ရှေ့စိတ် နောက်စိတ်

ရှေ့စိတ်နှင့် နောက်စိတ်၏ သဘောတရား

ယနေ့ ရှေ့စိတ်နှင့်နောက်စိတ်ဆိုသော ဝိပဿနာတရား၏ အခြေခံအုတ်မြစ်တစ်ခုကို ရှင်းလင်းပြောပြချင်ပါသည်။ ဤသဘောတရားသည် ကျွန်တော်တို့၏ စိတ်ဖြစ်စဉ်ကို နားလည်ရန်နှင့် ဝိပဿနာအလုပ်ကို လက်တွေ့ကျင့်သုံးရန် အလွန်အရေးကြီးသော သော့ချက်ဖြစ်ပါသည်။

ရှေ့စိတ်နှင့် နောက်စိတ်၏ အဓိပ္ပာယ်

ရှေ့စိတ်ဆိုသည်မှာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ မနောဟူသော ဒွါရခြောက်ပါးတို့တွင် အာရုံနှင့်အကြောင်းတိုက်ဆိုင်တိုင်း သူ့သဘောသူဆောင်၍ ဖြစ်ပေါ်လာသော အကျိုးတရားများဖြစ်ကြပါသည်။ ဥပမာ မျက်စိနှင့်အဆင်းတို့ တိုက်ဆိုင်မှုကြောင့် မြင်စိတ်ဖြစ်ပေါ်ခြင်း၊ နားနှင့်အသံတို့ တိုက်ဆိုင်မှုကြောင့် ကြားစိတ်ဖြစ်ပေါ်ခြင်းတို့သည် ရှေ့စိတ်များဖြစ်ကြပါသည်။ ဤရှေ့စိတ်များသည် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော ခန္ဓာငါးပါးအဖြစ် ဖြစ်ပေါ်ကြပြီး ဒုက္ခသစ္စာအရှုခံတရားများ ဖြစ်ကြပါသည်။

နောက်စိတ်ဆိုသည်မှာ မနောဒွါရတွင် ရှေ့စိတ်ဖြစ်ပေါ်ချုပ်ပျောက်ပြီးသောအခါ ထိုရှေ့စိတ်မှ ကျေးဇူးပြုသွားသော အာရုံကို အကြောင်းခံ၍ မနောမှာ ဖြစ်ပေါ်လာသော စိတ်ဖြစ်ပါသည်။ နောက်စိတ်သည် ရှေ့စိတ်၏အာရုံကိုသာ သိခွင့်ရသောကြောင့် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေးတို့တွင် မနောမှ သိလိုက်ရသည်နှင့် ရှေ့စိတ်၏အာရုံမျှသာ ဖြစ်လေသည်။ ဤနောက်စိတ်တွင် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံတို့ဖြစ်သော သမုဒယသစ္စာအကြောင်းတရားများ ဖြစ်ပေါ်နိုင်ပါသည်။

လက်တွေ့ဥပမာများဖြင့် နားလည်ခြင်း

ကျွန်တော်သည် ဤသဘောတရားကို နေ့စဉ်ဘဝတွင် မြင်တွေ့နိုင်သော ဥပမာများဖြင့် ရှင်းပြလိုပါသည်။ “ ဒေါ့” လို့ကြားတာက ရှေ့စိတ်၊ “ ခွေး” လို့သိတာက နောက်စိတ်ဖြစ်ပါသည်။ နားက “ ဒေါ့” ဆိုသော အသံကိုသာ ကြားရသော်လည်း မနောက “ ခွေး” ဟု သညာဖြင့် သိသွားခြင်းဖြစ်ပါသည်။ “ လင်းတာမြင်တာက ရှေ့စိတ်၊ နေ့လို့သိတာက နောက်စိတ်” “ မှောင်တာမြင်တာက ရှေ့စိတ်၊ ညလို့သိတာက နောက်စိတ်” ဖြစ်ပါသည်။ မျက်စိသည် လင်းခြင်းမှောင်ခြင်းကိုသာ မြင်နိုင်ပြီး “ နေ့” “ ည” ဟူသော သညာသည် မနော၌ပေါ်ပေါက်ခြင်းဖြစ်သည်။

ရေကိုကြည့်သောအခါ “ ကြည်နေတဲ့အရောင်မြင်တာက ရှေ့စိတ်၊ ရေလို့သိတာက နောက်စိတ်” ဖြစ်ပါသည်။ “ ဖြူတာမြင်တာက ရှေ့စိတ်၊ နွားနို့လို့သိတာက နောက်စိတ်” ဖြစ်ပါသည်။ မျက်စိသည် အရောင်သက်သက်ကိုသာ မြင်နိုင်ပြီး “ ရေ” “ နွားနို့” ဟူသော ပညတ်အမည်များသည် မနော၌ သညာဖြင့် ပေါ်ပေါက်ခြင်းဖြစ်သည်။

ဈေးဝယ်သွားသောအခါ “ ကြည့်တာက ရှေ့စိတ်၊ ရွေးတာက နောက်စိတ်” ဖြစ်ပါသည်။ အဝတ်အထည်များကို မကြည့်ဘဲ ရွေးယူ၍မရနိုင်ပါ။ မျက်စိက အရောင်ပုံသဏ္ဍာန်များကို မြင်ရမှသာ မနောက ကိုယ်ကြိုက်သော အရာကို ရွေးချယ်နိုင်ခြင်းဖြစ်သည်။ “ ဟင်းမြည်းတာက ရှေ့စိတ်၊ ငန်တယ်ချိုတယ်လို့သိတာက နောက်စိတ်” “ မီးနီမြင်တာက ရှေ့စိတ်၊ ရပ်ရမယ်လို့သိတာက နောက်စိတ်” ဖြစ်ကြပါသည်။

အကျိုးတရားနှင့် အကြောင်းတရား

ရှေ့စိတ်သည် အကျိုးတရားဖြစ်၍ မိမိနှင့်လုံးဝ မသက်ဆိုင်ပါ။ ရှေ့စိတ်သည် အတိတ်ကံကြောင့် ဖြစ်ပေါ်နေသော ဝိပါကခန္ဓာသာဖြစ်ပါသည်။ အကြောင်းတရားနှင့် အကျိုးတရားတို့တွင် အကြောင်းတရားသည် မိမိနှင့်သက်ဆိုင်သော်လည်း အကျိုးတရားသည် မိမိနှင့်လုံးဝ မသက်ဆိုင်ပါ။ အကျိုးတရားသည် အကြောင်းတရားနှင့်သာ သက်ဆိုင်ပါသည်။ အကြောင်းတရားတို့ ပြည့်စုံညီညွတ်မှုကြောင့်သာ အကျိုးတရားတို့သည် သူ့သဘောသူဆောင်ပြီး ဖြစ်ပေါ်နေကြရခြင်းဖြစ်သည်။

နောက်စိတ်သည် အကြောင်းတရားဖြစ်၍ မိမိနှင့်သက်ဆိုင်ပါသည်။ ပစ္စုပ္ပန် အကြောင်းတရားတို့သည် ပဋိစ္စသမုပ္ပါဒ်တွင် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံတို့ဖြစ်ကြသည်။ ထိုအကြောင်းတရားတို့နှင့်သာ မိမိသည် သက်ဆိုင်၏။ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ထိစိတ်၊ တွေးစိတ်စသည့် ရှေ့စိတ်တို့ ဖြစ်ပေါ်ချုပ်ပျောက်ပြီးသောအခါ နောက်စိတ်သည် မိမိသိခွင့်ရသော အာရုံကို ပုဂ္ဂိုလ်၊ သတ္တဝါဟု အသိမှားခြင်း (အဝိဇ္ဇာ)၊ ထိုထိုအာရုံအပေါ်တွင် နှစ်သက်ခြင်း (တဏှာ)၊ ထိုထိုအာရုံကို ငါ၊ ငါ့ဥစ္စာအဖြစ် စွဲလမ်းခြင်း (ဥပါဒါန်)တို့ ဖြစ်ပေါ်ကြပြီး ကာယ၊ ဝစီ၊ မနောသင်္ခါရဖြင့် အားထုတ်ကာ ကုသိုလ်ကံ၊ အကုသိုလ်ကံများ ဖြစ်ပေါ်ကြခြင်းဖြစ်သည်။

ရှေ့စိတ်ဖြစ်ပျက် နောက်စိတ်မဂ်

ရှေ့စိတ်ကို နောက်စိတ်ဖြင့် ရှုခြင်းသည် ဝိပဿနာဖြစ်ပါသည်။ စိတ္တာနုပဿနာဟုခေါ်သည်။ ရှေ့စိတ်ဖြစ်သော ဝိညာဏ်၊ နာမ်ရုပ်တို့သည် အရှုခံတရားဖြစ်လျှင် နောက်စိတ်သည် အရှုဉာဏ် (မဂ္ဂင်ငါးပါး)ဖြစ်သည်။ သို့သော် ရှေ့စိတ်ကို ဥပါဒါန်ကပ်သောအခါ ဥပါဒါန်သည် အရှုခံတရားဖြစ်၍ ဥပါဒါန်ကပ်သည်ကို သိခြင်းသည် အရှုဉာဏ်ဖြစ်သည်။

ထို့ကြောင့် ပုထုဇဉ်တို့၏စိတ်တွင် ဒိဋ္ဌိ၊ တဏှာမပယ်ရသေးသောကြောင့် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေးတို့တွင် အကြောင်းတိုက်ဆိုင်၍ ဖြစ်ပေါ်လာသောစိတ်တို့သည် အရှုခံတရားများအဖြစ် အမြဲရှိနေကြပါသည်။ ထိုဖြစ်ပေါ်လာသော စိတ်တို့အပေါ်တွင် ဥပါဒါန်ကပ်၊ မကပ်ကို နောက်စိတ် မဂ္ဂင်ဖြင့် ရှုပွားနိုင်ရန်သာ အဓိကဖြစ်ပါသည်။ ဥပါဒါန်ကပ်ပါက ဥပါဒါန်သည် အရှုခံတရားဖြစ်၍ ဥပါဒါန်မကပ်ပါက ရှေ့စိတ် ဝိညာဏ်၊ နာမ်ရုပ်တို့သည် အရှုခံတရားများ ဖြစ်လေသည်။

ဥပါဒါန်သည် သမုဒယသစ္စာထိုက်၍ ဥပါဒါန်ကို သိသောဉာဏ်သည် မဂ္ဂသစ္စာဖြစ်သည်။ မဂ္ဂသစ္စာဝင်လိုက်လျှင် သမုဒယသစ္စာချုပ်၏။ မနောတွင် တစ်ချိန်၌ နှစ်စိတ်ပြိုင်မဖြစ်ပေ။ ထို့ကြောင့် မနောတွင် မဂ္ဂင်ဝင်လိုက်ပါက သမုဒယ ဥပါဒါန် တဒင်္ဂချုပ်၏။ သမုဒယက ဖြစ်ပျက် သိတာက မဂ်ဖြစ်၏။ ဥပါဒါန်ကို ဥပါဒါန်လို့ သိခြင်းသည် မဂ္ဂင်ထိုက်ပြီး ဝိပဿနာဖြစ်၏။ အရှုဉာဏ်သည် မဂ္ဂသစ္စာဖြစ်၍ အရှုခံသည် သမုဒယသစ္စာဖြစ်လေသည်။

တစ်ချိန်မှာ တစ်စိတ်ဖြင့်သာ အသက်ရှင်ခြင်း

လူတွင် စိတ်ဖြစ်ရာဋ္ဌာန ခြောက်နေရာရှိ၏။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနောတို့မှာ ဖြစ်ကြ၏။ မျက်စိမှာ မြင်စိတ်၊ နားမှာ ကြားစိတ်၊ နှာခေါင်းမှာ နံစိတ်၊ လျှာမှာ စားစိတ်၊ ကိုယ်မှာ ထိစိတ်၊ မနောမှာ တွေးစိတ် ဖြစ်ပေါ်၏။ မနောဝိညာဏ်မှလွဲ၍ ကျန်စိတ်တို့သည် ကံဖြစ်ပေါ်နိုင်ခြင်းမရှိပါ။ ကာယကံ၊ ဝစီကံ၊ မနောကံသည် မနောဝိညာဏ်ကြောင့်သာ ဖြစ်ပေါ်ရသည်။

မြင်စိတ်ဖြစ်သောအချိန်တွင် ကျန် (၅)စိတ် မဖြစ်ပါ။ ထို့အတူ ကြားစိတ်ဖြစ်ပါကလည်း အခြားစိတ်များ မဖြစ်ကြပါ။ တွေးစိတ်ဖြစ်ပါကလည်း မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်မှာ စိတ်မရှိပါ။ တစ်ချိန်မှာ တစ်စိတ်ဖြင့်သာ အသက်ရှင်ပါသည်။ မြင်စိတ်ဖြစ်သည်ကို သိရခြင်းသည် မနောမှာ ရှုစိတ်ဖြစ်သောကြောင့်ဖြစ်၏။ ထိုအခါ မြင်စိတ်မရှိတော့ပါ။ ရှုစိတ် မနောဝိညာဏ်ဖြင့်သာ အသက်ရှင်၏။

ဤသို့ဖြင့် မြင်စိတ် ရှုစိတ်၊ ကြားစိတ် ရှုစိတ်၊ နံစိတ် ရှုစိတ်၊ စားစိတ် ရှုစိတ်၊ ထိစိတ် ရှုစိတ်၊ တွေးစိတ် ရှုစိတ်စသည်ဖြင့် တစ်စိတ်ပြီးမှ တစ်စိတ် ဖြစ်ပေါ်ချုပ်ပျောက်နေခြင်းကို အသက်ရှင်သည်ဟုခေါ်၏။ ထိုစိတ်တို့သည်လည်း အမြဲမရှိ။ အာရုံနှင့်အကြောင်းတိုက်ဆိုင်မှသာ ဒွါရအလိုက် သူ့သဘောသူဆောင်ပြီး အသစ်အသစ် ဖြစ်ပေါ်နေသော အနတ္တသဘာဝတရားတို့ ဖြစ်ကြသည်။

ဥပါဒါန်ကပ်တာကို မကြောက်နှင့်၊ မသိလိုက်မှာကိုကြောက်

အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်မပယ်ရသေးသောသူတို့တွင် အကြောင်းတိုက်ဆိုင်၍ ဖြစ်ပေါ်လာသော အာရုံတို့အပေါ်တွင် ဥပါဒါန်သည် သူ့သဘောသူဆောင်၍ ကပ်ပေမည်။ ဓမ္မသဘာဝသည် အနတ္တဖြစ်၏။ ဥပါဒါန်အပေါ်မှာ မိမိအလိုအတိုင်း အစိုးမရနိုင်ပါ။ ဥပါဒါန်သည် အတ္တမဟုတ်၊ အနတ္တဖြစ်ပါသည်။

မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေးတို့တွင် စွဲလမ်းနိုင်စရာ အာရုံဖြစ်ပါက ဥပါဒါန်သည် သူ့သဘောသူဆောင်ပြီး ကပ်ပေမည်။ သို့သော် မြင်တိုင်းလည်း ဥပါဒါန်မဖြစ်ပါ။ ဥပမာ ကားစီးသွားသောအခါ လမ်းတစ်လျှောက်တွင် ကားတွေ၊ အိမ်တွေ၊ လူတွေ၊ သစ်ပင်တွေ စသည်ဖြင့် မြင်သော်လည်း ဥပါဒါန်မကပ်ပါက မနောကံတောင်မဖြစ်ပါ။ “ ဒီကားလေးက တယ်လှပါလား” ဆိုမှ ဥပါဒါန်ဖြစ်ပြီး မနောကံမြောက်ခြင်းဖြစ်သည်။ သတိမရှိသောကြောင့်သာ ဥပါဒါန်ကပ်၊ မကပ်ကို မသိနိုင်ခြင်းဖြစ်ပါသည်။

သတိရှိလျှင် ဥပါဒါန်ကပ်သောစိတ်သည် ရှေ့စိတ် အရှုခံတရားဖြစ်၍ နောက်စိတ် မဂ္ဂင်ဖြင့် ရှုနိုင်ပေမည်။ ဥပါဒါန်သည် အရှုခံတရားဖြစ်၍ ဥပါဒါန်ဖြစ်ပျက် သိခြင်းကမဂ်ဖြစ်ပြီး သတိဖြင့်မဂ္ဂင်အသိလိုက်နိုင်လေသည်။ ထို့ပြင် ဥပါဒါနပစ္စယာဘဝေါဆိုသဖြင့် ဥပါဒါန်ကြောင့် မိမိအလိုအတိုင်း ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် အားထုတ်ကာ ကုသိုလ်အကုသိုလ်ကံဆိုသော ဘဝများဖြစ်ပေါ်ရ၏။

ထို့ကြောင့် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေးတို့တွင် ဥပါဒါန်ကပ်၊ မကပ်ကို သတိ ဝီရိယထား၍ ကြည့်ရပေမည်။ သတိဖြင့်ဥပါဒါန်ကို မြင်အောင်ကြည့်နိုင်ခြင်း (focus) လုပ်နိုင်ပါက ဥပါဒါန်ကပ်မှန်း သိလိုက်သည်နှင့် ဥပါဒါန် ဖြစ်ပျက် သိမှုကမဂ်ဖြစ်၍ ဥပါဒါန်ကို တဒင်္ဂပယ်နိုင်ပြီး တဒင်္ဂ ဝိပဿနာမဂ်စိတ်ဝင်နိုင်လေသည်။

ဘဝထဲတွင် ရှေ့စိတ်နောက်စိတ် သိမြင်ခြင်း

အစားအသောက်မှာလျှင် ကိုယ်ကြိုက်ရာ၊ ကိုယ်ဥပါဒါန်ကပ်ရာကိုသာ မှာစားကြသဖြင့် ဥပါဒါန်ကြောင့် ဝစီကံမြောက်၏။ သတိပဋ္ဌာန်ရှိပါက ရသာရုံပေါ်တွင် ကပ်နေသောဥပါဒါန်ကို ဉာဏ်ဖြင့် မြင်နိုင်ပေမည်။ ထို့အတူ မြင်မှု၊ ကြားမှု၊ နံမှု၊ စားမှု၊ ထိမှု၊ တွေးမှုစသည်တို့တွင်လည်း မိမိဥပါဒါန်ကပ်ရာကိုသာ ကြိုက်စွဲ၊ မကြိုက်စွဲဖြင့် မနောကံများ ဖြစ်ပေါ်ပြီး ပြောကြ၊ ဆိုကြ၊ လုပ်ကြခြင်းဖြစ်ပါသည်။

ရုပ်ရှင်ကြိုက်သူက ရုပ်ရှင်အကြောင်း၊ ဘောလုံးပွဲကြိုက်သူက ဘောလုံးပွဲအကြောင်း၊ မိမိတို့ဥပါဒါန်ကပ်ရာကိုသာ ပြောကြ၊ လုပ်ကြ၊ တွေးကြခြင်းဖြစ်ပါသည်။ ကော်ဖီလေး သောက်ပါအုံးဆိုပြီး စေတနာလေး ပေါ်လည်းပေါ်တယ်၊ ချုပ်လည်းချုပ်တယ်ဆိုတာကို နောက်စိတ်မှာ သတိနဲ့ ဆင်ခြင်နိုင်ပါက ဒီစေတနာရဲ့ မမြဲတဲ့သဘော ဖြစ်ပျက်မြင်သွားပြီ ဘဝထဲမှာပဲ တရားသိခွင့်ရသွားပါသည်။

နိရောဓသစ္စာ ဆိုက်ခြင်း

မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေးတွင် ရှေ့စိတ်ဖြစ်ပေါ်ပြီး နောက်စိတ် မဂ္ဂင်ဝင်နိုင်လျှင် တဏှာ၊ ဥပါဒါန်၊ ကံ ချုပ်၏။ ဓမ္မစကြာတရားတော်တွင် နိရောဓသစ္စာသည် တဏှာချုပ်ရာဖြစ်သည်။ ထို့ကြောင့် နောက်စိတ်တွင် မဂ္ဂင်ဝင်နိုင်ပါက တဏှာဆိုသော သမုဒယသစ္စာချုပ်သောကြောင့် နိရောဓဆိုက်၏။ ထိုသို့နှလုံးသွင်းနိုင်ပါက ဝိပဿနာဉာဏ်ဖြင့် မဂ္ဂသစ္စာနှင့် နိရောဓသစ္စာကို သိမြင်နိုင်ပေသည်။

ဤသို့ဆိုလျှင် တဏှာသည် မဂ္ဂင်ဖြစ်သောခဏမှာချုပ်သောကြောင့် ထိုဝိပဿနာမဂ်ကုသိုလ်သည် ဝဋ်မှရုန်းထွက်နိုင်သော နိဗ္ဗာန်ရောက်ကြောင်း ဝိဝဋကုသိုလ်မည်၏။ အကယ်၍ ရှေ့စိတ်သည် မြင်စိတ်ဖြစ်ပြီး နောက်စိတ်သည် ကြည်ညိုသဒ္ဓါစိတ်ဖြစ်ပါက ကုသိုလ်ကံမြောက်ပြီး နတ်ရွာသုဂတိရောက်ကြောင်းဖြစ်လေသည်။ သို့သော် မြင်စိတ်ဖြစ်ပြီး နောက်စိတ်သည် ဒေါသစိတ်ဖြစ်ပါက အကုသိုလ်ကံမြောက်ပြီး အပါယ်ဒုဂ္ဂတိပို့လေသည်။

ထို့ကြောင့် နိဗ္ဗာန်ကိုလည်း နောက်စိတ်ကပို့၏၊ နတ်ပြည်ကိုလည်း နောက်စိတ်ကပို့၏။ အပါယ်ကိုလည်း နောက်စိတ်ကသာ ပို့ခြင်းဖြစ်သည်။ ရှေ့စိတ်သည် အကျိုးတရားဖြစ်၍ မိမိနှင့်မသက်ဆိုင်ပဲ နောက်စိတ်ဖြစ်သော အကြောင်းတရားသည်သာ မိမိ၏နှလုံးသွင်းမှုနှင့် အဓိကသက်ဆိုင်ခြင်းဖြစ်လေသည်။ နှလုံးသွင်းမှန်လျှင်လည်း နှလုံးသွင်းမှန်သည့်အတိုင်း၊ နှလုံးသွင်းမှားလျှင်လည်း နှလုံးသွင်းမှားသည့်အတိုင်း အကျိုးတရားတို့သည် ဖြစ်ပေါ်ကြခြင်းဖြစ်သည်။

ဝိပဿနာအလုပ်ပေးတရား

အများအားဖြင့် ဝိပဿနာရှုပွားသူတို့သည် အရှုခံတရားကိုလည်း မသိ၊ ရှေ့စိတ်ကိုလည်း မဖမ်းတတ်၊ နောက်စိတ်လည်း သတိမဝင်တတ်၊ သတိပဋ္ဌာန်မဖြစ်သောကြောင့် ဝိပဿနာလည်း မဖြစ်တော့ချေ။ မောဟနှင့်သာ အနေများနေကြခြင်းဖြစ်သည်။ သတိ၊ ပညာ ဝင်တတ်လျှင် ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုနိုင်ပါသည်။

မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေးတွင် အကြောင်းတိုက်ဆိုင်၍ ဖြစ်ပေါ်လာသော ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးသည် ဒုက္ခသစ္စာ (အရှုခံတရား)များ ဖြစ်ကြပါသည်။ အများအားဖြင့် ဒုက္ခသစ္စာကို အရင်မမြင်နိုင်ချေ။ လောကသဘာဝမှာ ဒုက္ခကို သမုဒယဖုံးထား၏။ ထို့ကြောင့် သမုဒယဖြစ်သောဥပါဒါန်ကို အရင်မြင်အောင်ကြည့်သင့်ပေသည်။ သမုဒယသစ္စာကို အရင်ရှုပွားခြင်းဖြင့် ဥပါဒါန်ပါးလာပြီး အဝိဇ္ဇာကိုဖေါက်ကာ ရုပ်နာမ်ဒုက္ခသစ္စာကို မြင်တွေ့နိုင်ပေမည်။

ထို့ကြောင့် ဝိပဿနာ စတင်အားထုတ်သူတို့သည် သမုဒယသစ္စာကို အရှုခံအနေဖြင့် ရှုပွားသင့်ပါသည်။ သမုဒယအဖုံးကို ဖွင့်နိုင်မှလည်း ဒုက္ခသစ္စာကိုတွေ့မည်။ ထိုအခါ ဒုက္ခသစ္စာ ရုပ်နာမ်ပရမတ်ကို ဆုံးအောင်ချုပ်အောင် ပွားများအားထုတ်ရ၏။ ရုပ်နာမ်ချုပ်ရာသည် နိဗ္ဗာန်ဖြစ်၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှ သမုဒယကိုအပြီးပယ်နိုင်လေသည်။ သမုစ္ဆေဒပဟာန်ဟုခေါ်သည်။ ဝိပဿနာလမ်းဆုံးဖြစ်လေသည်။

ဝင်လေထွက်လေနှင့် ရှေ့စိတ်နောက်စိတ်

ဝင်လေထွက်လေမှတ်ရာတွင်လည်း ရှေ့စိတ်နောက်စိတ်သဘောတရား အလွန်အရေးကြီးပါသည်။ စိတ်လွင့်တာက ရှေ့စိတ်။ ဝင်လေထွက်လေကို ပြန်အောက်မေ့တာက နောက်စိတ်။ ဒါပဲရှိတာပဲ။ ရှေ့စိတ်နောက်စိတ်သိရင် ဉာဏ်ဖြစ်တယ်။ အရင်တုန်းက ဝင်လေထွက်လေမှတ်ရင် လူတိုင်း မလွင့်ဘူးလား။ လွင့်တယ်။ ဝင်လေထွက်လေဆီ ပြန်မလာဘူးလား။ လာတယ်။ ရှေ့စိတ်နောက်စိတ် သိလား။ ဘယ်သိမလဲ။ ဉာဏ်မှ မလုပ်တတ်တာ။ ရှိတာ ဒါပဲရှိတာပဲ။ ရှေ့စိတ်နောက်စိတ်ပဲ။

အဲဒီတော့ စိတ်ပျံ့သွားမယ်။ ပြန်လာမယ်။ ပျံ့တာက ရှေ့စိတ်။ ပြန်ပြီးတော့ ဝင်လေထွက်လေကို အောက်မေ့တာက၊ သတိပြုတာက နောက်စိတ်။ ပြီးပြီ။ ရှေ့မနော၊ နောက်မနော။ ပျံ့တာလည်း မနောကပျံ့တာ။ အဲဒါပြီးရင် အသံကြားလိမ့်မယ်။ ကိုယ်က ဝင်လေထွက်လေကို ဒီမှာအောက်မေ့နေတာကိုး။ ဝင်လေထွက်လေမှာ ကာယဝိညာဏ်က ရှေ့စိတ်။ ဒီမနောက သတိပြုမိတာက နောက်စိတ်အသံကြားတာနဲ့ သောတဝိညာဏ် ရောက်သွားပြီ။ သောတဝိညာဏ် ရောက်သွားတာနဲ့ ဝင်လေထွက်လေဆီပဲ ပြန်လာပါ။ ဝင်လေထွက်လေကိုပဲ သတိပြုစေချင်တာ။ အသံကြားပေမဲ့ ဟိုဘက်ကို ရောက်သွားမှာပဲ။ ရောက်တာနဲ့ ဝင်လေထွက်လေဆီ ပြန်ဆွဲလာ။ အသံကြားတာက ရှေ့စိတ်။ ဝင်လေထွက်လေကို ပြန်ပြီး ဂရုပြုမှတ်တာက နောက်စိတ်။ ရှေ့စိတ်နောက်စိတ်။

အဲဒါပြီးရင် နာလာမယ်။ နာလာလို့ရှိရင် နာတဲ့ဆီ ရောက်သွားမှာပဲ။ ဝင်လေထွက်လေဆီပဲ ပြန်လာ။ အဲဒီတော့ နာတဲ့ဆီရောက်တာက ရှေ့စိတ်။ ဝင်လေထွက်လေဆီ ပြန်လာတာက နောက်စိတ်။ ရှေ့စိတ်နောက်စိတ်။ “ ဆရာ ရှေ့စိတ်နောက်စိတ်ဆိုတော့ ဘာအကျိုးများလဲ။” ရှေ့စိတ်နောက်စိတ်တွေဆိုတော့ စိတ်တွေမမြဲဘူးလို့ တချိန်မြင်လာမှာပေါ့။ အနိစ္စ မြင်လာမှာပေါ့။ ရှေ့စိတ်၊ နောက်စိတ်မြင်မှတော့ အနိစ္စ မမြင်ဘဲနေပါ့မလား။

ဝိပဿနာ၏ အဓိကကျသော သဘောတရား

ဤသို့ဖြင့် ရှေ့စိတ်နှင့် နောက်စိတ်ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းနိုင်ပါက တရားအားထုတ်ရာတွင် များစွာ အထောက်အကူပြုပေမည်။ ကျွန်တော်သည် ဤသဘောတရားကို မြတ်စွာဘုရားရှင်၏ မူလဝိပဿနာအတိုင်း ပြန်လည်ရှာဖွေ၍ သင်ကြားပေးနေခြင်းဖြစ်ပါသည်။ ဤနည်းလမ်းသည် ဘယ်သူ့နည်းမှလည်း မဟုတ်ဘဲ မြတ်ဗုဒ္ဓရဲ့ ဝိပဿနာဖြစ်ပါသည်။

ရှေ့စိတ်နောက်စိတ်သဘောတရားကို သိနားလည်ပြီးသောအခါ ပဋိစ္စသမုပ္ပါဒ်ကိုလည်း ပိုမိုနားလည်လာပါမည်။ ဝဋ်သုံးပါး (ဝိပါကဝဋ်၊ ကိလေသဝဋ်၊ ကမ္မဝဋ်) ကိုလည်း ရှင်းလင်းစွာ မြင်လာနိုင်ပါမည်။ သမုဒယသစ္စာကို ပယ်ခြင်း၊ ဒုက္ခသစ္စာကို သိမြင်ခြင်း၊ မဂ္ဂသစ္စာကို ဖြစ်ပေါ်စေခြင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်းတို့သည် ရှေ့စိတ်နောက်စိတ်သဘောတရားကို နားလည်မှသာ အမှန်တကယ် လက်တွေ့ကျင့်သုံးနိုင်မည်ဖြစ်ပါသည်။

ကျွန်တော်တို့၏ ဘဝတစ်ခုလုံးသည် ရှေ့စိတ်နောက်စိတ်များဖြင့်သာ ဖြစ်ပေါ်နေပါသည်။ တရားသည် အဝေးကြီးမှာ မဟုတ်ဘဲ ဘဝထဲမှာပဲ ရှိနေပါသည်။ မြင်တိုင်း၊ ကြားတိုင်း၊ စားတိုင်း၊ ထိတိုင်း၊ တွေးတိုင်းတွင် ရှေ့စိတ်နောက်စိတ်ကို သတိဖြင့် သိမြင်နိုင်အောင် နှလုံးသွင်းပွားများကြပါစို့။ ဤနည်းဖြင့် ဝိပဿနာတရားသည် ကျွန်တော်တို့၏ နေ့စဉ်ဘဝတွင် အမြဲတမ်း အလုပ်လုပ်နေမည်ဖြစ်ပြီး နိဗ္ဗာန်သို့ ရောက်ရှိရန် လမ်းခရီးသည်လည်း ပို၍တိုတောင်းလာမည်ဖြစ်ပါသည်။

Dr. Soe Lwin (Mandalay)

မှတ်ချက်ရေးပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်