ဉာဏ်ကောင်းအောင် ဘယ်လိုသတိထားရမလဲ

ဉာဏ်ကောင်းအောင် သတိထားခြင်း

ကျွန်တော် မကြာခဏ ပြောလေ့ရှိပါတယ် – “ ကံကောင်းအောင် စေတနာထားပါ၊ ဉာဏ်ကောင်းအောင် သတိထားပါ” လို့။ ဒီစကားလုံးနှစ်ခုက ကျွန်တော့်အဖေ ဆုပေးတဲ့အခါ ပြောလေ့ရှိခဲ့ပါတယ်။ “ ကံလည်းကောင်းပါစေ၊ ဉာဏ်လည်းကောင်းပါစေ” လို့ပါ။ ဒါပေမဲ့ အဲဒီနောက်ကွယ်က အဓိပ္ပာယ်နက်နဲမှုကို ကျွန်တော်က ၁၉၉၀ ခုနှစ်မှာမှ အပြည့်အဝ သဘောပေါက်ခဲ့ရပါတယ်။ ကံကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတော့ စေတနာထားရတာပါ။ ဉာဏ်ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတော့ သတိထားရတာပါ။ ဒီအချက်နှစ်ခုက ဓမ္မလမ်းတစ်ခုလုံးရဲ့ အခြေခံ အချက်အခြာကျတဲ့ သဘောတရားတွေ ဖြစ်ပါတယ်။

ကံနဲ့ဉာဏ် ခြားနားချက်ကို နားလည်ခြင်း

ကျွန်တော်တို့ ဘဝမှာ ချမ်းသာနှစ်မျိုး ရှိပါတယ်။ ဝေဒနာချမ်းသာနဲ့ ဉာဏ်ချမ်းသာပါ။ ဝေဒနာချမ်းသာဆိုတာ ကံကြောင့်ဖြစ်တဲ့ ချမ်းသာပါ။ ကိုယ့်မှာ ကောင်းတဲ့ကံတွေ ပါလာလို့ရှိရင် ငါးထပ်တိုက်ကြီးမှာ နေရတယ်၊ ပိုးဖဲကတီ ဝတ်ရတယ်၊ အိမ်ဆွမ်းပင့်ခံရတယ်။ ဒါတွေက အမှီချမ်းသာပါ။ အာရုံကို မှီနေရတဲ့ ချမ်းသာပါ။ ဒါပေမဲ့ ဘုရားရှင် ပေးလိုတဲ့ ချမ်းသာက ဝေဒနာချမ်းသာ မဟုတ်ပါဘူး။ ဘုရားရှင်က ကိုယ့်ကံကို လုပ်ပေးလို့ မရပါဘူး။ သူ့ကံနဲ့သူ လာတာပါ။ သူ့အကြောင်းနဲ့ သူ့အကျိုးပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘုရားရှင် ပေးတာက ဉာဏ်ချမ်းသာပါ။ ဒီဉာဏ်ချမ်းသာဟာ ဝေဒနာချမ်းသာထက် သာလွန်ပါတယ်။ ဉာဏ်ချမ်းသာက အမှီကင်းတဲ့ချမ်းသာပါ။ ကံကပေးတဲ့ ကောင်းတဲ့ဝေဒနာဖြစ်ဖြစ်၊ ဆိုးတဲ့ဝေဒနာဖြစ်ဖြစ်၊ နောက်လိုက်သတိရှိရင် ဝေဒနာကျော်တဲ့ ဉာဏ်ချမ်းသာ ရပါတယ်။ ကိလေသာလွတ်မြောက်တဲ့ ချမ်းသာပါ။ ဒီဉာဏ်ချမ်းသာကြောင့် ခန္ဓာငြိမ်းတဲ့ချမ်းသာ၊ နိဗ္ဗာန်ရောက်တဲ့ချမ်းသာလည်း ရပါတယ်။

ရှေ့စိတ်နဲ့နောက်စိတ် – သတိရဲ့အခန်းကဏ္ဍ

ကျွန်တော် အမြဲပြောတာက “ ရှေ့စိတ်နောက်စိတ်” ဆိုတဲ့ သဘောတရားပါ။ ဒီသဘောတရားကို နားလည်မှ သတိဘယ်လို ထားရမယ်ဆိုတာ သိနိုင်ပါတယ်။ ဥပမာ – မျက်စိက မြင်တယ်၊ ဒါက ရှေ့စိတ်ပါ။ ခွေးလို့သိတာက နောက်စိတ်ပါ။ နားက ကြားတယ် – ရှေ့စိတ်၊ မနောက ငှက်သံလို့သိတယ် – နောက်စိတ်။ နှာခေါင်းက နံတယ် – ရှေ့စိတ်၊ မနောက နံတယ်လို့သိတယ် – နောက်စိတ်။ လျှာက စားတယ် – ရှေ့စိတ်၊ မနောက သိတယ် – နောက်စိတ်။ ကိုယ်က ထိတယ် – ရှေ့စိတ်၊ မနောက သိတယ် – နောက်စိတ်။ ရှေ့မနောက ကြံတယ် – ရှေ့စိတ်၊ နောက်မနောက သိတယ် – နောက်စိတ်။

ဝိပဿနာဆိုတာ ရှေ့စိတ်ပြီးနောက်စိတ်မှာ သတိရှိဖို့သာ လိုရင်းဖြစ်ပါတယ်။ ရှေ့စိတ်မှာ ဝေဒနာ ပေါ်တယ်။ နောက်စိတ်မှာ တဏှာ လိုက်မလား၊ သတိ လိုက်မလား – ဒီမှာပဲ ကံနဲ့ဉာဏ် ကွဲသွားတာပါ။ ဝေဒနာပစ္စယာ တဏှာဆိုရင် ကံတွေဖြစ်မယ်။ ဝေဒနာကြောင့် သတိဖြစ်မယ်ဆိုရင် ဉာဏ်တွေဖြစ်မယ်။ ဒါကြောင့် ဝေဒနာနောက်မှာ ကံနဲ့ဉာဏ် နှစ်ခုလုံး ရှိနေပါတယ်။

စေတနာက ကံ၊ သတိက ဉာဏ်

ကျွန်တော် ရှင်းပြချင်တာက ရှေ့စိတ်က စေတနာက ကံ၊ နောက်စိတ်က သတိက ဉာဏ် ဆိုတဲ့ သဘောတရားပါ။ ဥပမာ – ကျွန်တော်တို့ လက်နဲ့ ဖိလိုက်တယ်ဆိုပါစို့။ အဲဒီ “ ဖိတယ်” ဆိုတာ စေတနာက ဖိတာပါ။ ဘယ်သူက ဖိတာလဲ၊ စေတနာက ဖိတာပါ။ အဲဒီစေတနာက ကံကုသိုလ်ပါ။ ဒါပေမဲ့ နောက်စိတ်မှာ “ အဲ့ဒီဖိတာ စေတနာက ဖိတာပဲ” လို့ သတိနဲ့ အောက်မေ့လိုက်တာနဲ့ ဉာဏ်ကုသိုလ် ဖြစ်သွားပါတယ်။

ဒါ့ကြောင့် ကံကောင်းအောင် စေတနာထားပါ ဆိုတာ ကောင်းတဲ့စေတနာတွေ ထားရတာပါ။ ကူညီပေးကမ်းတဲ့စေတနာ၊ လှူဒါန်းတဲ့စေတနာ၊ သီလရှိတဲ့စေတနာ၊ ကရုဏာနဲ့ မေတ္တာ ထားတဲ့စေတနာတွေပါ။ ဒါတွေက ကံကုသိုလ်ပါ။ ဒီစေတနာကောင်းတွေကြောင့် နေရတဲ့ဘဝ ချမ်းသာပါတယ်။ နောက်ဘဝ နောက်ခန္ဓာတွေ ကောင်းပါတယ်။

ဒါပေမဲ့ ဉာဏ်ကောင်းအောင် သတိထားပါ ဆိုတာက နောက်ကွယ်က စေတနာကို အမှန်အတိုင်း သတိပြုနိုင်တာပါ။ စေတနာက ပေါ်လည်းပေါ်တယ်၊ ချုပ်လည်းချုပ်တယ်ဆိုတာ သိတာပါ။ စေတနာကို “ ငါ့စေတနာ၊ ငါက လုပ်တာ” လို့ လောဘနဲ့ သိမ်းပိုက်လို့ ကံကုသိုလ် ဖြစ်တာပါ။ သတိကြောင့် နောက်ကွယ်က စေတနာရဲ့ ဖြစ်ပေါ်ချုပ်ပျက်တာကို အမှန်မြင်ရင် ဉာဏ်ကုသိုလ် ဖြစ်ပါတယ်။ ဒီဉာဏ်ကောင်းတွေကြောင့် ကိလေသာတွေ ငြိမ်းပြီး နိဗ္ဗာန်ရောက်တာပါ။

လက်တွေ့ဥပမာ – ကော်ဖီတိုက်ခြင်း

ကျွန်တော် ဥပမာတစ်ခု ပေးပါရစေ။ “ ကော်ဖီလေး သောက်ပါဦး” လို့ ဧည့်သည်ကို ပြောတယ်ဆိုပါစို့။ ကျွန်တော်တို့ ဧည့်သည်ကို ကော်ဖီတိုက်ဖူးပါတယ်။ ဒါပေမဲ့ ကော်ဖီတိုက်တဲ့အပေါ်မှာ အသိပညာ မဖြစ်ခဲ့ပါဘူး။ လူကို ကော်ဖီတိုက်ရင် ကုသိုလ်ရတယ် မထင်ပါ။ ဘုရားကို ကော်ဖီကပ်ရင်တော့ ကုသိုလ်ရတယ်လို့ သိပါတယ်။

အမှန်က ကော်ဖီကို လူကတိုက်တာ မဟုတ်၊ စေတနာကပါ။ ဘုရားကို ကပ်လှူတာလည်း စေတနာကပဲ လှူတာပါ။ “ ကော်ဖီသောက်ပါဦး” လို့ ပြောပြီးတာနဲ့ ကော်ဖီစေတနာက ပေါ်လည်းပေါ်တယ်၊ ချုပ်လည်းချုပ်တယ်။ “ ရေနွေးသောက်ပါဦး” လို့ ပြောပြီးတာနဲ့ ရေနွေးစေတနာက ပေါ်လည်းပေါ်တယ်၊ ချုပ်လည်းချုပ်တယ်။ “ မုန့်လေးစားပါဦး” လို့ ပြောပြီးတာနဲ့ မုန့်စေတနာက ပေါ်လည်းပေါ်တယ်၊ ချုပ်လည်းချုပ်ပါတယ်

စေတနာကို “ ငါ့စေတနာ၊ ငါက ကော်ဖီတိုက်တာ” လို့ လောဘနဲ့ သိမ်းပိုက်လို့ ကံကုသိုလ် ဖြစ်တာပါ။ သတိကြောင့် နောက်ကွယ်က စေတနာရဲ့ ဖြစ်ပေါ်ချုပ်ပျက်တာကို အမှန်မြင်ရင် ဉာဏ်ကုသိုလ် ဖြစ်ပါတယ်။ ဒါက လက်တွေ့ဘဝမှာ သတိဘယ်လို ထားရမယ်ဆိုတဲ့ ဥပမာပါပဲ။

တရားအားထုတ်တဲ့အခါ သတိထားပုံ

တရားအားထုတ်တယ်ဆိုတာ ရှေ့စိတ်မှာ ဖြစ်ပေါ်တဲ့ ဝေဒနာကို နောက်စိတ်က အမှန်အတိုင်း သတိပြုနေဖို့ပါပဲ။ အနာခံနိုင်အောင် ကျင့်နေတာ မဟုတ်ပါဘူး။ သတိပဌာန်ဖြစ်အောင် ကျင့်ရတာပါ။ တရားထိုင်တဲ့အခါ နာကျင်တဲ့ဝေဒနာ ပေါ်လာတယ်။ အဲဒီဝေဒနာကို အာရုံပြုလို့ ကုသိုလ်ဖြစ်ရင် နှလုံးသွင်း၊ အကုသိုလ်ဖြစ်ရင် နှလုံးမသွင်းနဲ့။ အဓိက ဆိုချင်တာကတော့ ကုသိုလ် အကုသိုလ်ဆိုတာ ကိုယ်က သတိရှိမှသိနိုင်လို့ သတိရှိဖို့သာ လိုရင်းပါပဲ။

ဒါကြောင့် နာရင်ပြောင်းရမှာလား ဆိုတာ မိမိရဲ့နှလုံးသွင်းပေါ်မှာ မူတည်ပြီး သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာတွေ၊ ကုသိုလ်တရားတွေ ဖြစ်မယ်ဆိုရင် နှလုံးသွင်းပါဒေါသတွေ၊ သောကတွေ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စတဲ့ အကုသိုလ်တရားတွေ ဖြစ်လာပြီဆိုရင်တော့ နှလုံးမသွင်းတော့နဲ့။ ပြောင်းမှပဲ ဖြစ်တော့မယ်ဆိုရင် ပြောင်းလိုက်ပါ။

သတိနဲ့ ဝဋ်သုံးပါး ဖြတ်ခြင်း

ကျွန်တော် အမြဲပြောတဲ့ ဝဋ်သုံးပါးဆိုတာ ဒီလိုပါ – မြင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်။ ကြားတယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်။ နံတယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်။ စားတယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်။ ထိတယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်။ ကြံတယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်။ စွဲလမ်းမှု ဥပါဒါန်ကို သတိဖြင့်သာ အစားထိုးဖယ်ရှားနိုင်ပါသည်

အိမ်နှစ်အိမ် ကွဲခြင်း – ဓမ္မာရုံနဲ့ ကိုယ်နေတဲ့အိမ်

ကျွန်တော် ပြောချင်တာက အိမ်နှစ်အိမ် ကွဲရမယ်ကိုယ်နေတဲ့အိမ်နဲ့ ဓမ္မာရုံကအိမ်နဲ့ နှစ်ခုကွဲရမယ်။ ကိုယ်ဘယ်မှာနေလဲဆိုတာ ဆင်ခြင်လိုက်တာက ဓမ္မာရုံမှာ အာရုံလေးတစ်ခုပြုရတယ်။ ကိုယ်ဘယ်မှာနေလဲဆို သိပ်မြန်နေလို့ စိတ်ကလည်း မြန်တယ်။ စိတ်ကလည်း တအားမြန်တယ်။ ကိုယ်ကလည်း သတိက မရှိဘူး။ ဒီလို သတိဆိုတာ မှန်စွာအောက်မေ့နိုင်တဲ့သတိ ထားမိတယ်။ သတိက ရိုးရိုးသတိမဟုတ်ဘူး။ ရိုးရိုးလှေကားထစ် မချော်လဲအောင်ထားရမယ့် သတိမျိုးမဟုတ်တော့ဘူး။ အခုအဆင့်မြင့်သွားပြီ။ မှန်စွာအောက်မေ့နိုင်တဲ့သတိ

ကိုယ်ဘယ်မှာနေလဲဆိုလို့ရှိရင် ကိုယ်က ဆင်ခြင်လိုက်တာ။ ဆင်ခြင်လိုက်တာဆိုတာ အာရုံပြုလိုက်တယ်။ ကိုယ်ဘယ်မှာနေတယ်ဆိုတာ အာရုံလည်းပြုရတယ်။ ဒါပေမဲ့ အာရုံဒီမှာပြုတာလည်း သူက မသိလိုက်ဘူး။ သတိက မရှိဘူး။ ကိုယ့်အထဲမှာ အာရုံပေါ်ရင် အာရုံပေါ်မှန်းသိသွားတာ။ အာရုံပေါ်ရင် အာရုံပေါ်မှန်းသိတယ်။ သူအာရုံပေါ်တာကို မသိသေးဘူး။ ဘာလို့ဆိုတော့ အဲဒီသတိမရှိလို့

သတိကို အဆင့်မြင့်အောင်ထူထောင်ရတာ။ နောက်က သတိ၊ ဝီရိယတွေနဲ့ သမာဓိတွေဖြစ်လာတယ်သမာဓိရှိလာမှ သမ္မာသတိ၊ ဒီသတိက အားကောင်းပြီး ချက်ချင်းသိတယ်။ ဒါကြောင့်မို့လို့ တရားအားထုတ်ရတာ။

တတိယတစ်ခု – ဝိညာဏ်သိ

ကျွန်တော် အရေးကြီးတဲ့ သဘောတရားတစ်ခု ပြောပါရစေ။ တတိယတစ်ခုဆိုတာပါ။ ကျွန်တော်တို့ ကံသုံးပါးဆိုတာ ရှိတယ် – ကာယကံ၊ ဝစီကံ၊ မနောကံ။ ဒါပေမဲ့ တတိယတစ်ခုဆိုတာ ဝိညာဏ်ပါ။ မျက်စိနဲ့ အဆင်းနဲ့ တိုက်လို့ မြင်တာကတော့ ဓမ္မအလိုပဲ။ ဓမ္မသဘောက မျက်စိနဲ့ အဆင်းနဲ့ တိုက်ရင် မြင်မှာပဲ။ ဒါပေမဲ့ အဲဒီမြင်တာကို သိတဲ့ စက္ခုဝိညာဏ် ဆိုတာ ရှိတယ်။ အဲဒါက တတိယတစ်ခုပါ။

လက်နဲ့ ဖယောင်းတိုင်ကို ဖိတယ်ဆိုပါစို့။ လက်က ၁၊ ဖယောင်းတိုင်က ၂ – ဒါက အကြောင်းတရားပါ။ ဒါပေမဲ့ အဲဒီမာတဲ့သဘောကို သိတဲ့ ကာယဝိညာဏ် ဆိုတာ ရှိတယ်။ အဲဒါက တတိယတစ်ခုပါ။ ဒီတတိယတစ်ခုကို သတိပြုကာ နေတတ်ပြီဆိုရင် ပစ္စုပ္ပန်တည့်သွားတာပါ။

လက်တွေ့မှာ တတိယတစ်ခုကို ကောက်တတ်လာတဲ့အခါမှာ မာတဲ့သဘော (ရုပ်) နဲ့ အဲဒါကိုသိတဲ့သဘော (နာမ်) လေးပဲရှိတယ် လို့ ဉာဏ်ထဲမှာ တဖြည်းဖြည်း ထင်ရှားပေါ်လွင်လာမှာ ဖြစ်ပါတယ်။ သိစရာနဲ့ သိတာပဲ ရှိတယ် လို့ ဒီလို ဉာဏ်ထဲမှာ ထင်ရှားလာပါတယ်။

သတိက ဉာဏ်သို့ ပို့ဆောင်ပေးခြင်း

သတိလေး စတင်ပြီး တည်ထောင်နိုင်ပြီဆိုရင် နောက်တစ်ဆင့် တက်ဖို့ လိုပါတယ်။ အဲဒါကတော့ အဲဒီသတိကို ဉာဏ်နဲ့ ယှဉ်ပြီး ရှုမှတ်ဖို့ပါပဲ။ သာမန် သတိထားရုံနဲ့ မပြီးသေးပါဘူး။ ဝိပဿနာဉာဏ် ဖြစ်ပေါ်လာဖို့အတွက် အသိအမြင် သဘောထား မှန်ကန်ဖို့ လိုပါတယ်။ အရာအားလုံးဟာ သဘာဝတရားတွေ၊ “ ငါ” မဟုတ်ဘူးလို့ စိတ်ထဲမှာ မှတ်ယူထားပြီး အားထုတ်ကြရမှာပါ။

ဝေဒနာက ရှေ့စိတ်၊ တဏှာက နောက်စိတ်။ နောက်စိတ်မှာ တဏှာအစား သတိဖြစ်ဖို့ ကြိုးစားရမှာပါ။ ရှေ့စိတ်နောက်စိတ်သိလိုက်တာနဲ့ သစ္စာလေးပါးသိပြီ။ ရှေ့စိတ်မှာ ပေါ်သွားတဲ့ ရုပ်နာမ်တွေက ဒုက္ခသစ္စာ၊ အဲဒါကို နောက်စိတ်က သတိနဲ့ သိလိုက်တာ မဂ္ဂသစ္စာ၊ တဏှာချုပ်သွားတာ သမုဒယသစ္စာ၊ တဏှာချုပ်လို့ နောက်ဘဝ နောက်ခန္ဓာတွေ မရတာ နိရောဓသစ္စာ။ ဒါကြောင့် ရှေ့စိတ်နောက်စိတ်နဲ့ သစ္စာလေးပါးပြီးသွားပြီ

ဉာဏ်နဲ့ ပညာ ခြားနားချက်

ဉာဏ်နဲ့ ပညာ ဘာကွာလဲဆိုရင် ဉာဏ်ကတော့ ထိုးထွင်းမြင်သွားတာ (penetrate)။ ထိုးထွင်းမြင်တာနဲ့ အပြားအားဖြင့် အကုန်သိသွားတာ။ ဖောက်ထွင်းတာနဲ့မြင်သွားတာပဲ။ မြင်သွားတာက ပညာဖောက်ထွင်းလိုက်တာ ဉာဏ်။ လက်တွေ့လုပ်ရင်လည်း ကိုယ်က အားထုတ်ရတယ်။ ဉာဏ်တစ်ခုနဲ့ ဖောက်ထွင်းသွားပြီဆိုရင် ပညာက ရသွားပြီ

ကိလေသာတွေက ကာယကံ၊ ဝစီကံနဲ့ဖြစ်တဲ့ ကိလေသာတွေ၊ မနောကံမှာဖြစ်တဲ့ ကိလေသာတွေ၊ စိတ်ထဲမှာ ကိန်းနေတဲ့ စိတ်ထဲ မပေါ်ပဲ အမြစ်လို တွယ်နေတဲ့ကိလေသာတွေပဲ ဖြစ်တယ်။ စိတ်ထဲ ပေါ်လာတဲ့ကိလေသာကို သမာဓိနဲ့ပယ်။ ဒီပညာဆိုတာ စိတ်ထဲမှာ အမြစ်လိုတွယ်နေတဲ့ ကိလေသာကို ပယ်ရတာ

လက်တွေ့လုပ်ငန်းစဉ်က ရှေ့စိတ်ပြီးနောက်စိတ်မှာ သတိနေဖို့၊ သတိရှိလိုက်တာနဲ့ ရှေ့စိတ်က ရုပ်တွေနာမ်တွေကို သိလိုက်တာနဲ့ အဝိဇ္ဇာပယ်၊ အဝိဇ္ဇာပယ်လိုက်တာနဲ့ နောက်စိတ်မှာ တဏှာက ချုပ်ပြီးသားပဲအဝိဇ္ဇာနဲ့ တဏှာ မူလနှစ်ဖြာပဲ

နိဂုံး – ဉာဏ်ကုသိုလ်သို့ တိုးတက်ခြင်း

ဉာဏ်ကုသိုလ်သို့ တိုးတက်ဖို့ရန် ဖန်ဖန်ဟောပြ လမ်းညွှန်ပြသူ အနေနဲ့ ကျွန်တော် ပြောချင်တာက ကံကောင်းအောင် စေတနာထားပါ၊ ဉာဏ်ကောင်းအောင် သတိထားပါ ဆိုတဲ့ ဒီစကားလုံးနှစ်ခုက ဓမ္မလမ်းတစ်ခုလုံးရဲ့ အနှစ်သာရပါပဲ။ ကံလည်းကောင်းပါစေ၊ ဉာဏ်လည်းကောင်းပါစေကံကြောင့်သံသရာလည်၊ ဉာဏ်ကြောင့်သံသရာပယ်ဥပါဒါန်ကြောင့်ကံ၊ သတိကြောင့်ဉာဏ်

သေမှာ မကြောက်နဲ့၊ သတိမရှိမှာသာ ကြောက်။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။ ဆေးသောက်ရင် ရောဂါပျောက်သလို ကုသိုလ်လုပ်ရင် အကုသိုလ်ကိုပယ်သည်။ ဘဝဟူသည် ကုသိုလ် – အကုသိုလ် တိုက်ပွဲသာဖြစ်သည်မဂ်ကုသိုလ်ဖြင့် အကုသိုလ်မှန်သမျှ ပယ်ပြီးသောအခါ ဘဝချုပ်ငြိမ်းပြီး နိဗ္ဗာန်ရောက်၏

ဒါကြောင့် ဉာဏ်မှာထင်သမျှ မြတ်ဓမ္မလည်း ပေးဝေငှမည်။ သံသရာရှည်သမျှ ဘေးဒုက္ခလည်း အေးစေရမည် ဆိုတဲ့ ကျွန်တော့်ရဲ့ ဆုတောင်းချက်နဲ့ နိဂုံးချုပ်ပါရစေ။

Dr. Soe Lwin (Mandalay)

မှတ်ချက်ရေးပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်