း မှတ်တာ အသံ။ ဪ ဒီလိုတွေ နားလည်လာတာ။ အဲဒီလို နားလည်လာရင် ဘာကင်းလဲ။ လောဘ၊ ဒေါသ၊ မောဟ ကင်းတယ်။ အဲဒါလေးကို သူက ပွားရတယ်။ အဲဒီလို သိရင် အဲဒါကို ပွားတာ လို့ ခေါ်တာ ဖြစ်ပါတယ်။ အဲဒီလို ဆက်တိုက်ပွားနေရင် ကိုယ့်စိတ်ထဲမှာ လောဘ၊ ဒေါသ၊ မောဟတွေ ငြိမ်းနေမှာ ဖြစ်ပါတယ်။

ဒီလိုလေး နားလည်သွားရင်ကို တော်တော်လေး ဘဝမှာ အဆင်စပြေမှာ ပေါ့နော်။ လောဘပယ်ဖို့ အများကြီး ကြိုးစားရမှာ ဖြစ်ပေမဲ့ ဒီလောဘက သိမ်မွေ့လွန်းလို့ မြင်တောင်မမြင်နိုင်ဘူး။ ဒါကြောင့် သတိ နဲ့ မှန်ကန်တဲ့အမြင် တို့က အရေးကြီးပါတယ်။ လောဘကို ပယ်နိုင်လို့ရှိရင် နိဗ္ဗာန်ရောက်တယ်။ ပြီးပြီ ဒါပဲ။

Dr. Soe Lwin (Mandalay)

မှတ်ချက်ရေးပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်