ပစ္စုပ္ပန်တည့်တည့်ရှု – အမှန်တရားသို့ ရောက်ရှိရန် အဓိကသော့ချက်
ကျွန်တော် ဒေါက်တာစိုးလွင်က ယနေ့ ပစ္စုပ္ပန်တည့်တည့်ရှုဆိုသည့် အလွန်အရေးကြီးသော တရားအကြောင်းကို ရှင်းလင်းပြောပြချင်ပါသည်။ ဤတရားသည် မြတ်စွာဘုရားရှင်၏ သာသနာတော်၏ နှလုံးသားပင်ဖြစ်ပြီး လောကတွင် အတ္တနှင့်အနတ္တ၊ ဆင်းရဲနှင့်လွတ်မြောက်ခြင်း၊ အမှားနှင့်အမှန်တို့ကို ပိုင်းခြားသိမြင်နိုင်သော အဓိကသော့ချက်ကြီး ဖြစ်ပါသည်။
ပစ္စုပ္ပန်၏ နက်နဲသောအဓိပ္ပါယ်
လောကအမြင်ဖြင့် ပစ္စုပ္ပန်ကို “ အခု” လို့ နားလည်ကြပါသည်။ အတိတ်ကို ပြန်လို့ မရသလို အနာဂတ်ကိုလည်း ကြိုနေလို့ မရဟု သိပါသည်။ သို့သော် ဓမ္မအမြင် မပါသောကြောင့် စိတ်က ပစ္စုပ္ပန်မှာ မနေတတ်ဘဲ အတိတ်နှင့် အနာဂတ်ကိုသာ ပြေးလွှားကျင်လည် နေရခြင်း ဖြစ်သည်။ ဤသည်မှာ ကျွန်တော်တို့ ပုထုဇဉ်များ၏ အဓိကပြဿနာကြီး ပင်ဖြစ်ပါသည်။
ပစ္စုပ္ပန်တည့်တည့်နေရသည်ကို လောကအမြင်ဖြင့် နားလည်နိုင်ပါသည်။ အတိတ်ကို တစ်စက္ကန့် ပြန်နေလို့လည်း မရသလို၊ အနာဂတ်ကိုလည်း တစ်စက္ကန့် စောနေလို့လည်း မရပါ။ သို့သော် ဘဝအမြင်မှာ ပစ္စုပ္ပန်တည့်တည့် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိနိုင်ကြပါ။ တရားအားထုတ်ခြင်း ဟူသည် ပစ္စုပ္ပန်၏ သဘာဝအမှန်ကို သိမြင်ရန် သတိပြု ပွားများရခြင်း ဖြစ်သည်။
ဓမ္မအမြင်ဖြင့် ပစ္စုပ္ပန်ကို သိခြင်း
လောကနောက်ကွယ်ရှိ ဓမ္မအမြင်မှ ကြည့်လျှင် လက်ခုပ်တီးပါက အသံသည် စောထွက်လို့လည်း မရသလို၊ နောက်ကျ ထွက်လို့လည်း မရပါ။ ပစ္စုပ္ပန်တည့်တည့် ဖြစ်ပါသည်။ နားနှင့် အသံ တိုက်လျှင် ကြားစိတ်သည် စောကြားချင်လို့ မရသလို၊ နောက်ကျ ကြားချင်လို့လည်း မရပါ။ ကြားခိုက် ရုပ်နာမ် ပစ္စုပ္ပန် ဖြစ်၏။
ဤသည်မှာ အလွန်အရေးကြီးသော အချက်ဖြစ်ပါသည်။ နားနှင့်အသံနဲ့ အကြောင်းတိုက်ဆိုင်ရင် မပေါ်ချင်လို့ကို မရဘူး။ နားနှင့်အသံနဲ့တိုက်လိုက်တာနဲ့ ကြားစိတ်ကပေါ်တာပဲ။ မပေါ်ချင်လို့ မရတာ အနတ္တ။ နားနှင့်အသံနဲ့အကြောင်းကင်းသွားတာနဲ့ ချုပ်ပျောက်သွားတာက အနိစ္စ။ အဲ့ဒီတော့ အနတ္တက အရင်လာတယ်။ အကြောင်းတိုက်ဆိုင်ပြီး ဖြစ်တာက အနတ္တ။ အကြောင်းကင်းလို့ ချုပ်ပျောက်သွားတာက အနိစ္စ။
ရှေ့စိတ် ပစ္စုပ္ပန်နှင့် နောက်စိတ် အတိတ်
လက်တွေ့မှာ ရေကိုကြည့်လျှင် ကြည်တာမြင်တာ ရှေ့စိတ်၊ ရေလို့သိတာ နောက်စိတ်ပါ။ ကြည်တာမြင်တာ ရှေ့စိတ်က ပစ္စုပ္ပန် ဖြစ်သော်လည်း နောက်စိတ်က ရေလို့ သိလိုက်သည်နှင့် အတိတ်ပြန်ပါသည်။ ရေဟု သိခြင်းသည် အတိတ်က မှတ်ထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် နောက်စိတ်က သတိဖြင့် ရှေ့စိတ် သိသည့်အတိုင်း သိနိုင်လျှင် ပစ္စုပ္ပန်တည့်တည့်ကို သိမြင်နိုင်ပါသည်။ ဤသည်မှာ ဝိပဿနာအားထုတ်ခြင်း၏ အဓိကနည်းလမ်း ဖြစ်ပါသည်။ ရှေ့စိတ်ကို နောက်စိတ်က သတိပြုနိုင်သည့် ဓမ္မအမြင်ရှိလျှင် ရှေ့စိတ်သည် အတိတ်နှင့် အနာဂတ်သို့ မပြေးလွှားတော့ဘဲ ပစ္စုပ္ပန်မှာ အစွဲကင်းပြီး နေတတ်သည့် ဘဝအမြင်ဖြင့် လွတ်မြောက်သည့် ဘဝနေနည်းကို သိမြင်နိုင်ပါသည်။
ပစ္စုပ္ပန်နှင့် အနတ္တလက္ခဏာ
ကျွန်တော် အထူးအလေးပေးချင်တာက တတိယတစ်ခု သတိပြုဆိုတာကို နားလည်လိုက်တာနဲ့ အနိစ္စနဲ့အနတ္တ လက္ခဏာက တစ်ခါတည်းပေါ်သွားပြီ ဆိုတဲ့အချက်ပါ။ အကြောင်းတိုက်ဆိုင်ရင် ပေါ်လာတာက အနတ္တ။ အကြောင်းကင်းလို့ ချုပ်ပျောက်သွားတာက အနိစ္စ။
ခြေထောက်နှင့်ကြမ်းနှင့် တိုက်ကြည့်ပါ။ ထိတာကို မပေါ်ချင်လို့ကို မရဘူး။ ကျွန်တော်တို့ ဘာမှ အစိုးမရဘူး။ ဒါအနတ္တပဲ။ လွှတ်လိုက်တာနဲ့ မာမှုလေး ချုပ်ပျောက်သွားတာက အနိစ္စ။ ဒီဟာတွေ မြင်တဲ့အတွက် ကျွန်တော်တို့က ဘာမှမမြဲပါလား၊ ငါ့အလိုတိုင်းလည်း ဘာမှမဖြစ်ပါလား၊ ငါ့အတ္တ မဟုတ်ဘူး၊ အနတ္တ။ ဘာမှမမြဲတဲ့အတွက် အနိစ္စ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီအပေါ်မှာ ဘယ်အရာမှ “ ငါ” လို့ ဆွဲယူလို့ မရတော့ဘူး။ အစွဲပြုတ်သွားတယ်။
တရားလုပ်ခြင်း၏ အဓိကရည်ရွယ်ချက်
တရားလုပ်တယ်ဆိုတာ အစွဲပြုတ်ဖို့ပဲ။ အစွဲပြုတ်သွားတာက ဝိပဿနာဉာဏ်နဲ့ တဒင်္ဂပြုတ်မယ်။ မဂ်ဉာဏ်နဲ့ အပြီးပြုတ်မယ်။ အစွဲပြုတ်သွားရင် ဘာဖြစ်တုန်း။ လွတ်မြောက်သွားတာ။ ကိလေသာတွေကနေ လွတ်မြောက်သွားမှာဖြစ်ပါတယ်။
ဤသည်မှာ ပစ္စုပ္ပန်တည့်တည့်ရှု၏ အလွန်အရေးကြီးသော အကျိုးသက်ရောက်မှု ဖြစ်ပါသည်။ ကျွန်တော်တို့ ပစ္စုပ္ပန်တွေကို သိရင်းနဲ့ အစွဲတွေ လွတ်သွားတာ။ အစွဲလွတ်သွားတဲ့အတွက် ပထမဆုံး ခံစားရတာက လူတွေကို ကြည့်လိုက်လို့ရှိရင် အရင်တုန်းက လိုတစ်မျိုး မလိုတစ်မျိုးတွေ ဖြစ်နေတာ။ လိုရင်လည်း သူက ခင်ချင်တာ ပြောချင်နေတာ၊ အဲ့ဒါကြီးက ဇောတွေ။ မခင်ရင်လည်း သူများတွေကိုိုရှောင်ချင်တာ၊ မတွေ့ချင်တာ၊ မတတ်သာလို့ဆိုတဲ့ ဟာတွေက ကျပ်နေတာ ကိုယ့်ထဲမှာ။ ခင်ချင်ရင်လည်း ကျပ်တာပဲ။ မပြောချင်တာလည်း ကျပ်တာပဲ ကိုယ့်ထဲမှာ။ လောဘလည်း ကျပ်တာ၊ ဒေါသလည်း ကျပ်နေတာပဲ။ အဲ့ဒါတွေ အကုန်ပျောက်သွားတယ်။ တော်တော် အေးချမ်းတာပဲ။ အဲ့လိုတွေ စခံစားရတာ။ ဓမ္မရဲ့ တန်ဖိုးက ကိုယ်တိုင်ခံစားရတာ။ ပါးစပ်ပြောနဲ့ မဟုတ်ဘူး။ ဘွဲ့တွေနဲ့ မဟုတ်ဘူး။
ပစ္စုပ္ပန်သည် ကမ္ဘာတစ်ခုလုံးကို သိရာရောက်သည်
ကျွန်တော် အထူးပြောချင်တာက ပစ္စုပ္ပန်သိတာနဲ့ တစ်လောကလုံး သိတာ ဖြစ်ပါသည်။ တစ်လောကလုံးက AI ခေါက်စရာမလိုဘူး ကိုယ့်ဟာကိုယ် ဉာဏ်နဲ့ အကုန်နားလည်သွားတာ။ ဤသည်မှာ လောကတွင် AI တွေ၊ Generative AI တွေ၊ Agentic AI တွေ အစုံစုံပဲ ပေါ်နေတဲ့ ခေတ်မှာ မြတ်စွာဘုရားရဲ့ ဒီလိုအသိဉာဏ်ပညာတွေ ဒီပစ္စုပ္ပန်ဆိုတဲ့ဟာတစ်ခုကို ကောင်းကောင်းမွန်မွန် မသိရင် လူသားတွေ ပျက်စီးသွားမှာ ဆိုတဲ့ ကျွန်တော်၏ အမြင်ဖြစ်ပါသည်။
မဇ္ဈိမပဋိပဒါနှင့် ပစ္စုပ္ပန်
ဒီပစ္စုပ္ပန်တည့်တည့်ရှု ဆိုတာက ခုနကပြောသလို အစွန်းနှစ်ပါးနဲ့ မဇ္ဈိမပဋိပဒါ ဖြစ်ပါသည်။ ကျွန်တော်က ဒီလောကအကြောင်းလေးကိုပဲ အစွန်းနှစ်ပါးကနေ မဇ္ဈိမပဋိပဒါဆိုတဲ့ ဒီဟာလေးတစ်ခုကို နားလည်ရင်ကို တော်တော်လေး ဟုတ်နေပြီ ဘဝထဲမှာ။ အတိုင်းနဲ့အလွန်ပဲ၊ ဒီကမ္ဘာမှာရှိတဲ့ အရာအားလုံးထက် သာတယ်။
ပညာဆိုတာက ဒီအစွန်းနှစ်ပါးကနေ လွတ်အောင်မြင်မှ ပညာ။ တကယ်ကို ကျွန်တော် သဘောပေါက်တာ။ ကျွန်တော်တို့က စဉ်းစားပြီ။ ဒါကို တန်ဖိုးကြီးအောင် ကျွန်တော် ဘယ်လိုပြရမလဲ ဆိုတဲ့ နောက်တစ်ခု ထပ်စဉ်းစားနေပြီ။ ကျွန်တော်တို့ကတော့ ကြီးမှန်းသိတယ်။ ဒါပေမယ့် ဟိုဘက်က လူတွေက မမြင်သာဘူး ဖြစ်နေတာ ဒီဟာလေးတစ်ခုကို။
ပစ္စုပ္ပန်သည် သမာဓိမဟုတ်
အများကြီး အရေးကြီးတဲ့အချက်တစ်ခုက ပစ္စုပ္ပန်သိတာက သမာဓိမဟုတ်ဘူး ဆိုတာပါ။ ပြောရင် လေပေါတယ်ပဲ ထင်တယ်။ သူက ဒီအားထုတ်လိုက်ရမှ၊ အားထုတ်ပြီးတော့ သူက တစ်ခုခုကို မြင်ရင်ကို သဘောက ကျနေတာ။ ဒါ သမာဓိအစွမ်းပဲ ဖြစ်တယ်။ နိမိတ်တွေ မြင်ရင် မြင်မယ်ပေါ့နော်။ အကြောင်းကြောင်းကြောင့်။
အဲ့တော့ ရုပ်တွေ နာမ်တွေ တကယ်မြင်ပြီး ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးဆို အလွန်ကောင်းပါတယ်။ မြတ်စွာဘုရား လက်ထက်တောင်မှ သာမန်လူတွေမှာ ဘယ်နှဦး ဖြစ်ခဲ့လဲ။ ဟိုလိုပြုလို့ ပြောတာ မဟုတ်ဘူး။ ကိုယ်လည်း ဖြည့်ဆည်းသင့်သလောက် ဖြည့်ဆည်းရမယ်။ ဒါပေမယ့် ဘဝနေနည်းက ကျွန်တော်တို့ဘဝမှာ ပိုအရေးကြီးနေတယ်။ ဒီနေနည်းသိလာရင် ဒီထွက်မြောက်နည်းလည်း ရလာမှာ ဖြစ်ပါတယ်။
Buddhism ကို အမြင်ပေါင်းစုံဖြင့် သင်ကြားခြင်း
ကျွန်တော်က Buddhism ကို in the dimension of morality, merit, demerit ပေါ့။ ကုသိုလ် အကုသိုလ်ကလည်း Buddha ရဲ့ Teaching ကို အစအဆုံး တင်ပြနိုင်တယ်။ A to Z ပဲ။ အဲ့ဒီ ကုသိုလ် အကုသိုလ် ရှုထောင့်ကလည်း ပွဲပြီးသွားတာပဲ။ ဒီ Buddhism ကို in the dimension of morality, concentration and wisdom သီလ၊ သမာဓိ၊ ပညာ Dimension ကဖြင့်လည်း အကုန်ပြီးသွားတာပဲ။
အဲ့တော့ ဒီ Buddhism ကိုပဲ ရှေ့စိတ် ဖြစ်ပျက် နောက်စိတ် မဂ်။ ရှေ့စိတ် နောက်စိတ် Dimension က ပြီးရင်လည်း ပွဲပြီးသွားတာပဲ။ အခု Buddhism ကို “ ပစ္စုပ္ပန်တည့်တည့်ရှု” ။ ဒီ ပစ္စုပ္ပန်တည့်တည့် ဆိုတဲ့ Dimension က ပြီးရင်လည်း ပြီးသွားပြီ။ ကိုယ်က တစ်ခုခုနဲ့ ပိုင်ရင် ရသွားပြီ။
ဂျပန်က ကားတွေ အမျိုးမျိုး ထုတ်ထားမယ်။ ပုံစံကို မျိုးစုံ ထုတ်တယ်။ ကိုယ်နှစ်သက်တာ စီးပေါ့။ တစ်နေရာကနေ တစ်နေရာ Transport ရောက်သွားရင် ပြီးသွားတာပဲ။ ကျွန်တော်တို့က အခုက အကုန်လိုက် ဟို ကားတွေကို အကုန်လိုက် ဝယ်စီးနေတာလား။ တရားကျ သူက အကုန်လိုက် သိချင်တာ အကုန်လုံးက။ အဲ့ဒါနဲ့ကို ဟို ကားရွေးရင်းနဲ့ ပြီးသွားသလိုပဲ ကျွန်တော်တို့က ဘယ်မှ မရောက်လိုက်ဘူး။
ပစ္စုပ္ပန်နှင့် ပဋိစ္စသမုပ္ပါဒ်
ပဋိစ္စသမုပ္ပါဒ်လည်နေတယ်။ ဘာလို့လဲ။ သတိမရှိလို့ “ ငါစားတယ်” ဖြစ်နေတာကိုး။ သတိရှိရင် ရုပ်နာမ်တွေပေါ်တယ်လို့သိလိုက်လို့ရှိရင် ရပ်သွားတယ်။ ဤသည်မှာ ပစ္စုပ္ပန်တည့်တည့်ရှုနှင့် ပဋိစ္စသမုပ္ပါဒ်၏ ဆက်နွယ်မှု ဖြစ်ပါသည်။
ပဋိစ္စသမုပ္ပါဒ်ကို ကြည့်လို့ရှိရင် ရုပ်နာမ်တွေက အနတ္တဆိုတာ အနတ္တလက္ခဏာ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာ။ ဒါ ငြင်းဖွယ်မရှိဘူး။ ရုပ်နာမ်တွေရဲ့ အနတ္တကတော့ ဒီ ပဋိစ္စသမုပ္ပါဒ်မှာ အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်ဆိုတဲ့ ထဲမှာ ပါဝင်တယ်။ ဒါက ဘယ်သူမှ ဖန်ဆင်းရှင်၊ တန်ခိုးရှင်နဲ့ လုပ်ခဲ့တာမဟုတ်ဘူး။ ရုပ်ဆိုတဲ့၊ နာမ်ဆိုတဲ့ တရားတွေဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရားတွေ၊ အာရုံ၊ ဒွါရ တိုက်တဲ့ အကြောင်းတရားတွေကြောင့် ဖြစ်ခဲ့ကြတာဆိုတာ ဒါ အနတ္တသဘောပဲ။
နိဗ္ဗာန်နှင့် ပစ္စုပ္ပန်
နိဗ္ဗာန်ဆိုတာ ဘာလဲ။ နိဗ္ဗာန်ဆိုတာ အကြောင်းချုပ်လို့ အကျိုးချုပ်သွားတာ နိဗ္ဗာန်ပဲ။ ဒါ ပဋိစ္စသမုပ္ပါဒ်မှာ သမုဒယသစ္စာနဲ့ နိရောဓသစ္စာကိုပဲ ဟောခဲ့တာ။ အကြောင်းချုပ်ရင် အကျိုးချုပ်တယ်။ ဒါက နိဗ္ဗာန်ပဲလေ။ ကျွန်တော်တို့က ဒီ ပဋိစ္စသမုပ္ပါဒ်မှာ အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်၊ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်ကို သေချာစဉ်းစားဖို့ကောင်းတယ်။ ဒါ သမုဒယသစ္စာနဲ့ နိရောဓသစ္စာကို ဟောကြားခဲ့တယ်။ နိရောဓသစ္စာဆိုတာ နိဗ္ဗာန်ပဲ။ နိဗ္ဗာန်ဆိုတာ အကြောင်းချုပ်လို့ အကျိုးချုပ်သွားတာပဲ။ အဲ့ဒါ အနတ္တပဲ။
နိဂုံး – သတိသည်သာ ကိုးကွယ်ရာ
ဝိပဿနာအားထုတ်တာဆိုတာ သတိတည်ထောင်တာပဲ။ သတိကို ဘာနဲ့တည်ထောင်လဲ။ ဝီရိယနဲ့တည်ထောင်တယ်။ ဘာလို့သတိကို တည်ထောင်ရတာတုန်း။ ဆိုတော့ သတိက ကိုယ့်ကို စောင့်ရှောက်တယ်။
သေခါနီးမှာ ပူပန်မှုတွေ၊ ကြောင့်ကြမှုတွေမဖြစ်အောင် ဘယ်သူကပဲ စောင့်ရှောက်မှာလဲ။ သတိ။ သတိကပဲ စောင့်ရှောက်တာ။ မျက်စိမှိတ်ပြီးတော့ ဝင်လေထွက်လေ ကိုယ်အားထုတ်ခဲ့တဲ့ သတိသာလှည့်လိုက်။ အဲ့ဒီသတိလေးနဲ့သာသေ။ အဲ့ဒီသတိက ဘာသတိလဲ။ ကုသိုလ်တရား။ အဲ့ဒီသတိကြောင့် သုဂတိအနေနဲ့ နတ်ပြည်မှာ သောတပန်ဖြစ်သွားနိုင်တယ်။
ကိုယ့်ရဲ့သားတွေ၊ သမီးတွေ၊ ဆွေမျိုးသားချင်းတွေ၊ ပိုက်ဆံတွေ၊ ဆရာဝန်တွေ၊ ကိုယ့်ရဲ့ကိုးကွယ်ရာအထဲက တစ်ခုမှမဟုတ်ဘူး။ အဲ့တော့ သတိသည်သာ ကိုးကွယ်ရာ၊ အားထားရာ၊ မှီခိုရာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘာလုပ်ရလဲ။ သတိပဲ တည်ထောင်ရမယ်။
ပိုက်ဆံတွေကိုလည်း ရှာကြပါ။ သတိကိုလည်း ရှာပါ။ ပိုက်ဆံတွေကို အချိန်အများကြီးပေးရှာသလို သတိကိုတော့ တစ်နေ့တော့ နာရီဝက် တစ်နာရီလောက်တော့ ကြိုးစားပြီး ရှာကြပါ။
ဒီဘဝမှာပဲ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ ဆိုတာ ဆုတောင်း၊ အမြဲတမ်းဆုတောင်း။ ဦးချလိုက်တာနဲ့ အဲ့ဒါကြီးကို ဆုတောင်း။ အဲ့ဒီသတိကို အမြဲတမ်းထား။
ကိလေသာဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်၊ ဝဋ်ဒုက္ခခပ်သိမ်း သံသရာမီးတောက်ကြီး အပြီးတိုင်ငြိမ်းနိုင်ကြတဲ့ ပုဂ္ဂိုလ်များဖြစ်ကြပါစေကုန်သတည်း။
သာဓု သာဓု သာဓု။
Dr. Soe Lwin (Mandalay)
