တတိယတစ်ခု သတိပြု

တတိယတစ်ခု သတိပြု – ဝိပဿနာ၏ နှလုံးသား

ကျွန်တော် ဒီနေ့ ရှင်းပြချင်တာက တတိယတစ်ခု သတိပြု ဆိုတဲ့ လက်တွေ့ကျတဲ့ ဝိပဿနာနည်းလမ်းပါ။ ဒါဟာ လယ်တီဆရာတော်ဘုရားကြီးရဲ့ မှန်ကြည့်တဲ့ ဥပမာကို အခြေခံပြီး ကျွန်တော်က ပြန်လည်တင်ပြတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သာမန်လူတိုင်း နားလည်နိုင်ဖို့ ပီပြင်အောင် သင်ကြားပေးထားတာ ဖြစ်ပါတယ်။

တတိယတစ်ခု ဆိုတာ ဘာလဲ

တတိယတစ်ခု ဆိုတာ အကြောင်းတရားတွေ (ဥပမာ – အာရုံနဲ့ ဒွါရ၊ ဒါမှမဟုတ် အရာဝတ္ထုနှစ်ခုတို့) တိုက်ဆိုင်ထိခတ်လို့ အသစ်ဖြစ်ပေါ်လာတဲ့ အကျိုးတရား ကို ဆိုလိုတာပါ။ ဒီအကျိုးတရားဆိုတာ ပထမဆုံး အသစ်ဖြစ်ပေါ်လာတဲ့ အသိစိတ် (ဝိညာဉ်) ဒါမှမဟုတ် အဲဒီအသိစိတ်က သိလိုက်တဲ့ ပရမတ်သဘောတရား (ဥပမာ – ထိမှုသဘော၊ အရသာသဘော) ပါပဲ။ အကြောင်းတရားတွေ ပြည့်စုံရင် အကျိုးတရားက မဖြစ်ပေါ်ချင်လို့ မရပါဘူး။ မှန်ရှေ့မှာ လူသွားရပ်ရင် မှန်ပေါ်မှာ လူ့ပုံရိပ် မပေါ်ချင်လို့ မရသလိုပါပဲ။

ဥပမာအားဖြင့် ခြေထောက် (အကြောင်း ၁) နဲ့ ကြမ်း (အကြောင်း ၂) တို့ တိုက်ဆိုင်ထိခတ်တဲ့အခါမှာ ထိမှုသဘော (မာတာ၊ ပျော့တာ၊ နွေးတာ၊ အေးတာ စတဲ့ မြေဓာတ်၊ တေဇောဓာတ် ပရမတ်သဘော) ဆိုတဲ့ အကျိုးတရား (တတိယတစ်ခု) အသစ်ပေါ်လာတယ်။ အဲဒီတတိယတစ်ခုဖြစ်တဲ့ ထိမှုသဘောသက်သက် ကိုပဲ ကွက်ကွက်လေး၊ ကွက်ကျားလေး မိအောင်၊ focus မိအောင် သိလိုက်ပါ။ ဒီလို သိနိုင်ဖို့ သမာဓိ အထိုက်အလျောက် လိုပါတယ်။

အဲဒီလို ထိမှုသက်သက်ကို သိလိုက်တဲ့အခါမှာ ပညတ် တွေဖြစ်တဲ့ “ ခြေထောက်” (အကြောင်း ၁) နဲ့ “ ကြမ်း” (အကြောင်း ၂) ဆိုတဲ့ အတွေးတွေ၊ အမှတ်သညာတွေဟာ စိတ်ထဲမှာ ပျောက်ကွယ်သွားပါလိမ့်မယ်။ ကျန်ခဲ့တာက ပရမတ်သဘောဖြစ်တဲ့ ထိမှုသက်သက်ပါပဲ။ ခြေထောက်လည်းပျောက်၊ ကြမ်းလည်းပျောက်၊ ထိတဲ့ ပရမတ်သဘောလေးပဲ သိ။ ဒါဟာ ရှေ့စိတ် ဖြစ်တဲ့ ကာယဝိညာဉ် ကို နောက်စိတ် (သတိ) က ပညတ်မပါဘဲ မိအောင် ဖမ်းလိုက်တာပါပဲ။ ထိတဲ့သဘောလေးက ရုပ်၊ အဲဒါကို သိလိုက်တာလေးက နာမ်။ ဖြစ်ခိုက် ရုပ်နာမ် တစ်စုံကို ဖမ်းမိနေတာပါ။

မှန်ကြည့်တဲ့ ဥပမာ – အနတ္တသဘောကို မြင်ရခြင်း

လယ်တီဆရာတော်ဘုရားကြီးက ပဋိစ္စသမုပ္ပါဒဒီပနီ မှာ မှန်ကြည့်တဲ့ ဥပမာကို တင်ပြထားပါတယ်။ မိမိသည် မှန် နှင့် တည့်ခြင်းဟူသော အကြောင်း ရှိလျှင် ပုံရိပ် ပေါ်ခြင်းအကျိုးသည် သူ့သဘောသူဆောင် ဖြစ်ပေါ်၏။ မှန်နှင့်အကြောင်းကင်းကလည်း ပုံရိပ်သည် အကြွင်းအကျန်မရှိ ချုပ်ပျက်၏။ နောက်တစ်ခါ မှန်ပြန်၍ကြည့်ပါက ပုံရိပ်သည် အသစ်ထပ်ပေါ်၏။ ယခင်ပုံရိပ်အဟောင်း ပြန်ပေါ်ခြင်း မဟုတ်ပါ။ ပုံရိပ်သည် မှန်ကြည့်သူလည်းမဟုတ်သလို မှန်သားပြင်လည်းမဟုတ်ပါ။ တတိယတစ်ခု အသစ်ပေါ်ခြင်းသာ ဖြစ်ပါသည်။

ဒီဥပမာက အနတ္တသဘော ကို ရှင်းရှင်းလင်းလင်း မြင်အောင် နားလည်စေပါတယ်။ မှန်သားနှင့် မျက်နှာဆိုင်မှုဟူသော စွဲရာပျက်ခဲ့လျှင် ကွယ်ပျောက်၏ ဟု ပဋိစ္စသမုပ္ပါဒဒီပနီတွင် ဖတ်ရှုမှတ်သားရပါသည်။ အကြောင်းနှစ်ခု တိုက်ဆိုင်တဲ့အခါ ရုပ်နာမ် တွေ ပေါ်လာတာ သိရပါတယ်။ အနတ္တသဘောကိုလည်း ရှင်းရှင်းလင်းလင်း မြင်အောင် နားလည်ခဲ့ရတာမို့ ကျွန်တော့်သင်ကြားမှုမှာ အကျိုးသက်ရောက်မှု များလှပါတယ်။

နားနဲ့အသံ – ကြားစိတ်၏ သဘောတရား

ကျွန်တော် အခု အသံပြောလိုက်ရင် နား နဲ့ အသံ တိုက်တဲ့အခါကျတော့ သောတဝိညာဉ် (ကြားစိတ်) လေး ပေါ်တယ်။ ကြားကြားသွားတယ်။ ကြားစိတ်လေး။ အဲဒီကြားတာလေးက စောလည်းပေါ်လို့ မရဘူး။ နောက်ကျလည်း ပေါ်လို့ မရဘူး။ အကြောင်းတိုက်ဆိုင်တုန်း ပေါ်ပြီး အကြောင်းကင်းတာနဲ့ ချုပ်သွားတာ။ တတိယတစ်ခုပဲ။ နားလည်းပျောက်၊ အသံလည်းပျောက်၊ ကြားတဲ့သဘောလေးပဲ သိနေရင် “ ငါကြားတယ်” ၊ “ သူကြားတယ်” မရှိတော့ဘူး။

ကြားတဲ့သဘောလေးပဲ သိနေရင် “ သူပြောလို့ ငါကြားတယ်” ဆိုတဲ့ အစွန်းနှစ်ဖက်လွတ်သွား တယ်။ ငါလည်းမရှိဘူး၊ သူလည်းမရှိဘူး၊ အာရုံနဲ့စိတ် ပဲရှိတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်က ပဋ္ဌာန်း ထဲက အာရမ္မဏပစ္စယော ကို သဘောကျတယ်။ အာရုံရှိမှ စိတ်ဖြစ်တာပါ။

ဥပမာ ရထားဥသြဆွဲသံ “ တူ” လို့ ကြားရင် “ တူ” ဆိုတာ အသံ ပဲ။ အဲဒီ “ အသံ” လို့ သိရင် တတိယတစ်ခု မှန်တယ်။ အဲဒါကိုပဲ “ ရထားကြီး ဥသြဆွဲသံကြီး” ဆိုရင်တော့ အဲဒါ သွားပြီ။ ဟိုဘက် ရောက်သွားပြီ။ ပညတ်ဘက် ရောက်သွားပြီ။ တတိယတစ်ခု မမိတော့ဘူး။ “ အသံ” လို့ သိရင် တတိယတစ်ခု ရတယ်။ “ ကြားရင် ဘာလဲ – အသံပဲ” ဆိုတာ တတိယတစ်ခု ရတယ်။

မျက်စိနဲ့အဆင်း – မြင်စိတ်၏ သဘောတရား

အခု မျက်ိ နဲ့ အဆင်း နဲ့ တိုက်တယ်၊ မှန်နဲ့ ကိုယ်နဲ့ ကြည့်ပြီ။ နှစ်ခုတိုက်လိုက်လို့ရှိရင် ဘာလေး ပေါ်သွားလဲ။ ပုံရိပ်လေး ပေါ်သွားတာ။ ပုံရိပ်ဆိုတာ အရောင် ပါပဲ။ အခု ရေကြည့်ရင် မျက်စိက ရေမမြင်ဘူး။ ကြည်တာလေး ပဲ မြင်တာ။ မြင်စိတ်က ဘာပဲ မြင်တာလဲ။ ကြည်တာလေးပဲ မြင်တာ။ အဲဒီတော့ မျက်စိက (၁) ဆိုရင်၊ ရေက (၂)။ နှစ်ခုတိုက်လို့ “ ကြည်တာလေးပဲ မြင်တာ” က (၃)။ အဲဒါ တတိယတစ်ခု သတိပြု

“ ကြည်တာလေး” လို့ မြင်လိုက်ရင် အဲဒါ တတိယတစ်ခု။ “ နွားနို့” မမြင်ရဘူး။ “ ဖြူတာလေးပဲ မြင်တယ်” လို့ သိရင် ဘာဖြစ်သွားလဲ။ တတိယတစ်ခု သတိပြုသွားတယ်။ ဒီဝိညာဏ်သိ ကို ရောက်တယ်။ ဝိညာဏ်က ဖြူတာလေးပဲ မြင်တယ်။ နွားနို့မသိဘူး။ နွားနို့လို့ သိလိုက်တာနဲ့ ဘယ်ရောက်သွားပြီလဲ။ အတိတ် ရောက်သွားပြီ။ နွားနို့ဆိုတာ အတိတ် ပဲ။

ပစ္စုပ္ပန်တည့်တည့်ရှု – ရှေ့စိတ်နဲ့ နောက်စိတ်

အဲဒီတော့ “ ဖြူတာ မြင်လိုက်တာ” နဲ့ မြင်ပြီးမှ ဘာဖြစ်သွားလဲ။ “ နွားနို့” လို့ သိတာ နောက်စိတ်။ နောက်စိတ် ရောက်လိုက်တာနဲ့ ဘာဖြစ်နေလဲ။ “ ကြိုက်တယ်” ၊ “ မကြိုက်ဘူး” ဖြစ်လာတယ်။ အဲဒီတော့မှ ကျွန်တော်တို့က အခု မျက်စိက မြင်ရင် အတိတ် လည်း မြင်လို့ မရဘူး၊ အနာဂတ် လည်း မြင်လို့ မရဘူး။ အခု မြင်တာ ဘာတုန်း။ ပစ္စုပ္ပန်။ အမလေး တတိယတစ်ခုနဲ့ ခေါ်ရတာ။

အခု ကြားလို့ရှိရင်လည်း ကြားစိတ်လေးက အတိတ်လည်း ကြားလို့ မရဘူး၊ အနာဂတ်လည်း ကြားလို့ မရဘူး။ အခု ကြားတာ ဘာတုန်း။ ပစ္စုပ္ပန်။ အနံ့တစ်ခု ရှူကြည့်။ အဲဒီ အနံ့ခိုက်လေးက ပစ္စုပ္ပန်။ စောပြီးလည်း မနံဘူး၊ နောက်ကျမှလည်း မနံဘူး။

လက်တွေ့မှာ ရေကိုကြည့်လျှင် ကြည်တာမြင်တာ ရှေ့စိတ်၊ ရေလို့သိတာ နောက်စိတ် ပါ။ ကြည်တာမြင်တာ ရှေ့စိတ်က ပစ္စုပ္ပန် ဖြစ်သော်လည်း နောက်စိတ်က ရေလို့ သိလိုက်သည်နှင့် အတိတ် ပြန်ပါသည်။ ရေဟု သိခြင်းသည် အတိတ်က မှတ်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်စိတ်က သတိဖြင့် ရှေ့စိတ် သိသည့်အတိုင်း သိနိုင်လျှင် ပစ္စုပ္ပန်တည့်တည့်ကို သိမြင်နိုင် ပါသည်။

ထိမှုသိမှု – စွန်းလွန်းဆရာတော်၏ လမ်းကြောင်း

စွန်းလွန်းဆရာတော်ဘုရားကြီးတို့၊ ဝေဘူဆရာတော်ဘုရားကြီးတို့က “ ထိမှုသိမှုထိုနှစ်ခု ကြပ်ကြပ်သတိပြု” ရင်းနဲ့ ရဟန္တာ ကြီးတွေ ဖြစ်သွားတယ်။ ကျွန်တော်တို့က ထိတာသိတာလေးလောက်ကျလည်း နားမလည်ဘူး။ ထိတာကရုပ်၊ သိတာကနာမ်။ ဒီရုပ်နဲ့နာမ်လေးတွေက ထိမှုသိမှုလေးတွေက အကြောင်းတိုက်ဆိုင်ရင် ဖြစ်တယ်၊ အကြောင်းကင်းရင် ချုပ်သွားတယ်။ ဘာမှ ငါ့ဟာငါ့ဥစ္စာလို့ သိမ်းပိုက်လို့ မရဘူး။

ဝင်လေထွက်လေမှာလည်း ထိမှုသိမှုလေးတွေ၊ တိုးမှုတွန်းမှုလေးတွေပဲ။ တိုးမှုတွန်းမှုက ရုပ်၊ သိတာက နာမ်။ ထိတာသိတယ်ဆိုတာ ထိမှုလေးက ရုပ်၊ သိတာက နာမ်။ လမ်းလျှောက်လည်း ခြေထောက်နဲ့ကြမ်း နှစ်ခုတိုက်ဆိုင်ရင် ထိမှုဖြစ်တယ်။ လွတ်လိုက်တာနဲ့ ထိမှု မရှိတော့ဘူး။

ဒီဟာလေးကို ကြပ်ကြပ်သတိပြုလိုက်တာနဲ့ ရဟန္တာကြီးတွေ ဖြစ်သွားတာပဲ။ ရှေ့စိတ် ပြီး နောက်စိတ် ကနေ သတိ အမြဲလိုက်နေလို့။ ခြေထောက်နဲ့ကြမ်းနဲ့ထိတဲ့ ကာယဝိညာဏ် လေး ပေါ်တာက ရှေ့စိတ်။ အဲဒါကို သတိပြုမိတာက နောက်စိတ်။ အဲဒီအထဲမှာ မိုးကုတ်ဆရာတော်ဘုရားကြီးပြောသလို ကိလေသာ ကြားမခိုနဲ့။ ထိ၊ သိ၊ သတိ။ ထိသိက ကာယဝိညာဉ်။ သတိပြုမိတာက နောက်စိတ်။ ထိသိက ရှေ့စိတ်။ သတိလိုက်တာက နောက်စိတ်။ အဲဒီလို သတိလိုက်နေလို့ရှိရင် ဉာဏ် ထဲမှာ တဖြည်းဖြည်း ပေါ်လွင်ထင်ရှားသွားမှာပါ။

အနိစ္စ နဲ့ အနတ္တ – တစ်ခါတည်းပေါ်ခြင်း

“ ဆရာ၊ အနိစ္စ နဲ့အနတ္တ ဘယ်သူအရင်လာလဲ” လို့ တချို့ကလဲ ကြံကြံဖန်ဖန်မေးကြတယ်။ နားနဲ့အသံနဲ့ အကြောင်းတိုက်ဆိုင်ရင် မပေါ်ချင်လို့ကို မရဘူး။ နားနဲ့အသံနဲ့တိုက်လိုက်တာနဲ့ ကြားစိတ်ကပေါ်တာပဲ။ မပေါ်ချင်လို့ မရတာ အနတ္တ။ နားနဲ့အသံနဲ့အကြောင်းကင်းသွားတာနဲ့ ချုပ်ပေျာက်သွားတာက အနိစ္စ။ အဲဒီတော့ အနတ္တက အရင်လာတယ်။ အကြောင်းတိုက်ဆိုင်ပြီး ဖြစ်တာက အနတ္တအကြောင်းကင်းလို့ ချုပ်ပျောက်သွားတာက အနိစ္စ

တတိယတစ်ခု သတိပြုဆိုတာကို နားလည်လိုက်တာနဲ့ အနိစ္စ နဲ့အနတ္တ လက္ခဏာက တစ်ခါတည်းပေါ်သွားပြီ။ အကြောင်းတိုက်ဆိုင်ရင် ပေါ်လာတာက အနတ္တ။ အကြောင်းကင်းလို့ ချုပ်ပျောက်သွားတာက အနိစ္စ။

ခြေထောက်နဲ့ကြမ်းနဲ့ တိုက်ကြည့်ပါလား။ ထိတာကို မပေါ်ချင်လို့ကို မရဘူး။ ကျွန်တော်တို့ ဘာမှအစိုးမရဘူး။ ဒါအနတ္တပဲ။ လွှတ်လိုက်တာနဲ့ မာမှုလေး ချုပ်ပျောက်သွားတာက အနိစ္စ။ ဒီဟာတွေ မြင်တဲ့အတွက် ကျွန်တော်တို့က ဘာမှမမြဲပါလား၊ ငါ့အလိုတိုင်းလည်း ဘာမှမဖြစ်ပါလား၊ ငါ့အတ္တ မဟုတ်ဘူး၊ အနတ္တ။ ဘာမှမမြဲတဲ့အတွက် အနိစ္စ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီအပေါ်မှာ ဘယ်အရာမှ “ ငါ” လို့ ဆွဲယူလို့ မရတော့ဘူး။ အစွဲပြုတ်သွားတယ်

တရားလုပ်ခြင်း – အစွဲပြုတ်ဖို့

တရားလုပ်တယ်ဆိုတာ အစွဲပြုတ်ဖို့ ပဲ။ အစွဲပြုတ်သွားတာက ဝိပဿနာဉာဏ် နဲ့ တဒင်္ဂပြုတ်မယ်။ မဂ်ဉာဏ် နဲ့ အပြီးပြုတ်မယ်။ အစွဲပြုတ်သွားရင် ဘာဖြစ်တုန်း။ လွတ်မြောက်သွားတာကိလေသာ တွေကနေ လွတ်မြောက်သွားမှာဖြစ်ပါတယ်။

တတိယတစ်ခုကို သတိပြုမှ တရားလမ်းကြောင်းပေါ် ရောက် ကြောင်း သိရပါတယ်။ တရားအားထုတ်တဲ့အခါ အရေးကြီးတဲ့အခြေခံ ဉာဏ်နှစ်ပါးကိုလဲ သင်ပေးခဲ့ပါတယ်။ တရားအားထုတ်ရင် သတိသမ္ပဇဉ် အားကောင်းဖို့ အရေးကြီးမှန်းလည်း ကျွန်တော် သင်ပေးခဲ့ပါတယ်။

လက်တွေ့ကျင့်စဉ် – စင်္ကြန်လျှောက်ခြင်း

စင်္ကြန်လျှောက်ကြည့်ပါ။ ကျွန်တော်က စင်္ကြန်လည်းလျှောက်တယ်။ စင်္ကြန်လျှောက်ရင် ခြေထောက်လေး နဲ့ကြမ်းလေး နဲ့ထိတဲ့အခါပေါ်လာတဲ့ တတိယတစ်ခု ကို သတိပြုရမယ်။ ခြေထောက်လေး တစ်လှမ်းပြီးတစ်လှမ်း ထိတာလေးပေါ်မှာပဲ သတိပြုနေလိုက်။

တချို့က ကြာကြာထိုင်ရင် မရဘူး။ ကိုယ်က အဲဒီလို အလေ့အကျင့်လည်း မရှိဘူး။ အဲလိုဆို စင်္ကြန်လျှောက်ရင် ရတယ်။ ကိုယ်က တကယ်လို့ စင်္ကြန်လျှောက်နိုင်တယ်ဆိုရင် အန္တရာယ်ကင်းတဲ့ နေရာလေးမှာ ခပ်တိုတို အဝေးကြီးလည်း မဟုတ်ဘူး၊ ဖြည်းဖြည်းလေး စင်္ကြန်လျှောက်ကြည့်ပါ။ ထိတာသိတာလေး ကိုပဲ နှလုံးသွင်းတာ။ နောက်ကျ လမ်းလျှောက်လိုက်တာနဲ့ အဲဒီထိတာသိတာကြီးက ပေါ်နေတာပဲ။ အဲဒီလို ဖြစ်သွားမှာပါ။

ရှေ့စိတ်နဲ့ နောက်စိတ် – ဝိပဿနာ၏ တည်နေရာ

ပြောတော့သာ ရှေ့စိတ်ကို နောက်စိတ်နဲ့ ကပ်ပြီးလိုက်ရမယ် ဆိုပေမယ့် လက်တွေ့မှာ ရှေ့စိတ်က အရမ်းမြန် တော့ မိအောင်ဖမ်းဖို့ မလွယ်လှပါဘူး။ ဒါကြောင့် ဒီရှေ့စိတ် (ပရမတ်) ကို လက်တွေ့မှာ လွယ်လွယ်ကူကူ မိအောင်ဖမ်းနိုင်ဖို့အတွက် ကျွန်တော်က “ တတိယတစ်ခု သတိပြု၊ ပစ္စုပ္ပန် တည့်တည့်ရှု” ဆိုတဲ့ လက်တွေ့ကျတဲ့ နည်းလမ်းလေးနဲ့လည်း သင်ကြားပေးပါတယ်။

ဝိပဿနာတရား၊ ဉာဏ်ပညာ ဆိုတာ အဲဒီရှေ့စိတ် (ပရမတ်) လေး ဖြစ်ချုပ်ပြီး နောက်စိတ် မှာ ပညတ် မဝင်ခင် ကြားလေး မှာပဲ ရှိပါတယ်။ အဲဒီပညတ်မဝင်ခင်လေး သိ နဲ့ နောက်စိတ်မှာ ကပ်ပြီး လိုက်နိုင်မှ၊ ရှေ့စိတ်ရဲ့ ပရမတ်သဘော (ဥပမာ – အသံသက်သက်၊ အဆင်းအရောင်သက်သက်) ကို နောက်စိတ်က သတိနဲ့ မိအောင် ဖမ်းနိုင်မှ ဝိပဿနာဉာဏ် စတင်ဖြစ်ပေါ်နိုင် မှာပါ။

နောက်စိတ်မှာ ပညတ်တွေဖြစ်တဲ့ ခွေးသံ၊ လက်ခုပ်သံ၊ ရေ၊ နွားနို့၊ ဓာတ်ဗူး စတဲ့ အတွေးတွေ ဝင်လာပြီဆိုရင်တော့ ဝိပဿနာနဲ့ လွဲချော်သွားပါပြီ။ ဒါကြောင့် ဝိပဿနာအားထုတ်ရင် ရှေ့စိတ်နောက်စိတ်ကို ခွဲခြားနိုင်ဖို့ရှေ့စိတ်ကို နောက်စိတ်က သတိနဲ့ ကပ်လိုက်ပြီး သိနိုင်ဖို့ အလွန့်အလွန် အရေးကြီးပါတယ်။

နိဂုံး – ကိလေသာလျော့ခြင်း နိဗ္ဗာန်ဖြစ်ခြင်း

ရှေ့စိတ်က အရှိတရား ကို သိမြင်ပြီး ရှေ့စိတ်ပရမတ် နဲ့ နောက်စိတ်ပညတ် ကို ဆက်စပ်နားလည်တတ်လာရင်၊ အာရုံနဲ့စိတ် အကြောင်းအကျိုး သဘောတရား တွေပဲလို့ သိပြီး၊ ပုဂ္ဂိုလ် သတ္တဝါ “ ငါ” “ သူ” လို့ တကယ် မယူတော့ပါဘူး။ သုံးရုံပဲသုံးပြီး မစွဲတော့ပါဘူး။ အဲလို အစွဲတွေလျော့ရင် လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာ တွေ လျော့လာပါတယ်။ ကိလေသာ နည်းနည်းလျော့ရင် နည်းနည်းနိဗ္ဗာန် ပါ။ များများလျော့ရင် များများနိဗ္ဗာန်ကိလေသာ လုံးဝမရှိတော့ရင် အပြီးနိဗ္ဗာန် ပါ။

တတိယတစ်ခု သတိပြုဆိုတာ ဗုဒ္ဓဘာသာ၏ အခြေခံ အနတ္တဝါဒ ကို လက်တွေ့ကျင့်သုံးတဲ့ နည်းလမ်းပါ။ အကြောင်းနဲ့အကျိုး ပဲ။ တစ်လောကလုံးမှာ အကြောင်းကင်းပြီး ဘယ်အကျိုးတရားမှ မရှိဘူး။ အဲဒါကို အခြေခံအားဖြင့် ကံ၊ ကံ၏အကျိုး လို့ ခေါ်တယ်။ ဒီကံ၊ ကံ၏အကျိုး ကို ယုံကြည်မှ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်တာ။ တတိယတစ်ခု သတိပြုခြင်းဟာ ဒီအမှန်တရားကို ကိုယ်တိုင် ထိတွေ့သိမြင်စေမဲ့ လမ်းကြောင်းပါပဲ။

Dr. Soe Lwin (Mandalay)

မှတ်ချက်ရေးပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်