မနောဒွါရနဲ့ ဓမ္မာရုံ အကြောင်း အသေးစိတ် ရှင်းလင်းချက်
ကျွန်တော် ဒီနေ့ မနောဒွါရနဲ့ ဓမ္မာရုံ ဆိုတဲ့ အရေးအကြီးဆုံးသော တရားအကြောင်းအရာကို အသေးစိတ် ရှင်းပြချင်ပါတယ်။ ဒီအကြောင်းအရာက ဝိပဿနာအားထုတ်ရာမှာ အခြေခံအုတ်မြစ်ပင် ဖြစ်ပါတယ်။ ကျွန်တော် အရင်တုန်းက ဒီအကြောင်းကို ပုံဆွဲပြီး အမြဲတမ်း သင်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရှေ့စိတ်နောက်စိတ် ဆိုတဲ့ ပိုလွယ်ကူတဲ့ နည်းလမ်းကို သင်ပေးလာခဲ့ပေမယ့် အခုလည်း ဒီအခြေခံသဘောတရားကို နားလည်ထားဖို့က အလွန်အရေးကြီးပါတယ်။
မနောဒွါရနဲ့ ဓမ္မာရုံ ဆိုတာ ဘာလဲ
မနောဒွါရ ဆိုတာ စိတ်တံခါး၊ ဓမ္မာရုံ ဆိုတာ စိတ်၏အာရုံ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဆိုတဲ့ ဒွါရငါးပါးရှိသလို မနောဒွါရ ဆိုတဲ့ ဆဋ္ဌမဒွါရလည်း ရှိပါတယ်။ မျက်စိက အဆင်းကိုပဲ ဆက်ဆံတယ်၊ နားက အသံကိုပဲ ဆက်ဆံတယ်၊ နှာခေါင်းက အနံ့ကိုပဲ ဆက်ဆံတယ်၊ လျှာက အရသာကိုပဲ ဆက်ဆံတယ်၊ ကိုယ်က အထိကိုပဲ ဆက်ဆံတယ်။ အဲဒီလိုမျိုးပဲ မနောက ဓမ္မာရုံနဲ့ပဲ တိတိကျကျ ဆက်ဆံပါတယ်။
ကျွန်တော် ဥပမာတစ်ခု ပေးချင်ပါတယ်။ ရွှေတိဂုံဘုရားကြီးကို သွားဖူးကြည့်ပါ။ မျက်လုံးကြီးက ရွှေတိဂုံကြီးကို တန်းမြင်ရပါတယ်။ ဒါပေမဲ့ အိမ်ပြန်လာပြီး မျက်စိမှိတ်ကာ ဆင်ခြင်ကြည့်လိုက်ပါ။ အဲဒီ ရွှေတိဂုံကြီးက ပေါ်တာပဲ ကိုယ့်စိတ်ထဲမှာ။ ပေါ်တာက မနောဒွါရမှာ မဟုတ်ပါဘူး၊ ဓမ္မာရုံပေါ်မှာ သွားပေါ်တာပါ။ အဲဒါကို ဘယ်သူက သိရမလဲ။ မနောက တွေးသိတာ၊ တွေးနေတာပါ။
မနောဒွါရနဲ့ ဓမ္မာရုံ ဘယ်မှာရှိသလဲ
တကယ်တော့ မနောဒွါရနဲ့ ဓမ္မာရုံက ဘယ်မှာရှိတယ်လို့ နေရာတိတိကျကျ ပြလို့ မရပါဘူး။ ဦးနှောက်မှာလား၊ နှလုံးသားမှာလား ဆိုတာ မြတ်စွာဘုရားလည်း မဟောခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ့်ထဲမှာ မနောဒွါရနဲ့ ဓမ္မာရုံ ရှိတာတော့ သေချာပါတယ်။ ကိုယ် မျက်စိမှိတ်ပြီး တွေးလိုက်လို့ရှိရင် အတွေးထဲမှာ ပုံရိပ်တွေ ပေါ်ပါတယ်။ ယောက်ျားတွေရော မိန်းမတွေရော ကိုယ်သိတော့ ပေါ်ပါတယ်။ အဲဒါ ဘယ်မှာ ပေါ်တာလဲ။ ဓမ္မာရုံမှာ ပေါ်တာပါ။ အဲဒါတွေ ဒီဘက်က သိနေတာ ဘယ်သူက သိတာလဲ။ မနောက သိတာပါ။
ဒီလို စိတ်ထဲမှာ ပေါ်လာတဲ့ အရာတွေကို ကျွန်တော်တို့ သိနိုင်တယ် ဆိုတာက မနောဒွါရနဲ့ ဓမ္မာရုံ ရှိကြောင်း သက်သေပါပဲ။ နေရာက အရေးမကြီးပါဘူး။ မိမိမှာ စိတ်မရှိဘူးလား။ ရှိပါတယ်။ အဲဒီစိတ် ပြစမ်းပါ ဆို ပြလို့ရလား။ မရပါဘူး။ ပြလို့ မရလို့ မရှိဘူးလား ဆိုတော့လည်း ရှိပါတယ်။ အဲဒီအတိုင်းပဲ မနောဒွါရနဲ့ ဓမ္မာရုံလည်း ကိုယ်တွေးကြည့်လိုက်လို့ရှိရင် အဲဒါပဲ။
မျက်စိမြင်တာနဲ့ မနောသိတာ ဘယ်လိုဖြစ်သလဲ
ကျွန်တော် အခု ဒီလုပ်ငန်းစဉ်ကို အသေးစိတ် ရှင်းပြပါမယ်။ မျက်စိနဲ့ အဆင်းနဲ့ တိုက်ပါတယ်။ မျက်စိနဲ့ အဆင်းနဲ့ တိုက်လိုက်လို့ရှိရင် မျက်လုံးထဲမှာ အာရုံပုံရိပ်လေးပဲ ပေါ်ပါတယ်။ ဒီမှာ ကျွန်တော် နယ်နည်းနည်းလေး ခွဲပြချင်ပါတယ်။ အပြင်မှာ တကယ့် ယောက်ျားမိန်းမတွေ၊ သားသမီးတွေ၊ တိုက်တွေ ကားတွေ တကယ်ရှိပါတယ်။ အဲဒီနယ်က သမုတိနယ်ပါ။ မျက်လုံးနဲ့လည်း ဆက်ဆံလိုက်ရော၊ မျက်လုံးထဲလည်း ကျသွားရော၊ မျက်လုံးထဲကျလေ ယောက်ျားမိန်းမတွေ မကျတော့ပါဘူး။ ဘာကျလဲ။ အာရုံပုံရိပ်လေးပဲ ကျပါတယ်။
ဥပမာ နေရောင်ကြောင့် မြေကြီးပေါ်မှာ အရိပ်ကျသလို မျက်လုံးထဲမှာ ပုံရိပ်ကျလိုက်တာနဲ့ မနောဒွါရမှာလည်း ပုံရိပ်လေး ကျပါတယ်။ ဒါပေမဲ့ ပုံရိပ်ကျပေမဲ့ မနောဒွါရက အဲဒီပုံရိပ်ကို သိခွင့် မရသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သဘာဝမှာ မိမိမျက်လုံးကို ဒီမျက်လုံးနဲ့ ပြန်ကြည့်လို့ မရပါဘူး။ ကိုယ့်မျက်လုံးကို မြင်ချင်ရင် မှန်လေး ထောင်ကြည့်ရပါတယ်။ မှန်ပေါ်မှာ တင်ကြည့်မှ ကိုယ့်မှန်ပေါ်မှာ မျက်လုံးလေး ပေါ်မှ ကိုယ်က ဒီဘက်က ပြန်မြင်လို့ ရတာပါ။
အဲဒီအတိုင်းပဲ စက္ခုဒွါရမှာ ပုံရိပ်ကျပေမဲ့လည်း မနောဒွါရက သိခွင့် မရသေးပါဘူး။ သူက ဓမ္မာရုံပေါ်ကို တင်ကြည့်ရပါတယ်။ ပုံရိပ်လေးနဲ့ ဓမ္မာရုံပေါ်မှာ ပုံရိပ်လေး ပေါ်မှ အဲဒီဓမ္မာရုံက ပုံရိပ်ကို မနောမှာရှိတဲ့ စိတ်က သိခွင့်ရခြင်း ဖြစ်ပါတယ်။ ဒီတော့ မျက်စိက မြင်တယ်၊ မနောက သိတယ်။ နားက ကြားတယ်၊ မနောက သိတယ်။ နှာခေါင်းက နံတယ်၊ မနောက သိတယ်။ လျှာက စားတယ်၊ မနောက သိတယ်။ ကိုယ်က ထိတယ်၊ မနောက သိတယ်။ မနောကပဲ သိတာပါ။
ဝိပဿနာရှုရာမှာ အရေးပါမှု
ကျွန်တော် ဒီအကြောင်းကို ဘာကြောင့် အရေးထားပြောရသလဲ ဆိုတော့ ဝိပဿနာမှာ အရှုဉာဏ်နဲ့ အရှုခံဆိုတဲ့ အပိုင်းနှစ်ပိုင်း ပါပါတယ်။ အရှုဉာဏ်က မနောဒွါရမှာဖြစ်တယ်။ အရှုခံက ဓမ္မာရုံမှာပေါ်တယ်။ အရှုခံအပိုင်းမှာ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိ ဆိုတဲ့ အာရုံရုပ်တွေပါဝင်သလို အဲဒီအာရုံတွေက ကျေးဇူးပြုလို့ ဖြစ်လာတဲ့ စိတ်၊ စေတသိက်တရားတွေလည်း ပါပါတယ်။ အဲဒီအရှုခံတရား အားလုံးကို ဓမ္မာရုံမှာပဲ ရှုရပါတယ်။
ဝိပဿနာရှုရာမှာ အရှုခံတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတင်ပြီး ပွားများနိုင်ကြပေမယ့် အရှုဉာဏ်ပိုင်းမှာတော့ ငါရှုတာ ဖြစ်နေတတ်ပါတယ်။ မနောကို မသိလို့ ငါဖြစ်နေတာပါ။ မနောနဲ့ ဓမ္မာရုံကို သိလာတဲ့အခါ ဝိပဿနာရှုရာမှာ အနှောင့်အယှက်ပေးတတ်တဲ့ ငါတွေလည်း ပိုပြီး ပါးလာပါလိမ့်မယ်။ အရှုခံဘက်ကို အလေးထားရှုတတ်ပေမယ့် အရှုဉာဏ်ဟာ ငါမဟုတ်ဘဲ မနောမှာဖြစ်တဲ့ မဂ္ဂင်တရားတွေပဲလို့ နှလုံးသွင်းသိမ်းဆည်းတတ်မှု အားနည်းတတ်ကြပါတယ်။
တရားအားထုတ်ရာမှာ အရေးပါမှု
ကျွန်တော် အခု ဒီအကြောင်းကို ပိုရှင်းအောင် ပြောပါမယ်။ မနောဒွါရနဲ့ ဓမ္မာရုံနားမှာပဲ တရားအားထုတ်ရတာ ကျွန်တော်တို့က။ နတ်ပြည်တို့ ဘာတို့ ကုသိုလ်တွေရဖြစ်တာလည်း အဲဒီနားပဲ။ နတ်ပြည်ပို့တာလည်း အဲဒီနားပဲ။ အပါယ်ပို့တာလည်း အဲဒီနားပဲ။ နိဗ္ဗာန်ရောက်တာလည်း အဲဒီနားပဲ။ ဝိပဿနာအားထုတ်တာလည်း အဲဒီနားပဲ။ ဒီမနောဒွါရနဲ့ ဓမ္မာရုံ အလွန်အရေးကြီးပါတယ်။
သစ္စာလေးပါးတုန်းကလည်း မနောဒွါရနဲ့ ဓမ္မာရုံ ကိုယ်နှလုံးသွင်းတဲ့ထဲမှာပဲ ရှိတာပါ။ မနောမှာ မဂ်ဉာဏ်၊ ဓမ္မာရုံမှာ နိဗ္ဗာန်။ နိဗ္ဗာန်ကလည်း ဘယ်မှာရှိမှန်းလည်း မသိကြပါဘူး။ အခုတော့ သိကုန်ရပြီ။ ဓမ္မာရုံမှာ နိဗ္ဗာန်ပေါ်တာပါ။ အဲဒါ ဘာသစ္စာလဲ။ နိရောဓသစ္စာပါ။ နိဗ္ဗာန် ဘယ်မှာမှန်းလည်း တွေ့ရမှန်းလည်း မသိကြပါဘူး။ ဘယ်မှာ တွေ့ရမှာလဲ။ ဓမ္မာရုံပေါ်မှာ တွေ့ရမယ် နိဗ္ဗာန်က။
ဒီဘက်က မဂ္ဂင်ရှစ်ပါးက မဂ်ဉာဏ်။ မဂ္ဂင်ငါးပါးက ဝိပဿနာဉာဏ်။ သမုဒယသစ္စာ ဆိုတာလည်း ရှိပါတယ်။ မဂ္ဂင်ရှစ်ပါးက မဂ္ဂသစ္စာ။ အာရုံနာမ်ရုပ်တွေက ဒုက္ခသစ္စာ။ ဓမ္မာရုံမှာ နိရောဓသစ္စာ။ သစ္စာလေးပါးတုန်းကလည်း မနောဒွါရနဲ့ ဓမ္မာရုံ ကိုယ်နှလုံးသွင်းတဲ့ထဲမှာပဲ ရှိတာပါ။
ပရမတ်နဲ့ ပညတ်ကို ခွဲခြားသိရှိခြင်း
ကျွန်တော် နောက်တစ်ချက် အရေးကြီးတာ ပြောချင်ပါတယ်။ မနောဒွါရနဲ့ ဓမ္မာရုံလေးတွေ ဘာတွေ သင်ပြီးတော့ ပရမတ်ရဲ့ သဘောကို နည်းနည်းလေး ချဉ်းကပ်နိုင်တတ်ပါတယ်။ သူ့အတွက် လွယ်ကူလာတာပါ။ လမ်းမှန်ပေါ် ရောက်ဖို့က အများကြီး နီးစပ်သွားပါတယ်။ ဒီအတိုင်း ရမ်းသန်းပြီးတော့ အတွင်းကြည့် အတွင်းကြည့် ပြောနေရတာနဲ့စာရင် ပိုကောင်းပါတယ်။
သဘောဆိုတာ အာရုံ။ အာရုံဆိုတာ ဘယ်မှာကြည့်ရမလဲ။ ပထမဆုံး စတင်ပြီးတော့ တရားအားထုတ်တဲ့လူတွေက ဒီဓမ္မာရုံမှာပဲ နှလုံးသွင်းနေတာပါ။ သူ့ပရမတ်လေးတွေရဲ့ သဘောကို မြင်အောင် ကြည့်ရတာပါ။ ဒီသဘောလေးကို မြင်ဖို့အတွက် တွေ့ဖို့ရာ ဆိုတာ ပညတ်တွေနဲ့ အထည်တွေနဲ့က ကျွန်တော်တို့က တွဲနေတာပါ။ ပညတ်တင်လိုက်တယ် ဆို သူက ဘယ်ရောက်သွားလဲ။ အထည်ကြီးတွေ ရောက်သွားတာပါ။ ပရမတ်နဲ့ သဘောကို မတွဲမိပါဘူး။ ပညတ်နဲ့ အထည်နဲ့ပဲ သွားနေကြတာ ကျွန်တော်တို့က။
ဒါကြောင့်မို့ ဘယ်မျက်စိတွေ နားတွေ နှာခေါင်းတွေ လျှာတွေ ဘာမှရှိတာ မဟုတ်ပါဘူး။ ဘာပဲ စပေါ်တာလဲ မနောဒွါရနဲ့ ဓမ္မာရုံပဲ စပေါ်တာပါ။ ဒါကြောင့်မို့ ဒီလိုလေးတွေ သိလာလို့ရှိရင် ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး ဆိုတာ တကယ့်ပရမတ်ကတော့ ကိုယ့်ခန္ဓာထဲမှာ စတင်ပြီးတော့ ခန္ဓာငါးပါး စတင်ပေါ်တာ သိလာပါတယ်။ အဲဒီခန္ဓာငါးပါးကလည်း အကြောင်းတရားတွေရှိတယ်။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ။ ဒီအကြောင်းတရားတွေကလည်း ကျွန်တော်တို့ မပြတ်ဖြစ်နေလို့ ဒီအကြောင်းတရားတွေ ချုပ်ငြိမ်းအောင် အားထုတ်ရတာပါ။
ရှေ့စိတ်နောက်စိတ်နဲ့ ဆက်စပ်မှု
ကျွန်တော် နောက်ပိုင်းမှာ ရှေ့စိတ်နောက်စိတ် ဆိုတာကို ပိုသင်ပေးလာခဲ့ပါတယ်။ ကြည်တာ မြင်တာ ရှေ့စိတ်၊ ရေလို့ သိတာ နောက်စိတ်။ နွားနို့ မြင်တာ မဟုတ်ဘူး၊ ဖြူတာ မြင်တာ ရှေ့စိတ်၊ နွားနို့လို့ သိတာ နောက်စိတ်။ ဒါက ချက်ချင်း သဘောပေါက်ပါတယ်။ ကျွန်တော် မြင်လို့ ရပါတယ်။ ဘဝထဲ ရောက်သွားပြီ။ ဆိုတော့ လွယ်တော့ လွယ်ပါတယ်။ ဒါပေမဲ့ လူတွေ လိုက်နာကျင့်သုံးဖို့က ရင်ထဲထိ မရောက်နိုင်ခဲ့ပါဘူး။
ဟိုလို မနောဒွါရနဲ့ ဓမ္မာရုံလေးက ပုံလေးနဲ့ ဆွဲပြီး သင်ရတဲ့အတွက် ဒီပုံလေးပေါ်ကို သူ ကြည့်ရင်း ကြည့်ရင်းနဲ့ တဖြည်းဖြည်း သဘောလေး ပေါက်လာပါတယ်။ ဪ ရှေ့စိတ်နောက်စိတ်ပဲ။ ဒီမနောဒွါရနဲ့ ဓမ္မာရုံ ဟာလည်း အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။ မျက်စိက အဆင်းနဲ့ပဲ ဆက်ဆံတယ်။ နားနဲ့ အသံနဲ့ တိုက်ရင် ကြားစိတ်ဆိုတာ ရိုးရိုးပဲ။ ကြားတာ ကြားစိတ်က ဘာနဲ့ပဲ ဆက်ဆံလဲ။ အသံနဲ့ပဲ ဆက်ဆံတာပါ။
စေတနာနဲ့ ဥပမာ
ကျွန်တော် တစ်ခု ဥပမာပေးချင်ပါတယ်။ စေတနာလေး ဆိုလည်း တစ်ခု ပေးချင်တယ်ဆို ငါ ပထမဆုံး အရင်ဆုံး ပေးလိုက်။ ပေးလိုက်တာ အရှုခံ ဝင်သွားပြီ။ ပထမတုန်းကတော့ စေတနာပေါ်မှန်း မသိပါဘူး။ ရော့… လှူဒါန်းလိုက်၊ ပေးလိုက်။ ပြီးမှ ဪ ဒါလေးက ငါ့စေတနာလေးပါလား ဆို အရှုခံလုပ်ပြီးမှ အရှုဉာဏ် စေတနာလို့ ကောက်တာပါ။ စေတနာလို့ လှူတာ တန်းတာက သမုတိနယ်။ မှန်ပါတယ်။ လှူတာ တန်းတာ ပေးတာလေးတွေက သမုတိနယ်ပါ။ ပြီးကျမှ နောက်က အဲဒါ အရှုခံ ပါဖြစ်သွားပြီ။ အရှုဉာဏ်က ကောက်ပြီ ပရမတ်နယ်ကို။
ဟာ ဒါလေးက ငါ့စေတနာလေးပါလား။ ခုနက စေတနာ အခု မရှိတော့ပါဘူး။ ခုနတုန်းက ပေါ်သွားတာလေးက စေတနာလေးပါလား လို့ သိလိုက်လို့ရှိရင် အဲဒီစေတနာပေါ်မှာ ဒိဋ္ဌိတဏှာ ဪ ဒီစေတနာလေးက ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ဘူး။ အကြောင်းတိုက်ဆိုင်လို့သာ ပေါ်သွားတာပါ။ ခုနတုန်းက မပေးခင်ကလည်း အဲဒီစေတနာ မရှိပါဘူး။ အခု ပေးပြီးတဲ့အခါလည်း ကိုယ့်ထဲ ရှာကြည့် အဲဒီစေတနာ မရှိတော့ပါဘူး။ အဲဒီလို သိသွားလို့ရှိရင် အဲဒီစေတနာလေးက ငါလည်း မဟုတ်ဘူး၊ ငါ့ဥစ္စာလည်း မဟုတ်ဘူး။ လူတွေက အခုက စေတနာကို ငါ့စေတနာ သိပ်ကောင်းတာ လုပ်နေကြပါတယ်။ ဒီစေတနာကို သူက သိမ်းပိုက်ထားတာပါ။ ဒါကြောင့်မို့ ဒိဋ္ဌိ မပြုတ်တာပါ။ ဒီစေတနာလေးကို သေချာမြင်ပြီးတော့ ဒီစေတနာက ချုပ်ပျောက်သွားတာလည်း မြင်ရော၊ ဒီစေတနာပေါ်မှာ ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ဘူး လို့ ဆုံးဖြတ်ချက် ချသွားလို့ရှိရင် နိရောဓ ဆိုက်သွားတာပါ။
နိဂုံး
အဲတော့ ပထမဆုံး အရှုခံကတော့ လာရတာပါ။ အရှုခံ မလာဘဲနဲ့ ရှုလို့ မရပါဘူး။ ပထမဆုံး ပေးလိုက်၊ ကမ်းလိုက်၊ လှူလိုက်၊ တန်းလိုက်။ အဲဒီမှာ အရှုခံ အရင်ပေါ်ရတာပါ။ နောက်မှ အရှုဉာဏ်က ကောက်ယူတာပါ။ ဒီလို နားလည်သွားရင် ဝိပဿနာဆိုတာ ဒါပါပဲ။ ဝိပဿနာဆိုတာ ဒါလေးတွေ နားလည်ရမယ်။ သစ္စာလေးပါးလည်း ဒီမှာပဲ။ ဝိပဿနာလည်း ဒီမှာပဲ။ မနောဒွါရနဲ့ ဓမ္မာရုံမှာပဲ အားလုံး ဖြစ်တာပါ။
ဒါပေမဲ့ မနောဒွါရနဲ့ ဓမ္မာရုံက အကြားအပြုက သိပ်နည်းကြပါတယ်။ ကျွန်တော်တို့ မသိသလောက်ပါပဲ။ အဲဒီတော့ ဒီလိုပုံစံလေးနဲ့ ရှင်းပြလိုက်ရင်တော့ ဉာဏ်မှီရင်လည်း လုပ်ပါ၊ ဉာဏ်မမှီလို့ နည်းနည်းရှုပ်နေတယ်ဆိုလည်း ကိစ္စမရှိပါဘူး။ ခုနက ပြောတဲ့ သညာလေးလောက်၊ စေတနာလေးလောက် နှလုံးသွင်းရင်လည်း ဝိပဿနာထိုက်ပါတယ်။ ဒီထိ သိ၊ ကိုယ်က လိုက်နိုင်တယ်ဆိုရင်လည်း လိုက်ကြည့်ပါ ပိုကောင်းပါတယ်။ ဒါကတော့ ကိုယ့်ဟာကိုယ် လေးနက်လို့ မမှီတာတွေလည်း ဇွတ်မလုပ်ပါနဲ့။ ကိုယ့်အတွက် ပင်ပန်းဆင်းရဲသွားမှာမို့လို့။ ကိုယ်မှီသလောက်လေးလည်း စပြီးတော့ ကျင့်ကြံပွားများ အားထုတ်နိုင်ပါတယ်။
ဒီလောက်ဆိုရင် ဒီစပြီးတော့ ဝိပဿနာဆိုတာ ဒီတစ်ခေါက်လာရတာလေး ဪ မနောဒွါရနဲ့ ဓမ္မာရုံ ဆိုတာ ဒီလောက်အရေးကြီးပါတယ် ဆိုတာ သိသွားပါပြီ။
Dr. Soe Lwin (Mandalay)
