မနောဒွါရနှင့် ဓမ္မာရုံ၏ သဘောတရားနှင့် သံသရာမှ လွတ်မြောက်ခြင်း
ကျွန်တော် ဒီနေ့ ရှင်းပြချင်တာက မနောဒွါရနှင့် ဓမ္မာရုံ ဆိုတဲ့ အခြေခံသဘောတရားကနေ စပြီး ရှေ့စိတ်၊ နောက်စိတ် တွေ ဘယ်လိုဖြစ်ပေါ်လာသလဲ၊ မဂ္ဂစိတ် ဘယ်လိုရောက်သလဲ၊ ပြီးတော့ သံသရာလည်ပုံ က ဘယ်လိုဖြစ်နေသလဲဆိုတာပါ။ ဒါဟာ ဝိပဿနာတရား အားထုတ်ရာမှာ အဓိကကျတဲ့ သဘောတရားတစ်ခုဖြစ်ပါတယ်။
မနောဒွါရနှင့် ဓမ္မာရုံ၏ သဘောတရား
ကျွန်တော်တို့ သိမှုဖြစ်စဉ်မှာ ဒွါရခြောက်ပါး (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ မနော) နှင့် အာရုံခြောက်ပါး (ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ) တို့ ထိတွေ့တိုက်ဆိုင်မှုကြောင့် သိခွင့်ရတာဖြစ်ပါတယ်။ ဒီထဲမှာ မနောဒွါရနှင့် ဓမ္မာရုံ ဟာ အထူးအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်စိမှာ အဆင်းပုံရိပ်ပေါ်သည်နှင့် တစ်ပြိုင်နက်တည်း ဓမ္မာရုံမှာလည်း ပုံရိပ်ပေါ်တာဟာ ဓမ္မနိယာမ ဖြစ်ပါတယ်။
မျက်စိသည် မြင်သော်လည်း မသိနိုင်ပါဘူး။ မျက်စိဟာ အာရုံကို လက်ခံရာဌာနသဘောမျိုးသာ ဖြစ်ပါတယ်။ အမှန်တကယ် သိခြင်းမှာ မနောဒွါရတွင် စိတ်ပေါ်သောကြောင့် ဖြစ်ပါတယ်။ ဥပမာ မျက်စိသည် ပြင်ပတွင်ရှိသော ပုဂ္ဂိုလ်၊ သတ္တဝါ၊ ဒြပ်၊ ဝတ္ထုနှင့် တိုက်ဆိုင်သောအခါ မျက်စိတွင် အဆင်းပုံရိပ်သာ ပေါ်ပါတယ်။ ၎င်းပုံရိပ်ကို ဓမ္မာရုံပေါ်သို့ တင်ပေးရပါတယ်။ ဓမ္မာရုံမှာ ပေါ်သော ပုံရိပ်ကို မနောဒွါရမှ အာရုံပြုပြီး သိခွင့်ရခြင်း ဖြစ်ပါတယ်။
ဒီအချက်ကို နားလည်ဖို့ ကျွန်တော် ဥပမာပေးချင်ပါတယ်။ မိမိမျက်စိကို ထိုမျက်စိဖြင့် မမြင်နိုင်ပါဘူး။ ထိုမျက်စိကို မြင်ချင်လျှင် မှန်ကို အသုံးပြုရသကဲ့သို့ မှန်နှင့်တူသော ဓမ္မာရုံမှာ ပုံရိပ်ပေါ်မှသာ သိခွင့်ရခြင်း ဖြစ်ပါတယ်။
ရှေ့စိတ်နှင့် နောက်စိတ် ခွဲခြားသိမြင်ခြင်း
ကျွန်တော် ရှေ့စိတ်နှင့် နောက်စိတ်ကို ရှင်းပြချင်ပါတယ်။ ဒါဟာ လွယ်တော့ လွယ်ပေမယ့် လူတွေ လိုက်နာကျင့်သုံးဖို့က ရင်ထဲထိ ရောက်အောင် နည်းနည်း ခက်ပါတယ်။ ဥပမာ “ ဒေါ့(ဂ်)” လို့ ကြားလိုက်တာက ရှေ့စိတ် ဖြစ်ပါတယ်။ “ ခွေး” လို့ သိတာက နောက်စိတ် ဖြစ်ပါတယ်။ ကြည်တာမြင်တာ ရှေ့စိတ်၊ ရေလို့သိတာ နောက်စိတ်။ နွားနို့မြင်တာ မဟုတ်ဘူး၊ ဖြူတာမြင်တာ ရှေ့စိတ်၊ နွားနို့လို့သိတာ နောက်စိတ် ဖြစ်ပါတယ်။
ရှေ့စိတ်မှာ ပရမတ်နယ်မှ အာရုံသဘောကိုသာ စိတ်ကသိရ သိခွင့်ရခြင်း ဖြစ်ပါတယ်။ ဥပမာ မျက်စိဒွါရမှာ မြင်စိတ်သည် အဆင်းအာရုံကိုသာ သိသင့်ပါတယ်။ နားဒွါရမှာ ကြားစိတ်သည် အသံအာရုံကိုသာ သိသင့်ပါတယ်။ အင်္ဂလိပ်စကား လုံးဝမတတ်တဲ့ လူတစ်ယောက်ကို “ ဒေါ့(ဂ်)” လို့ ပြောရင် သူက “ ဒေါ့(ဂ်)” ဆိုတဲ့ အသံကိုတော့ ကြားမယ် (ရှေ့စိတ်ဖြစ်တယ်)။ ဒါပေမဲ့ “ ခွေး” လို့ သိတဲ့ နောက်စိတ် ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အဲဒီအသံနဲ့ ဆက်စပ်တဲ့ သညာ၊ ပညတ် မှတ်ဉာဏ် မရှိခဲ့လို့ပါ။
နောက်စိတ်မှာ ဥပါဒါန်ပါဝင်သွားသောကြောင့် အာရုံကို အာရုံလို့ အမှန်မသိနိုင်ပါဘူး။ ပုဂ္ဂိုလ်သတ္တဝါဒြပ်ဝတ္ထုလို့ အယူမှား အထင်မှား ဖြစ်ပါတယ်။ ကြားသိခဲ့တဲ့ အသံရဲ့ အရှိန်အဟုန်ကို အာရုံယူပြီး မနောဒွါရမှာ စိတ်အစဉ်တွေ ဆက်တိုက် ဖြစ်ပေါ်လာတယ်။ “ ဪ… ဒီအသံက DOG လို့ အသံထွက်တာပဲ” ၊ “ ဒါ အင်္ဂလိပ်လို ခွေးကို ပြောတာပဲ” လို့ အတိတ်က မှတ်သားခဲ့တဲ့ သညာ (မှတ်ဉာဏ်) တွေနဲ့ တိုက်ဆိုင်တယ်။ ပြီးတော့ “ ခွေး” ဆိုတဲ့ ပညတ် (Concept) နဲ့ အမည်တပ်တယ်။ ခြေလေးချောင်း၊ အမြီး၊ ဟောင်တတ်တဲ့ သတ္တဝါဆိုတဲ့ ပုံသဏ္ဌာန်တွေ စိတ်ထဲမှာ ပေါ်လာတယ်။ ဒီလို ဆက်တိုက် ဖြစ်ပေါ်လာတဲ့ စိတ်အစဉ်တွေအားလုံးဟာ နောက်စိတ်တွေ ပါ။ ဒါဟာ ပညတ်အသိ၊ လောကီအသိ ဖြစ်သွားပါပြီ။
ဥပါဒါန်၏ လွှမ်းမိုးမှုနှင့် သံသရာလည်ပုံ
ပုထုဇဉ်တို့၏ သိမှုဖြစ်စဉ်တွင် မနောဒွါရ၌ စိတ်နှင့်ဥပါဒါန် ဖြစ်ပေါ်ပါတယ်။ ဥပါဒါန် ဟုဆိုသော်လည်း မူလတရားနှစ်ပါးဖြစ်သော အဝိဇ္ဇာနှင့် တဏှာတို့ ပါဝင်ပါတယ်။ ၎င်းတရားနှစ်ပါးသည် အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ အဝိဇ္ဇာ အမှန်မသိမှု၊ တဏှာ နှစ်သက်မှု၊ ဥပါဒါန် စွဲလမ်းမှုတို့၏ အစွမ်းကြောင့် အာရုံကို ပုဂ္ဂိုလ်သတ္တဝါဒြပ်ဝတ္ထုပြု၍ အခိုင်အမာအနှစ်သာရအားဖြင့် သိမြင်သွားခြင်း ဖြစ်ပါတယ်။
ကျွန်တော် ဥပမာပေးချင်ပါတယ်။ ရုပ်ရှင်၊ ပြိတ္တာ၊ တီဗွီဖန်သားပြင်တို့အပေါ်တွင် အဆင်းပုံရိပ်တို့သာ ပေါ်ပါတယ်။ သို့သော် မနောမှ စိတ်တွင် ဥပါဒါန်ပါဝင်သွားသောကြောင့် ၎င်းပုံရိပ်တို့ကို ပုဂ္ဂိုလ်သတ္တဝါဒြပ်ဝတ္ထုအနေဖြင့် အမှန်တကယ်အစစ်ထင်ပြီး အယူမှားခြင်း ဖြစ်ပါတယ်။ ဒါဟာ သံသရာလည်ပုံ ပါပဲ။
မနောဒွါရမှာ စိတ်နဲ့ဥပါဒါန်က သမုဒယသစ္စာထိုက်ပါတယ်။ ဓမ္မာရုံမှာ ပုဂ္ဂိုလ်သတ္တဝါပညတ် ပေါ်ပါတယ်။ ဒီလို ဥပါဒါန်ကပ်နေသမျှကာလပတ်လုံး သမုဒယသစ္စာ ဖြစ်နေပြီး ပုဂ္ဂိုလ်သတ္တဝါပညတ်အမြင်များ ဖြင့် အာရုံကို မှားယွင်းစွာ သိမြင်နေတာဖြစ်လို့ သံသရာလည်ပတ်မှု ဆက်ဖြစ်နေပါတယ်။
ဝိပဿနာဉာဏ်၊ မဂ္ဂစိတ်ဖြစ်ပုံနှင့် သစ္စာလေးပါး
တရားနှလုံးသွင်းပွားများသောအခါ ဝိပဿနာဉာဏ်သည် မနောဒွါရမှာဖြစ်ပါတယ်။ ထိုအခါ မနောဒွါရတွင် တစ်ကြိမ်နဲ့ နှစ်စိတ်ပြိုင်မဖြစ်နိုင်သောကြောင့် အဝိဇ္ဇာ၊ တဏှာ၊ သမုဒယသစ္စာဖြစ်ခွင့်မရတော့ခြင်း ဖြစ်ပါတယ်။ မဂ္ဂင်တရားပွားများသောကြောင့် ဓမ္မာရုံမှာ ပုဂ္ဂိုလ်၊ သတ္တဝါပညတ်အမြင်များ ချုပ်ပျောက်ပြီး ပရမတ်ရုပ်နာမ်ပေါ်ပါတယ်။
ဝိပဿနာဉာဏ်၊ မဂ္ဂင်ငါးပါးဖြင့် ကြည့်တဲ့အခါမှာ ဓမ္မာရုံမှာ အာရုံ၊ နာမ်ရုပ်၊ ဒုက္ခသစ္စာကို တွေ့မြင်မှာပါ။ ထိုရုပ်နာမ်အပေါ် အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာမြင်ပြီး ဒုက္ခသစ္စာထိုက်သော ရုပ်နာမ်ဆင်းရဲအမှန်ကို သိမြင်ပါတယ်။ အဲဒီကနေတစ်ဆင့် မဂ်ဉာဏ်အဖြစ် မဂ္ဂသစ္စာအဖြစ် ဆိုက်ရောက်သွားတဲ့အခါမှာ နိဗ္ဗာန်နိရောဓသစ္စာကို မျက်မှောက်ပြုတာ ပါ။
မဂ္ဂစိတ် ဖြစ်ပုံကို ကျွန်တော် ဆက်ရှင်းပြပါမယ်။ တရားနှလုံးသွင်း ပွားများသောအခါ မနောဒွါရမှာ ဝိပဿနာဉာဏ်ဖြစ်တာ ကြောင့် ဓမ္မာရုံမှာ ပရမတ်ရုပ်နာမ်ပေါ်တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ရှေ့စိတ်မှာ ပရမတ်ရုပ်နာမ်ကို သိတာ ဖြစ်ပြီး နောက်စိတ်မှာ သတိရှိကြောင်း ဘယ်လိုမြင်ရမှာလဲဆိုတော့ ဓမ္မအမြင်နဲ့ ကျမှ ဒီသတိက တကယ်သိတာ ဖြစ်ပါတယ်။ “ ရေမြင်တာ မဟုတ်ဘူး၊ ကြည်တာမြင်တာ” ၊ “ နွားနို့မြင်တာ မဟုတ်ဘူး၊ ဖြူတာမြင်တာ” ၊ “ ဒေါ့ လို့ ကြားတာ အသံပဲ” ဆိုပြီး ပညတ်အမြင်များ ချုပ်ပျောက်ပြီး ပရမတ်အမြင်ပေါ်လာတာ ဖြစ်ပါတယ်။
ဒိဋ္ဌေဒိဋ္ဌမတ္တံ ကျင့်စဉ်ကို ဗာဟိယဒါရုစိရိယနဲ့ မာလုကျပုတ္တ တရားစကားလေးမှာ ကျွန်တော် တွေ့ရပါတယ်။ မြင်ရင် မြင်ကာမျှသာ ဖြစ်လတ္တံ့၊ ကြားရင် ကြားကာမျှသာ ဖြစ်လတ္တံ့၊ တွေ့ရင် တွေ့ကာမျှသာ ဖြစ်လတ္တံ့၊ သိရင် သိကာမျှသာ ဖြစ်လတ္တံ့ ဆိုတဲ့ အဲဒီဟာ ကြားလိုက်တာနဲ့ သစ္စာလေးပါးတွေ ရောက်သွားတာ ဖြစ်ပါတယ်။ သစ္စာလေးပါးတွေ ရောက်ပြီးတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရသွားတာ ဖြစ်ပါတယ်။
နိဗ္ဗာန်တည်ရာ ဓမ္မာရုံနှင့် သံသရာမှ လွတ်မြောက်ခြင်း
နိဗ္ဗာန်တည်ရာ ဓမ္မာရုံ ဆိုတာကို ကျွန်တော် ရှင်းပြချင်ပါတယ်။ ဝင်လေထွက်လေသည် နှာသီးဖျားမှာ အမြဲရှိပါတယ်။ တရားရှုမှတ်သောအခါ ဝင်လေထွက်လေကို ဆင်ခြင်၍ နှလုံးသွင်းလိုက်သည်နှင့် မိမိမျက်နှာရှိ နှာခေါင်းနှင့်လေကိုသာ သိရသည်ဟု ထင်ကြပါတယ်။ သို့သော် မိမိတကယ်သိရသည်မှာ ဝင်လေထွက်လေ(အာရုံ)ကို ဓမ္မာရုံအဖြစ် သိရခြင်း ဖြစ်ပါတယ်။ ထိုနည်းတူ ရွှေတိဂုံစေတီတော်ကြီးသည် ရန်ကုန်မြို့ သိင်္ဂုတ္တရကုန်းတော်ပေါ်မှာ အမြဲတည်နေပါတယ်။ မိမိတို့ နှလုံးသွင်း ဆင်ခြင်လိုက်သောအခါ ဓမ္မာရုံ အဖြစ် အာရုံပေါ်ပါတယ်။ နှလုံးမသွင်းတော့သည်နှင့် ထိုအာရုံ မရှိတော့ပါ။ မိမိတို့သိရသည်မှာ အခိုင်အမာ၊ အနှစ်သာရမရှိသော အာရုံသဘောသာ ဖြစ်ပါတယ်။
ဒုက္ခသစ္စာဖြစ်သော ရုပ်နာမ်ဆင်းရဲအမှန်ကို နိရောဓသစ္စာဆိုက်အောင် နှလုံးသွင်းပွားများရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီလောကထဲမှာ ဓမ္မအမြင်အခြေခံတဲ့ လောကဒဿနတွေကို စဉ်းစားတတ်လာတယ်။ အဲဒါကျမှ ကျွန်တော်တို့က ဘဝထဲကို ထည့်လို့ရတာ ဖြစ်ပါတယ်။ မြတ်စွာဘုရား ပြောလိုက်တာ “ ကိုယ်သာနာ၍ စိတ်မနာစေနဲ့” ဆိုတာ လောကဒဿနတစ်ခု စတာပါ။ အဲဒါ ရှေ့စိတ် နောက်စိတ် ဆိုတဲ့ ဓမ္မအမြင်ပေါ်မှာ အခြေခံခဲ့တာ ဖြစ်ပါတယ်။ ရှေ့စိတ်က ကိုယ်နာတာ။ နောက်စိတ်က ကိလေသာကြောင့်မို့ စိတ်က နာရတာ။ ကိလေသာမရှိရင် စိတ်က မနာဘူး။ ရှေ့စိတ်က ရုပ်နာမ်၊ နောက်စိတ်က ကိလေသာ။ အဲဒီ ကိလေသာကြောင့်မို့ စိတ်က နာတာ ဖြစ်ပါတယ်။
ကိုယ်နာတာက ကျွန်တော်တို့ ရှောင်လို့ မရပါဘူး။ သူ ဝေဒနာရှိရင် ခန္ဓာရှိရင် ဝေဒနာရှိမယ်။ ဝေဒနာရှိရင် နာမှာပဲ။ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ကိုယ်နာပြီးတော့ စိတ်မနာဖို့ အရေးကြီးတယ်။ စိတ်မနာဖို့ ဆိုတာ ကိလေသာမရှိဖို့ အရေးကြီးတယ် လို့ ကျွန်တော် ပြောပြတာပါ။ နောက်စိတ် ကိလေသာနေရာမှာ “ သတိ” လေး ထားလိုက်ရင် သတိထားလိုက်တာနဲ့ ကိလေသာ မရှိတော့ဘူး။
အကျဉ်းချုပ်
ကျွန်တော် အကျဉ်းချုပ်လိုက်ရင် အာရုံနဲ့ စိတ်သာရှိပါတယ်။ အာရုံကိုအာရုံလို့ အမှန်အတိုင်းဉာဏ်နဲ့သိခွင့်ရလာတဲ့အခါ ဘုရားရှင် ဟောကြားတော်မူသော ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ မရှိဆိုတဲ့ သမ္မာဒိဋ္ဌိ အယူမှန်နဲ့ သိမြင်လာပြီး အမည်နာမတွေကတော့ ခေါ်ဝေါ်ပြောဆိုဖို့အတွက် ပညတ်ထားတယ်ဆိုတာ ယထာဘူတဉာဏ်နဲ့ နှလုံးသွင်းတတ်လာမှာ ပါ။ မနောဒွါရနဲ့ ဓမ္မာရုံကို နားလည်လာရင် ဝိပဿနာပွားများအားထုတ်ရာမှာ အထောက်အပံ့ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ပခုက္ကူဆရာတော်ကြီး ဟောကြားတော်မူသော “ အာရုံကိုသိ မကပ်ငြိ လွတ်၏သံသရာ” ဆိုတဲ့ တရားစကားလေးရဲ့ အနက်အဓိပ္ပါယ်ကိုလည်း ပိုပြီးသိမြင်နိုင်ပါလိမ့်မယ်။
ဒါဟာ သံသရာမှ လွတ်မြောက်ခြင်း ရဲ့ အခြေခံလမ်းစဉ်ပါ။ ရှေ့စိတ်မှာ ပရမတ်အာရုံကိုသိ၊ နောက်စိတ်မှာ သတိရှိပြီး ကိလေသာမပါဝင်စေခြင်းဖြင့် မဂ္ဂစိတ်ဆီသို့ ရောက်ရှိနိုင်ပါတယ်။ ဒါဟာ သမုဒယသစ္စာ ဖြစ်ခွင့်မရတော့ခြင်း၊ ဒုက္ခသစ္စာကို ထင်ထင်ရှားရှား မြင်လာခြင်း၊ မဂ္ဂသစ္စာဖြင့် နိရောဓသစ္စာသို့ ရောက်ရှိခြင်း ဖြစ်ပါတယ်။ ဒါကိုပဲ သံသရာလည်ပုံ ရပ်တန့်ခြင်း လို့ ခေါ်တာပါ။
Dr. Soe Lwin (Mandalay)
