ဆင်းရဲချမ်းသာ – ဝေဒနာ

ဆင်းရဲချမ်းသာ၏ အမှန်တရား – ဝေဒနာ

လောကကြီးတွင် လူတိုင်းက ချမ်းသာချင်ကြသည်။ ဆင်းရဲခြင်းမှ လွတ်ချင်ကြသည်။ သို့သော် ချမ်းသာဆိုတာ တကယ်တမ်း ဘာလဲ ဆိုတာကို အမှန်အတိုင်း နားလည်သူ နည်းပါးလှသည်။ ကျွန်တော်တို့ ပုထုဇဥ်သတ္တဝါတို့သည် ချမ်းသာဆိုတာကို ပိုက်ဆံ၊ အိမ်ခြံမြေ၊ ဂုဏ်အသရေ၊ ချစ်သူခင်သူ စသည့် အရာများနှင့် ချိတ်ဆက်ထားကြသည်။ “ ပိုက်ဆံများရင် ချမ်းသာမယ်” ၊ “ ကောင်းတဲ့အိမ်ကြီးရှိရင် ချမ်းသာမယ်” ၊ “ ချစ်သူနဲ့တွေ့ရင် ချမ်းသာမယ်” ဟု အမြဲတမ်း ထင်မှတ်နေကြသည်။ ဤသို့ ထင်မှတ်နေခြင်းမှာ အဝိဇ္ဇာရဲ့သဘောပင်ဟု ဆိုရမည်။

ဘဏ်စာအုပ်ထဲက ဂဏန်းများ

ကျွန်တော် အရင်တုန်းက ပြောဖူးသည်။ လူတွေက ဘဏ်စာအုပ်ထဲမှာ ကြည့်လိုက်ရင် ဂဏန်းတွေပဲတွေ့နေတာ။ အဲဒီဂဏန်းတွေကို ပိုက်ဆံလို့ထင်တာက အဝိဇ္ဇာရဲ့သဘောပဲ။ လက်တွေ့ဘဝမှာ ပြောတာပါ။ ဂဏန်းများကို ကြည့်ပြီး စိတ်ထဲမှာ ချမ်းသာတယ်လို့ ခံစားရသည်။ သို့သော် ထိုဂဏန်းများသည် ပိုက်ဆံမဟုတ်ပါ။ ထိုဂဏန်းများကို မြင်သောအခါ စိတ်ထဲမှာ ပေါ်လာသော အာရုံတစ်ခု သာဖြစ်သည်။ ထိုအာရုံကို မြင်လိုက်သောအခါ စိတ်ထဲတွင် သုခဝေဒနာ ပေါ်ပေါက်လာခြင်းကြောင့် “ ငါချမ်းသာတယ်” ဟု ထင်မှတ်လိုက်ခြင်းသာ ဖြစ်သည်။

ချမ်းသာဆိုတာ ဝေဒနာပါ

ဒီတော့ ချမ်းသာဆိုတာ “ ဝေဒနာ” လို့ အမှန်သိရမယ်။ ချမ်းသာကို “ ဝေဒနာ” လို့ အမှန်သိရင်၊ အဲဒီဝေဒနာလည်း ပစ္စုပ္ပန်မှာပဲရတယ်။ ပစ္စုပ္ပန်ကိုမသိလို့ ဝေဒနာကို တကယ်မတွေ့တာပါ။ ကျွန်တော်တို့သည် အတိတ်ကို ပြန်သတိရပြီး “ အရင်တုန်းက ငါချမ်းသာခဲ့တယ်” ဟု အောက်မေ့နေကြသည်။ အနာဂတ်ကို မျှော်လင့်ပြီး “ ဒီလိုလုပ်ရင် နောက်မှ ချမ်းသာမယ်” ဟု အိပ်မက်မက်နေကြသည်။ သို့သော် ချမ်းသာဆိုတာ ပစ္စုပ္ပန်မှာပဲ ခံစားရတာ ဖြစ်သည်။ ပစ္စုပ္ပန်မှာ ဝေဒနာမဖြစ်ဘဲ ဘယ်တော့မှ ချမ်းသာတယ်လို့ မခံစားနိုင်ပါ။

ရေခဲသေတ္တာမှသည် တစ်လောကလုံးသို့

ဝေဒနာတွေ့ဖို့ဆိုတာလည်း တော်တော်တော့ခက်တယ်။ ဒီဝေဒနာကို ဘယ်လိုတွေ့လဲဆိုတော့ တစ်ရက်မှာ ညကိုးနာရီလောက် ဗိုက်လေးဆာလို့ ရေခဲသေတ္တာလေးသွားဖွင့်ကြည့်တယ်။ မုန့်တွေသွားရွေးတယ်။ စိတ်ကတော့ “ မုန့်ရွေးတယ်” ပေါ့။ ဒါပေမဲ့ အကြောင်းတရားပြည့်စုံလာတဲ့အချိန်မှာ “ ဪ ငါမုန့်ရွေးတာမဟုတ်ဘူး၊ ဝေဒနာရွေးနေပါလား” လို့ စပြီးတော့ ဝေဒနာ dimension (ရှုထောင့်) တစ်ခုက စပြီးမြင်လာတယ်။

“ ဘာစားရင်ကောင်းမလဲ” ဆိုတာ ကောင်းတာကိုရွေးတာပါ။ ဒီတော့မှ “ မုန့်ရွေးနေတာမဟုတ်ဘူး၊ မုန့်ကပေးတဲ့ဝေဒနာကို ရွေးနေပါလား” လို့ အမှန်တစ်ခုကို စမြင်သွားတာပါ၊ ပစ္စုပ္ပန်တည့်တည့်မှာပဲမြင်သွားတာ။ “ မုန့်ရွေးတာမဟုတ်ဘူး၊ ဝေဒနာရွေးနေပါလား” လို့လည်းသိရော၊ အဲဒီရေခဲသေတ္တာတံခါး မပိတ်ရသေးဘူး၊ ဝေဒနာနဲ့ပတ်သက်တာတွေ သိသွားတယ်။ ဉာဏ်ဖြစ်တယ်ဆိုတာ ဒါပါပဲ

ပထမဆုံး စက္ခုံ ဥဒပါဒိ ဆိုတာ အမှန်တရားတစ်ခုကို သတိပြုမိသွားပြီ။ သတိကြောင့် ဉာဏံ ဥဒပါဒိ ဉာဏ်ဖြစ်သွားပြီ၊ ဖောက်သွားပြီ၊ ဖောက်ထွင်းမြင်သွားပြီ။ “ ဪ မုန့်ကိုကြိုက်တာမဟုတ်ဘူး၊ မုန့်ကပေးတဲ့ဝေဒနာကို ကြိုက်တာ။ ရုပ်ရှင်ကြိုက်တာမဟုတ်ဘူး၊ ရုပ်ရှင်ကပေးတဲ့ဝေဒနာကို ကြိုက်တာ။ အေးတာလေးကိုကြိုက်တာမဟုတ်ဘူး၊ အေးတာကပေးတဲ့ဝေဒနာကို ကြိုက်တာ။ သူနဲ့တွေ့ချင်တာမဟုတ်ဘူး၊ သူနဲ့တွေ့ရင်ဖြစ်တဲ့ ဝေဒနာကိုကြိုက်တာ။” ဟာ… လောကကြီးမှာ ဝေဒနာသည်တွေချည်းပါလားလို့။ တစ်လောကလုံးက ဝေဒနာသည်တွေပဲ

ဖဿပစ္စယာ ဝေဒနာ – အကြောင်းအရင်းရှာခြင်း

မြတ်စွာဘုရားရှင်သည် very systematic ပဲတဲ့။ အသေးစိတ် cause ဆိုတာ လိုက်ရှာတယ်။ ရောဂါတွေဖြစ်လို့ရှိရင် ဘာ့ကြောင့်ဖြစ်တယ်ဆိုတာကို ရှာရတာပဲ။ ဘယ်အရာမဆို investigation လုပ်ရတယ်။ စုံစမ်းမှုတွေ လုပ်ရတယ်။ အကြောင်းအရင်းကို ရှာရတယ်။ ဘုရားက အဲဒီ ချမ်းသာဆင်းရဲက မိမိလုပ်တာလည်း မဟုတ်ဘူး။ သူတစ်ပါးလုပ်တာလည်း မဟုတ်ဘူး။ ဘာကလုပ်တာလဲဆိုတော့ အဲဒီအာရုံနဲ့ ထိတွေ့မှု ဖဿဆိုတဲ့ အကြောင်းတရားကြောင့် ဝေဒနာဆိုတဲ့ အကျိုးတရား ဖြစ်နေတာတဲ့။

ဆင်းရဲချမ်းသာဆိုတာ ဝေဒနာ ကောက်တာ။ အဲဒီ ဝေဒနာဆိုတာက အာရုံနဲ့ ထိတွေ့မှုဆိုတဲ့ ဖဿ၊ ထိတွေ့မှု မရှိဘဲနဲ့ မဖြစ်ဘူးတဲ့။ အကြောင်းအရင်းကို ရှာပေးတာ။ ကျွန်တော်တို့ကကျတော့ ဘယ်လိုသိလဲ။ “ မင်း ငါ့ရှေ့က ထွက်သွားစမ်း။ မင်းနဲ့နေရတာတောင်မှ” ဆို ငါတို့က ဘာသွားပယ်လဲ။ ပုဂ္ဂိုလ်ကြီး သွားသွားပယ်တယ်။ ကျွန်တော်တို့က အကြောင်းရင်း မသိဘူး။ အကြောင်းအရင်းကို မသိဘူး။

ခြောက်ဌာန – ဝေဒနာ၏ အစစ်အမှန်

ရဟန်းတို့ ဝေဒနာအပေါင်းတို့သည် ဤခြောက်ပါးတို့တည်း။ မျက်စိအတွေ့ကြောင့်ဖြစ်သော ဝေဒနာ၊ နားအတွေ့ကြောင့်ဖြစ်သော ဝေဒနာ၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ဝေဒနာ၊ လျှာအတွေ့ကြောင့်ဖြစ်သော ဝေဒနာ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော ဝေဒနာ၊ စိတ်အတွေ့ကြောင့်ဖြစ်သော ဝေဒနာတို့တည်း။ ရဟန်းတို့ ဤသည်ကို ဝေဒနာဟုဆိုအပ်၏။ ဖဿဖြစ်ပေါ်ခြင်းကြောင့် ဝေဒနာဖြစ်ပေါ်၏။ ဖဿချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏

ဝေဒနာကိုစွဲ၍ဖြစ်ပေါ်လာသော ကိုယ်၏ချမ်းသာမှု၊ စိတ်၏ချမ်းသာမှုသည် ဝေဒနာ၏သာယာဖွယ်မည်၏။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောသည် ဝေဒနာ၏အပြစ်မည်၏။ ဝေဒနာ၌ လိုချင်စွဲမက်မှု ဆန္ဒရာဂကိုဖျောက်ခြင်း၊ လိုချင်စွဲမက်မှု ဆန္ဒရာဂကိုပယ်ခြင်းသည် ဝေဒနာမှထွက်မြောက်မှုမည်၏

အာရုံ၊ သညာ၊ ပညာ

ကျွန်တော်တို့က ဆင်းရဲချမ်းသာဆိုတာ အာရုံတစ်ခုကို အာရုံပြုနေရသေးတာ။ အာရုံပြုရတာကို သူအာရုံပြုတယ်လို့မသိဘူး။ အာရုံလို့သူမသိဘူး။ ဘာလို့သိတာလဲ။ တကယ့်တိုက်ကြီးတွေ ဒြပ်ကြီးတွေ ပုဂ္ဂိုလ်တွေ အဲဒီလိုသိသွားသိတယ် သူက။ အာရုံလို့မသိဘူး။ အာရုံကြောင့် ဒီဘက်ကစိတ်တွေဖြစ်တယ်လို့ သူမသိဘူး

လောကအမြင်နောက်ကွယ်က ဓမ္မအမြင်မကပ်တော့ ဘီလူးမကို မြင်တော့လည်း သူက နတ်သမီးလိုပဲ နှလုံးသွင်းတာပဲ။ နတ်သမီးအနေနဲ့ ထိတွေ့ပြီးတော့ ဝေဒနာလည်း ကောင်းလေစွ ဆိုပြီး ဝေဒနာလုပ်တော့ စေတနာနဲ့ အားထုတ်တော့ ဘီလူးမစာ ဖြစ်ရောပေါ့။ သေရောပေါ့။ ပညာမရှိတဲ့လူကတော့ သညာသိနဲ့ပဲ နှလုံးသွင်းလိုက်တာ၊ ဘီလူးမကို နတ်သမီးအနေနဲ့ပဲ သူစိတ်ထဲမှာ ဖဿ (Phassa)  ပေါ် ပြီး   နှလုံးသွင်းလိုက်တာ။

သို့သော် ဓမ္မအမြင် ပညာပါလာတော့ အရိပ်မထွက်ဘူး လို့ ဓမ္မအမြင်လည်း ကပ်လာရော နှလုံးသွင်းတဲ့အခါကျတော့ ဘီလူးမ အနေနဲ့ ဖဿက ထိတွေ့တယ်။ ဘီလူးမ အနေနဲ့လည်း ထိတွေ့ရော ဝေဒနာ မကောင်းတော့ဘူး။ ဝေဒနာ မကောင်းတော့ စေတနာက ပြေး ပြေး ပြေး ဆိုပြီး ဉာဏ်က စေ့ဆော်တော့ ဝီရိယနဲ့ အားထုတ်တော့ အသက်ဘေးက လွတ်သွားတာပေါ့

ပညာဖြင့် အမှန်သိခြင်း

ကျွန်တော် အခု နားလည်သလောက် ပညာပေါ့နော်။ အရင်တုန်းက ကျွန်တော် စာတွေ အများကြီး သင်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော် ဒီလောက် မသိခဲ့ဘူး။ အခု အဲဒါတွေ ကျွန်တော် သိပ်လည်း မသင်တော့ဘူး။ သိပ်လည်း မပြောတော့ဘူး။ ဒီနားလေးပဲ Focus ထားပြီးတော့ လောဘ ဒေါသ မောဟနဲ့ပေါ့နော်။ ဒီစေတနာနဲ့ပေါ့နော်။ ဒီမြင်ခိုက် ကြားခိုက် ပစ္စုပ္ပန်လေးကို နောက်ပိုင်းကျ တအားပြောတယ်။

လုပ်တိုင်းက ဘာပါလဲ။ စေတနာ ပါမယ်။ ဆင်းရဲချမ်းသာက ဝေဒနာပေါ် မူတည်တယ်။။ ပိုက်ဆံလည်း မဟုတ်ဘူး၊ လူလည်း မဟုတ်ဘူး။ ဒါဆို ရပြီ။ ဒီဟာတစ်ခုကို သိတာနဲ့ ပွဲက ပြီးပြီ။ မော်တော်ကားကြီး မောင်းရင် အင်ဂျင် မမြင်ရပေမယ့် ဘီးကြီး လည်နေတာ အင်ဂျင်ကြောင့် လည်တာ။ စဉ်းစားတိုင်းက အဲဒီအတိုင်းပဲ။ ဒါ အမှန်တရားပဲ၊ အမှန်သိနေတာ။

လောကအမြင်နှင့် ဓမ္မအမြင်

လောကအနေနဲ့ကတော့ မြင်တာတော့ နတ်သမီးအနေနဲ့ မြင်မယ်။ အရိပ်မထွက်ဘူး လို့ ဓမ္မအမြင်လည်း ကပ်လာရော နှလုံးသွင်းတဲ့အခါကျတော့ ဘီလူးမ အနေနဲ့ ဖဿက ထိတွေ့တယ်။ လောကအမြင်နောက်က ဓမ္မအမြင်လိုက်ရင် ဘဝထဲမှာ အေးအေးချမ်းချမ်း ပျော်ပျော်ပါးပါး နေလို့ရတယ်။ လောကအမြင်နောက်ကွယ်က ဓမ္မအမြင် မလိုက်နိုင်ရင် ဘဝထဲမှာ ပြဿနာတွေနဲ့ ကြုံတွေ့နေကြရဦးမှာပဲ

ဒီတော့ ခင်ဗျားတို့ သိရမည်မှာ ဆင်းရဲချမ်းသာဆိုတာ ဝေဒနာပဲ ဖြစ်သည်။ ထိုဝေဒနာသည် ဖဿပစ္စယာ အာရုံနှင့်ထိတွေ့မှုကြောင့်သာ ဖြစ်ပေါ်သည်။ ပုဂ္ဂိုလ်သတ္တဝါ လုပ်တာမဟုတ်ပါ။ ဓမ္မနဲ့ ဖြစ်တာပါ။ ပရမတ်နယ်မှာ ဘယ်ပုဂ္ဂိုလ်သတ္တဝါမှ မရှိဘူး။ အကြောင်းအကျိုးတရားများသာ ရှိသည်။ ဤအမှန်တရားကို သတိဝီရိယသမာဓိ အားကောင်းလာရင် ပိုင်ပိုင်နိုင်နိုင်မြင်သွားတယ်။ ဗဟုသုတအနေနဲ့ သညာနဲ့ စသိပြီ။ ကိုယ်တိုင် ကျင့်လာလျှင် ပညာနဲ့ တကယ်မြင်လာလိမ့်မည်။ ဒီလောက်ဆိုရင် တော်ပြီ။ ဘုရားကျေးဇူး တအားကြီးတယ်။

Dr. Soe Lwin (Mandalay)

မှတ်ချက်ရေးပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်