ရုပ်၊ နာမ်နှင့် ကိလေသာ၏ ဆက်စပ်မှု
ကျွန်တော် ဒီနေ့ သင့်အား ရှင်းပြချင်တာက ရုပ်၊ နာမ် ဆိုတဲ့ ပရမတ်တရားတွေနဲ့ ကိလေသာတွေ ဘယ်လို ဆက်စပ်နေသလဲ ဆိုတဲ့ အကြောင်းအရာပါ။ ဒီအချက်ကို နားလည်အောင် ရှင်းပြနိုင်ဖို့အတွက် ကျွန်တော်တို့ အရင်ဆုံး ရုပ်နာမ်ဆိုတာ ဘာလဲဆိုတာကို အခြေခံအားဖြင့် နားလည်ထားဖို့ လိုအပ်ပါတယ်။
ရုပ်နာမ်၏ သဘောသဘာဝ
ရုပ်ဆိုတာ မသိတဲ့ဟာ၊ နာမ်ဆိုတာ သိတဲ့စိတ်ပါ။ ဥပမာ မြင်လိုက်တဲ့အခါမှာ အဆင်းနဲ့ မျက်စိက ရုပ်ဖြစ်ပြီး၊ မြင်စိတ်က နာမ်ဖြစ်ပါတယ်။ ကြားလိုက်တဲ့အခါမှာ အသံနဲ့ နားက ရုပ်၊ ကြားစိတ်က နာမ်ပါ။ ဒီလိုနဲ့ နံလိုက်တာ၊ စားလိုက်တာ၊ ထိလိုက်တာ၊ တွေးလိုက်တာ အားလုံးမှာ ရုပ်နာမ်နှစ်ပါးပဲ ဖြစ်ပေါ်နေတာပါ။
ဒါပေမယ့် ကျွန်တော်တို့က ဒီ ရုပ်နာမ်တွေကို ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျားမိန်းမ အနေနဲ့ မြင်နေကြတာပါ။ ဒါက သမုတိနယ်ရဲ့ အမြင်ပါ။ ပရမတ်နယ်မှာတော့ ရုပ်နာမ် သက်သက်ပဲ ရှိပါတယ်။ မျက်စိနဲ့ အဆင်းဆိုတဲ့ အကြောင်းတရားနှစ်ခု တိုက်ဆိုင်မှ မြင်စိတ်ဆိုတဲ့ အကျိုးတရား ဖြစ်ပေါ်ရတာပါ။ အကြောင်းကင်းရင် အကျိုးချုပ်ပျောက်သွားတာက ဓမ္မတာပါပဲ။
ရှေ့စိတ်နှင့် နောက်စိတ်
ကျွန်တော် အရင်ဆုံး သင့်အား သိစေချင်တာက မြင်မှုနဲ့ သိမှုဟာ တစ်ခုတည်း မဟုတ်ဘူးဆိုတာပါ။ ဓမ္မအလိုအားဖြင့် မြင်မှုနဲ့ သိမှု ဟာ တစ်ခြားစီပါ။ မြင်တစ်လှည့်၊ သိတစ်လှည့် အစဉ်အတိုင်း သွားတာပါ။ ဒါပေမယ့် လောကအလိုအားဖြင့်ကတော့ စိတ်က အလွန်မြန်လွန်းတဲ့အတွက် တစ်ခုတည်း၊ တစ်ပြိုင်တည်း ထင်ကြရတာပါ။
ဝိပဿနာဆိုတာက ရှေ့စိတ်မှာ ဖြစ်ပေါ်သော ရုပ်နာမ်ကို နောက်စိတ်က သတိဖြင့် ရှုခြင်းပါ။ ဥပမာ မျက်စိမှာ ထင်သော အဆင်း (ရုပ်) နဲ့ မြင်စိတ် (နာမ်) ကို မနောက သိ-ပညာဖြင့် ရှုခြင်းပါ။ နားမှာ ကြားသော အသံ (ရုပ်) နဲ့ ကြားစိတ် (နာမ်) ကို၊ နှာခေါင်းမှာ နံသော အနံ့ (ရုပ်) နဲ့ နံစိတ် (နာမ်) ကို၊ လျှာမှာ စားသော အရသာ (ရုပ်) နဲ့ စားစိတ် (နာမ်) ကို၊ ကိုယ်မှာ ထိသော အထိအတွေ့ (ရုပ်) နဲ့ ထိစိတ် (နာမ်) ကို မနောမှ သိ-ပညာဖြင့် ရှုခြင်းပါ။
မနောမှာတော့ ရှေ့ကြံသိစိတ်နဲ့ အာရုံကို နောက်မနောက သတိ-ပညာဖြင့် ရှုရတာပါ။ မဟာသတိပဋ္ဌာနသုတ္တန်မှာ စိတ္တာနုပဿနာက ရှေ့မနောမှာ လောဘစိတ် ဖြစ်လျှင် နောက်မနောက သတိဖြင့် လောဘစိတ်ဟု သိအောင် အားထုတ်အပ်တာပါ။ ရှေ့စိတ်မှာ လောဘစိတ် မရှိရင်လည်း လောဘကင်းသောစိတ်ဟု နောက်စိတ်က သတိဖြင့်ကပ်၍ သိအပ်တာပါ။
သညာသိနှင့် ဝိညာဏ်သိ
ကျွန်တော်တို့ အများအားဖြင့် သညာသိနဲ့ပဲ သိနေကြတာပါ။ သညာဆိုတာ အာရုံကို မှတ်သားတတ်သော သဘောပါ။ ဥပမာ ကြက်ဖတကောင်ရဲ့ တွန်သံကို နိုင်ငံစုံမှ လူမျိုးစုံတို့ ကြားလျှင် သောတဝိညာဏ်ဖြင့် ကြားသည့် အသံ-အာရုံမှာ အားလုံးတူပါတယ်။ ဒါပေမယ့် ကြက်တွန်သံ ဘယ်လိုကြားလဲဟု မေးကြည့်ရင် တစ်ယောက်တစ်မျိုး မိမိမှတ်ထားသည့်အတိုင်း သညာသိဖြင့် ပြောကြပါမယ်။ မနောမှ ပညတ် (သညာသိ)များသည် တဦးနှင့်တဦး မတူကြပေမယ့် သောတဝိညာဏ်ဖြင့် အသံကြားခိုက်တွင်မူ ထင်ရှားဖြစ်သော (ဝိညာဏ်သိ) ကြက်တွန်သံမှာ အတူတူပဲ ဖြစ်ပါတယ်။ နားကကြားတယ်၊ မနောကသိတယ်ဆိုတာ ဒီလိုပါပဲ။
သညာဟာ အကြောင်းတရားတွေနဲ့ တိုက်ဆိုင်မှ ဖြစ်ပေါ်ပါတယ်။ နာမည်ခေါ်သံနဲ့ နားတို့ အကြောင်းတိုက်ဆိုင်မှ ထိုသညာ ဖြစ်ပေါ်တာပါ။ အကြောင်းကင်းရင် ချုပ်ပျောက်သွားတာက အနိစ္စသဘောပါ။ သညာအပေါ်မှာ အစိုးမရဘူး၊ သူ့သဘောသူဆောင်ပြီး အကြောင်းအားလျော်စွာ ဖြစ်ပေါ်နေတာပါ။ ဒါက အနတ္တပါပဲ။
နာရီခေါက်သံကို ဥပမာပေးရရင် “ ဒေါင်” လို့ မြည်ပြီး ကြားပြီးရင် အသံက မရှိတော့ဘူး။ ဒါပေမယ့် ကျွန်တော်တို့က တစ်နာရီလို့ ယူလိုက်တာပါ။ နားက “ ဒေါင်” ဆိုတဲ့ အသံက ကြားပြီး မရှိတော့ဘူး။ ဒါပေမယ့် သညာက တစ်နာရီလို့ ယူလိုက်တာပါ။ သညာက နိစ္စ၊ အတ္တနဲ့ ယူတာပါ။ မပျက်တဲ့ဟာကို သိမ်းပိုက်လိုက်တာက နိစ္စ၊ သိမ်းပိုက်လိုက်တာက အတ္တပါ။
ဝိပဿနာအလုပ်တွင် သညာသိမှ ဝိညာဏ်သိသို့
ဝိပဿနာအလုပ် ပဋိပတ်ကျ “ ရုပ်” ဆိုတဲ့အခါ သောတဝိညာနဲ့ သိရင် အသံအစဉ်ကြီးပါ။ “ ရုပ်” ဆိုတာ အသံတွေ အများကြီးပါ။ တစ်သံပြီး တစ်သံ အစားထိုးနေတာက အနိစ္စပါ။ အစားထိုးတာ တစ်သံပြီး တစ်သံ ချုပ်ပျောက်နေတော့ ဘာမှ အခိုင်အမာ နှစ်သာရ ဆွဲယူလို့ မရဘူး။ အတ္တလည်း ဆွဲယူလို့ မရဘူး။ အဲဒီတော့မှ အနိစ္စ၊ အနတ္တ တစ်ခါတည်း ဒိဋ္ဌိက ပြုတ်သွားတာပါ။
“ တစ်” ဆိုတာက အသံအစဉ်ကြီးပါ။ မနောက သညာနဲ့ ယူလိုက်တော့ တစ်ခု ဖြစ်သွားတာပါ။ “ တစ်” ဆိုရင် အသံတွေ တစ်ခုပြီး တစ်ခု အစားထိုးနေတာ အနိစ္စ၊ အနတ္တပါ။ မနောကလည်း သိရော တစ်ခု ဆိုတော့ နိစ္စ၊ အတ္တပါ။ ကျွန်တော်တို့က “ တစ်” ဆိုရင် ကြားပြီးပျက်တယ်ဆိုတာ ပညတ်ဖြစ်ပျက်ပါ။ ပရမတ်ဖြစ်ပျက် ဆိုတာ အများကြီး ဖြစ်ပျက်သွားတာ “ တစ်” ဆိုတဲ့ထဲမှာ အများကြီး ပါသွားပြီးပါပဲ။
ကိလေသာ ဖြစ်ပေါ်ပုံ
ကျွန်တော်တို့ ရုပ်နာမ်ကို မမြင်နိုင်အောင် ဖုံးလွှမ်းပိတ်ဆို့ထားသော အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ကို ဖယ်ရပါမယ်။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တွင် အဝိဇ္ဇာ၊ တဏှာသည် သိမ်မွေ့ပြီး ဥပါဒါန်သည် ထင်ရှားပါတယ်။ ထို့ကြောင့် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ကို အရင်သိအောင် အားထုတ်ရာတွင် ထင်ရှားသော ဥပါဒါန်နှင့် စတင်နှလုံးသွင်းလျှင် အဆင်ပြေတတ်ပါတယ်။
မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေးတို့တွင် မြင်ရာမှာ ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါးလို့ မသိတာက အဝိဇ္ဇာ၊ နှစ်သက်တာက တဏှာ၊ စွဲလမ်းတာက ဥပါဒါန်ပါ။ ဒီလိုနဲ့ မြင်မှုကိစ္စတွင် အဆင်းဆိုတဲ့ ရူပါရုံသည် ရုပ်၊ သိတာသည် နာမ်ဟု ဉာဏ်မှာ မမြင်ဘဲ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ဒြပ်၊ ဝတ္ထုလို့ မြင်သောကြောင့် အဝိဇ္ဇာရှိတာပါ။ ၎င်းတို့ကို တွယ်တာနှစ်သက်လျှင် တဏှာ၊ စွဲလမ်းလျှင် ဥပါဒါန် ဖြစ်တော့တာပါ။
ဥပါဒါ်ကြောင့် ကာယကံ၊ ဝစီကံ၊ မနောကံတို့ ဖြစ်ကြရတာပါ။ ဥပမာ ရုပ်ရှင်ဥပါဒါန်ကပ်သူက ရုပ်ရှင်အကြောင်းပြောတာပါ။ ဘောလုံးပွဲဥပါဒါန်ကပ်သူက ဘောလုံးပွဲအကြောင်းပြောတာပါ။ ဒီလိုနဲ့ ကိုယ်ဥပါဒါန် ကပ်ရာကိုသာ ပြောကြ၊ လုပ်ကြ၊ တွေးကြခြင်းပါ။ သတိပဋ္ဌာန်မရှိသောကြောင့်သာ မသိနိုင်ခြင်းပါ။
ဥပမာ စတိုးဆိုင် တစ်ဆိုင်သို့ သွားလျှင် မြင်တာကို နာမ်ရုပ်လို့ မသိတာက အဝိဇ္ဇာ၊ နှစ်သက်တာက တဏှာပါ။ ဒါပေမယ့် နှစ်သက်သော်လည်း ဥပါဒါန်မကပ်၊ မစွဲလမ်းပါက မမေးမိ၊ မကိုင်မိပါ။ အိမ်ပြန်လာသော်လည်း စိတ်ထဲမှာ မတွေးမိဘူး။ မနောကံမမြောက်ပါ။ ဥပါဒါန်ကပ်ပါက မိမိနှစ်သက်သောပစ္စည်းကို မေးမိတာပါ၊ ကိုင်မိတာပါ။ မဝယ်ဖြစ်ပါကလည်း စိတ်ထဲမှာ အတွေးပေါ်တာပါ။ ဥပါဒါန်ကြောင့် ကာယကံ၊ ဝစီကံ၊ မနောကံ မြောက်နေတာပါ။ ဒီလိုနဲ့ ဥပါဒါန်ကပ်၊ မကပ်ကို သတိပဋ္ဌာန်ရှိပါက သိနိုင်ပါတယ်။
မနောနှင့် ကိလေသာ
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်တို့သည် အကြောင်းအားလျော်စွာသာ သိကြသောကြောင့် အနတ္တသာ ဖြစ်ပါတယ်။ ထို့ကြောင့် မိမိတို့ခန္ဓာတွင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၌ အနတ္တငါးခုရှိပြီး မနောတွင် အတ္တတစ်ခုရှိပါတယ်။ အနတ္တငါးခုသည် အတ္တတစ်ခုကို အနိုင်ရသင့်သော်လည်း မနိုင်ရခြင်းမှာ မနောမှာ အတ္တသည် ငယ်နိုင်ဖြစ်နေသောကြောင့် ဖြစ်ပါတယ်။ မနောက ငယ်ငယ်တည်းက နိုင်တယ်။ ဒီငါးခုပေါ်မှာ သူက အကုန်လုံး သူ့အလိုအတိုင်းပါ။ မြင်ရင်လည်း သူ့အလိုအတိုင်း ကြည့်ချင်တာပါ။ စားရင်လည်း သူ့အလိုအတိုင်း စားချင်တာပါ။ မနောအလိုအတိုင်းပဲပါ။ ကြားရင်လည်း မနောက သူ့အလိုအတိုင်းပဲ ကြားချင်တာပါ။ ကျွန်တော်တို့က မနောက မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ပေါ်မှာ အကုန်လိုက်ပြီးတော့ အစိုးရနေတာပါ။
ကိလေသာမီး မျက်စိေပါက်မှာေလာင်ပါတယ်။ မီးငြိမ်းေအာင် ဘယ်လိုသတ်မလဲဆိုတော့ မြင်လျှင်မြင်တယ်မှတ်ပါ။ မြင်တယ်မှတ်တော့ ဉာဏ်သက်ဝင်ပြီး အနတ္တ ရုပ်နာမ်မြင်ပါတယ်။ ရုပ်နာမ်မြင်တော့ အပါယ်မလား၊ နိဗ္ဗာန်ရွှေပြည်သွားပါမယ်။ ကိလေလေမီး နားပေါက်ဝမှာလောင်ပါတယ်။ မီးငြိမ်းအောင် ဘယ်လိုသတ်မလဲဆိုတော့ ကြားလျှင်ကြားတယ်မှတ်ပါ။ ကြားတယ်မှတ်တော့ ဉာဏ်သက်ဝင်ပြီး အနတ္တ ရုပ်နာမြင်ပါတယ်။ ရုပ်နာမ်မြင်တော့ အပါယ်မလား၊ နိဗ္ဗာန်ရွှေပြည်သွားပါမယ်။
ရုပ်နာမ်အပေါ် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဖယ်ရှားခြင်း
ရုပ်နာမ် ပရမတ်အပေါ်တွင် ဖုံးထားသော အဝိဇ္ဇာ၊ တဏှာကို ဖယ်နိုင်ရန်အတွက် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေး တို့တွင် ဥပါဒါန်ကပ်၊ မကပ်ကို စတင်သတိထားကြည့်ရင်း အကြမ်းစား၊ အလတ်စား၊ အနုစား ဥပါဒါန်တို့ကို အဆင့်ဆင့်မြင်နိုင်လာပါမယ်။ ထိုအခါ ဥပါဒါန် ပါးလျှင် ပါးသလောက် အဝိဇ္ဇာ၊ တဏှာတို့လည်း နည်းပါးလာပါတယ်။
မှန်ပြင်နဲ့ မျက်နှာရိပ်ကို ဥပမာပေးရရင် စက္ခုအာယတနသည် မှန်အပြင်နဲ့ အလားတူပါတယ်။ အဆင်းသဏ္ဌာန်စုသည် မျက်နှာနဲ့ အလားတူပါတယ်။ ဖဿ၊ ဝေဒနာ၊ တဏှာဓာတ်စုသည် မှန်အပြင်မှာ ပေါ်သော မျက်နှာရိပ်နဲ့ တူပါတယ်။ မှန်နဲ့ မျက်နှာ ဆုံဆိုင်ဆဲ ခဏ၌သာ မျက်နှာရိပ်ပေါ်ရှိပြီး မျက်နှာလွှဲလျှင် ထိုအရိပ်ပျောက်ဆုံးပါတယ်။ အရိပ်သည် ဓာတ်တမျိုးတည်းပါ။ ဒါက ပဋိစ္စသမုပ္ပါဒ် သဘောပါပဲ။ ဖဿ၊ ဝေဒနာ၊ တဏှာတို့သည်လည်း ပဋိစ္စသမုပ္ပါဒ်မျိုး သာပါပဲ။
ယပ်ခတ်၍ နေဆဲအခါ၌ ကောင်းသော ကိုယ်အတွေ့၊ ချမ်းသာသော ကိုယ်အရသာပေါ်၍ နေသည် ထင်ရှားပါတယ်။ ယပ်လေ ပြတ်လပ် ပြန်လျှင် ထိုအတွေ့ ထိုအရသာ ချုပ်ပျောက်သည် ထင်ရှားပါတယ်။ ပူအိုက်သော ကိုယ်အတွေ့ မချမ်းသာသော ကိုယ်အရသာဓာတ် တမျိုး ကိုယ်၌ ပေါ်ပြန်သည် ထင်ရှားပါတယ်။ ထိုသို့ ထင်ရှားကြသော်လည်း ထိုအတွေ့ ထိုအရသာကို ဓာတ်အိ၊ ပရမတ္ထဓမ္မအိ ဟု မသိကြဘဲ ငါတွေ့သည်၊ ငါချမ်းသာသည်ဟု ငါနှင့် တခုတည်းပြု၍ မြင်ကြ ထင်ကြ စွဲလန်း၍ နေကြတာပါ။
နိဂုံး
ကျွန်တော် နောက်ဆုံး ပြောချင်တာက ရုပ်နာမ်ကို ဉာဏ်ဖြင့် သိမ်းဆည်းသကဲ့သို့ ကျန်ဝေဒနာ၊ သင်္ခါရ၊ ဝိညာဏ်များကိုလည်း မိမိပါရမီအလိုက် ဉာဏ်မှာထင်ရှားလာသည့်အတိုင်း အကြောင်းတိုက်ဆိုင်၍ ဖြစ်ပေါ်လာသော ပရမတ်အာရုံတို့အပေါ်တွင် ကြိုးစားသိမ်းဆည်း နှလုံးသွင်းပွားများခြင်းဖြင့် ဝိပဿနာ အလုပ်ကို မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တိုင်အောင် အားထုတ်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။
သာဓု သာဓု သာဓု
Dr. Soe Lwin (Mandalay)
